လက်နက်ကိုင်ပဋိပက္ခများပြားသော ရှမ်းပြည်နယ်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်၊ လူမျိုးရေးဆိုင်ရာပြဿနာများနှင့် ကချင်လူမျိုးတို့၏အခြေအနေအကြောင်း ရှမ်းပြည်နယ် ကချင်တိုင်းရင်းသားရေးရာဝန်ကြီး ဒူဝါတန်ဘောင်ဇုတ်ဒေါင် ကို ကချင်သတင်းဌာန KNG က ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ ဘယ်ချိန်မှစပြီး ကချင်ရေးရာဝန်ကြီးတာဝန် စယူခဲ့တယ်ဆိုတာပြောပေးပါ။
ဖြေ။ ။ ၂၀၁၀ မှာရွေးကောက်ပွဲဝင်ဖို့ အစီစဉ်လည်းမရှိဘူး။ ပြည်ခိုင်ဖြိုးပါတီဝင်လည်းမဟုတ်ဘူး။ ရိုးရိုးသာမန် အရပ်သားပဲ။ ၂၀၁၀ မှာ သူတို့ရွေးကောက်ပွဲလုပ်မယ်ဆိုပြီး ပြည်ခိုင်ဖြိုးပါတီက ကချင်တိုင်းရင်သားရေးရာဝန်ကြီး ဝင်ရောက်ယှဉ်ပြိုင်ဖို့ ခေါ်တဲ့အတွက် ဝင်ရောက်ယှဉ်ပြိုင်ရာကနေ ကချင်ရေးရာဝန်ကြီး တာဝန်စယူလာတာဖြစ်တယ်။
၂၀၁၅ မှာကျတော့ ပြည်ခိုင်ဖြိုးပါတီက ကျနော့်ကို ရေးရာဝန်ကြီးနေရာအတွက်ရွေးထားပြီ။ ဦးရွှေမန်းဥက္ကဌ ဖြစ်တဲ့ချိန်ကျတော့ ကျနော့ကိုမကြိုက်ဘူးဆိုပြီး ပြန်ဖြုတ်ချလိုက်တယ်။ ဖြုတ်ချလိုက်ရင်လည်းရပြီ ကျနော်ဝင်မပြိုင်တော့ဘူးဆိုပြီး ဆုံးဖြတ်လိုက်တယ်။
ဒါပေမဲ့ ရှမ်းပြည်နယ် ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့ကနေ သူတို့ဖြုတ်ချင်သလိုဖြုတ်လို့မရဘူး။ ဒါကျနော်တို့လူမျိုးတွေကို ဆော်ကားတာပဲဆိုပြီး မင်းပဲတာဝန်ထပ်ယူပါဆိုပြီး ရှမ်ပြည်ကချင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့က တာဝန်ထပ်ပေးတဲ့အတွက် ၂၀၁၅ မှာ တသီးပုဂ္ဂလနဲ့ပဲ ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာကနေ အခုထိ ရှမ်ပြည်ကချင်တိုင်းရင်းသားရေးရာဝန်ကြီး တာဝန်ထမ်းဆောင်နေတာ ဖြစ်တယ်။
မေး။ ။ တိုက်ပွဲတွေများတဲ့နေရာမှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဘယ်လောက်ထိ လုပ်နိုင်ခဲ့တယ်ဆိုတာ ပြောပြပေးပါ။
ဖြေ။ ။ ဦသိန်းစိန်အစိုးရလက်ထက်မှာ ကျနော်စာရေးပြီးတင်ပြခဲ့တယ်။ နှုတ်နဲ့လည်းပြောတာတွေရှိတယ်။ ဘာမှ အရးယူပေးတာ မရှိဘူး။ အခုလိုတိုက်ပွဲကြီးတွေဖြစ်နေတာက ဆွေးနွေးယူလို့မရတော့ဘူးလား။ တိုက်ပွဲနဲ့ပဲ ဖြေရှင်တော့မှာလား ဆိုပြီးပြောဆိုတင်ပြခဲ့တယ်။ ဘယ်လောက်ထိပြောလဲဆို ဒါမင်းတို့ လူမျိုးကြီးဝါဒကျင့်သုံးတယ်။ ကချင်တွေဝန်ထမ်းလုပ်ရင် ရာထူးမတိုးပေးဘူး၊ ဝန်ထမ်းမခန့်ချင်ဘူး၊ တိုင်းရင်းသူယူတဲ့ဗမာလူမျိုးတွေကိုတောင် ရာထူးမတိုးပေးဘူး၊ ဖိနှိပ်ချုပ်ချယ်ခွဲခြား ဆက်ဆံတယ်။ ဒီလောက်ခွဲခြားပြီးဆက်ဆံနေရင် ဘယ်လိုဖြစ်ပြီးငြိမ်းချမ်းရေး ရမှာလဲ။ အခုလိုပြန်လည်ထိုးစစ်ဆင်လာတာ ကျနော်တို့လုံးဝ ကန့်ကွက်တယ်ဆိုပြီး ပြောဆိုခဲ့တယ်။ ပြောပေမဲ့ ဒီနေ့ဒီချိန်ထိ ဘာမှအရေးမယူပေးခဲ့ဘူး။
မေး။ ။ အဲလိုတင်ပြခဲ့ပေမယ့် ဘာမှအရေးတယူလုပ်ပေးမှုမရှိတဲ့အပေါ် ဘယ်လိုခံစားရလဲ။ ရှေ့ဆက်ဘယ်လို လုပ်ဆောင်သွားဖို့ရှိလဲ။
ဖြေ။ ။ ကိုယ့်လူမျိုးတွေကို တိုးတက်ကြီးပွားစေလိုပါတယ်။ ငြိမ်းချမ်းရေးရစေလိုတယ်။ ခံစားမှုက မပြောတတ်အောင်ခံစားရတယ်။ တိုက်ပွဲကြောင့်ဘယ်လောက်ထိ ဆင်းရဲဒုက္ခရောက်နေတယ်ဆိုတာ မျက်မြင်ကိုယ်တွေ့ပဲ။
မေး။ ။ NLD အစိုးရသက်တမ်းမှာကျတော့ ဘယ်လိုစိန်ခေါ်မှု၊ ခက်ခဲမှုတွေရှိနေလဲ၊ အားရကျေနပ်မှုရှိလာ။
ဖြေ။ ။ ဒီအစိုးရလက်ထက်လည်း ဘာမှ အားရကျေနပ်မှု မရှိပါဘူး။ ပြည်ခိုင်ဖြိုးလည်း ဗမာပဲ၊ NLD လဲ ဗမာပဲ။ ဘာမှ လုပ်ပိုင်ခွင့်မရှိဘူး။ ကျနော်တို့ တတ်နိုင်သလောက် ထုခြေပြီး ပြောတယ်။ အခြေအနေဘာမှတိုးတက်မှု မရှိဘူး။ ဥပမာ ခုလက်ရှိ ကွတ်ခိုင်မှာဖြစ်တဲ့ ပြည်သူတွေတစ်သက်လုံး လုပ်ကိုင်စားသောက်ပြီး သီးနှံတွေစိုက်ထားတဲ့ခြံကိုသိမ်းပြီး အကွက်ရိုက်ပြီး ပြန်ရောင်းစားတယ်။ ကိုယ့်လူမျိုးတွေ တိုးတက်ဖို့ ဘာမှ မလုပ်ပေးနိုင်ဘူးပေါ့။
မေး။ ။ အစိုးရအနေနဲ့ ရေးရာဝန်ကြီးတစ်ဦးကို ဘယ်လောက်ထိ လုပ်ပိုင်ခွင့်ပေးထားလဲဆိုတဲ့အပိုင်းကိုလည်း သိချင်ပါတယ်။
ဖြေ။ ။ ဟိုလုပ်ပါ ဒါလုပ်ပါဆိုပြီး လုပ်ပိုင်ခွင့်ပေးထားတာတော့မရှိဘူး။ ရေးရာဝန်ကြီးတွေကိုဘတ်ဂျက် မပေးထားဘူး။ ရှိတဲ့နည်းနည်းကလည်း ရိုးရာပွဲဆိုတဲ့ဟာမျိုးတွေမှာသုံးတယ်။ ရှမ်းပြည်မှာဆို နှစ်တိုင်းလုပ်နေတာက ဘောလုံးပွဲကြီးတွေလုပ်ပေးတယ်။ မနောင်ပွဲလုပ်ပေးတယ်။ ကောက်သစ်စားပွဲတွေလုပ်တယ် ဒါမျိုးတွေပေါ့။
မေး။ ။ ရေးရာဝန်ကြီးတစ်ရောက်အနေနဲ့ ပြည်သူတွေရဲ့လိုအပ်ချက်တွေကို တောင်းပေးတယ်၊ ပြဿနာတွေကို ဖြေရှင်းပေးတယ်ဆိုတဲ့ထဲမှာဘယ်လောက်အတိုင်းတာထိ လုပ်နိုင်ခဲ့တယ်ဆိုတာလေးကိုပြောပြပေးပါ။
ဖြေ။ ။ လုပ်ခဲ့တဲ့ဟာတွေက အများကြီးပဲ။ ခုကျနော်ရဲ့စိတ်ထဲမှာတစ်ခုရှိတယ်။ တရုတ်တွေဆိုရင် ဘိုးဘွားတွေရဲ့ င်္သချိုင်တွေကို အုတ်ဂူတွေနဲ့လုပ်တယ်။ ဘယ်နေရာမှာနေရင် ဘယ်မှာမြုပ်တယ်။ ဒီနေရာတွေကျနော်တို့နေခဲ့တာဖြစ်တယ်။ ဘိုးဘွားတွေရဲ့သင်္ချိုင်မြေရှိတယ်ဆိုတဲ့အမှတ်အသားတွေရှိတယ်။
ခုကျနော်တို့ရှမ်းပြည်မှာဆို အခြားလူမျိူးတွေနှင့်အတူ နေထိုင်တဲ့အတွက် ဒီကချင်တွေ ရှမ်းပြည်မှာ နေထိုင်ခဲ့တာ ဘယ်လောက်ကြာပြီလဲဆိုပြီး မေးလာရင် ကျနော်တို့ ဘယ်လိုမှသက်သေမပြနိုင်ဘူး။ သက်သေပြနိုင်ဖို့ရန်အတွက် ဖြစ်နိုင်ရင် မနောတိုင်က ကျနော်တို့အတွက် အထိမ်းအမှတ်တစ်ခုဖြစ်တယ်။ ကျနော်တို့ကချင်တွေ နေထိုင်တဲ့နေရာတွေမှာ မနောတိုင် စိုက်ထူးထားစေချင်တယ်။ ရှမ်းပြည်မှာဆို မုံးကိုး၊ ကြူကုတ်ပန်ဆိုင်း၊ မုံးပေါ်၊ မူဆယ်၊ ကွတ်ခိုင်တွေမှာ မနောအက ကပြီးပြီး။ ခုလားရှိုးမှာလဲ ကချင်ရိုးရာယဉ်ကျေးမှု မနောကွင်းအတွက်မြေနေရာ ဧက ၁၀ ကိုတောင်းထားပြီးပါပြီ။ နောင်ကြီးလာမယ့် လူငယ်တွေဒါကိုကြည့်ပြီး ကျနော်တို့ ဘိုးဘွားတွေ နေထိုင်ခဲ့တဲ့ မြေနေရာတွေဖြစ်တယ်ဆိုတဲ့အမှတ်အသားတွေ ရှိစေချင်တယ်။
မေး။ ။ ဒီလိုလုပ်ဆောင်ရတဲ့အခါ ဘယ်လိုခက်ခဲမှုတွေရှိတယ်ဆိုတာကို ပြောပြပေးပါ။
ဖြေ။ ။ အခက်အခဲတွေတော့ အများကြီးရှိတယ်။ တစ်ခုရှိတာက မုံးကိုးမြို့ဟာ ကျနော်တို့ကိုယ်တိုင် ၁၉၆၅ ခုနှစ်မှာ တည်ခဲ့တဲ့ မြို့ဖြစ်တယ်။ မုံးကိုးမှာ မနောင်အက ကပြီးပြီး။ မနောင်တိုင်လည်း စိုက်ထူပြီးပြီ။ ယခုလက်ရှိဖြစ်နေတဲ့ပြဿနာက ကျနော်ကိုယ်တိုင် စိုက်ထူခဲ့တဲ့ မနောင်ကွင်းကို ပြန်တောင်းတယ်။ သူတို့မပေးချင်ဘူး။ အသိအမှတ်မပြုပေးချင်ဘူး။ အစိုးရက မြေနေရာတွေ မပေးချင်ဘူး။ ကျနော်တို့ ပိုင်ဆိုင်သွားမှာ သူတို့မလိုလားဘူး။
အခု ဘုရာကျောင်းဝင်းနှင့်ပတ်သက်ပြီး ကျနော် အတိုက်အခံအများကြီးလုပ်တယ်။ ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ ကျောင်းဆို နေရာတိုင်း မြို့တိုင်းမှာရှိတယ်။ အားလုံးအခွန်လွတ်ပဲ။ ကျနော်တို့ လူမျိုးတွေကျတော့ တစ်မြို့မှာမှ ဘုရားကျောင်းတစ်ကျောင်း နှစ်ကျောင်းလောက်ပဲရှိတယ်။ ဒါကို သူတို့က အခွန်လွတ်သာသနာနယ်မြေ မပေးချင်ဘူး။ ဒါကို အခွန်လွတ်သာသနာမြေရအောင် ကျနော်က လုပ်နေတယ်။ မူဆယ်လည်းလုပ်ပေးပြီး၊ လာရှိုးမှာဆို အခွန်လွတ်သာသနာမြေဖြစ်ဖို့ တောင်းခဲ့တယ်။ မပေးပေးအောင် ပြည်ထောင်စုအဆင့်ထိ စာတင်တယ်။ ခုတော့ရပြီပေါ့နော်။ ဘာပဲလုပ်လုပ် ကျနော်တို့က အတိုက်အခံနဲ့ပဲလုပ်ယူနေရတယ်။ အတိုက်အခံဆိုတာ ပြည်သူလူထုရဲ့လိုအပ်ချပ်တွေကို ဖြည့်ဆီးပေးဖို့ပဲဖြစ်တယ်။
မေး။ ။ ကချင်လူမျိုးနှင့် တအာန်(ပလောင်)တွေကြား ရှိခဲ့တဲ့ပြဿနာတွေကိုလည်း ဘယ်လိုပါဝင်ဖြေရှင်းခဲ့တယ်ဆိုတာ ပြောပြပေးပါ။
ဖြေ။ ။ တအာန်(ပလောင်) နှင့် ကချင် ဆိုတာ အတူစား တူသောက်နေထိုင်ခဲ့တဲ့ သူတွေဖြစ်တယ်။ ပြဿနာ ဖြစ်တယ်ဆိုတာ အောက်ခြေကလူတွေပါ။ ဒါငါတို့နေတဲ့နေရာဖြစ်တယ်၊ ကချင်တွေက ကချင်ပြည်နယ်ရှိတယ်၊ ကချင်ပြည်နယ်မှာသွားနေပါ ဆိုတဲ့ အောက်ခြေကလူတွေရဲ့ စိတ်နေစိတ်ထားက အဲလို နည်းနည်းရှိတယ်။ အပေါ်ကလူကြီးပိုင်းကျတော့ အဲလိုစိတ်ထားမျိုး မရှိဘူး။ အမြဲတမ်းလည်း တွေ့ဆုံဆွေးနွေးမှုလုပ်ပါတယ်။ ကျနော်ဘယ်သူ့မျက်နှာမှ မထောက်ပဲ တအာန်(ပလောင်) တွေရဲ့ပြသာနာ အများကြီးလည်း ဖြေရှင်းခဲ့ပြီးပါပြီ။
မေး။ ။ ၂၀၂၀ ရွေးကောက်ပွဲလည်း နီးကပ်လာပြီဆိုတော့ ဒူဝါဇုတ်ဒေါင်အနေနဲ့ ပြန်လည်ယှဉ်ပြိုင်ဖို့ရှိပါသလား။
ဖြေ။ ။ ရှမ်းပြည်မှာတော့ ကချင်စာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့ကို အဓိကထားတယ်။ ပြီးခဲ့တဲ့ရိုးရာယဉ်ကျေးမှုအဖွဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ကျွန်တော်မေးတယ်။ နောက်လာမဲ့သက်တမ်းမှာ ရေးရာဝန်ကြီးဘယ်သူပြန်လုပ်မှာလဲ။ လုပ်ချင်တဲ့သူ မဟုတ်ပဲ တကယ်ကိုယ့်လူမျိုးတွေကိုချစ်ပြီး လုပ်နိုင်တဲ့လူရှိရင်လုပ်ပါလို့ ကျနော်ပြောတယ်။ ခင်ဗျားက အတွေ့အကြုံ လုပ်သက်ရှိတယ်။ မင်းလုပ်နိုင်အုံးမှာပါဆိုပြီး ကျနော်ကိုပဲ ပြန်လည်တာဝန်ပေးပါတယ်။ ဆိုတဲ့အတွက်ကြောင့် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ကျနော်က တသီးပုဂ္ဂလအနေနဲ့ပဲ ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်သွာမှာ ဖြစ်တယ်။
မေး။ ။ ရှေ့ဆက်ဘယ်လို လုပ်ဆောင်သွားမယ်၊ ဘယ်လောက်ထိလုပ်နိုင်မယ်ဆိုတဲ့အကြောင်း ပြောပြပေးပါ။
ဖြေ။ ။ ဘာပဲဖြစ်ဖြစ် ကျနော်လုပ်ခဲ့တဲ့သက်တမ်းတစ်လျှောက် လုပ်နိုင်သလောက် အကောင်းဆုံးလုပ်ခဲ့ပါတယ်။ လုပ်ချင်တာစိတ်ထဲမှာတော့ရှိတယ် ပိုက်ဆံဘတ်ဂျက်လည်းမရှိဘူး။ အစိုးရလည်းလိုက်လျောပေးနိုင်မှုမရှိဘူး။ လျစ်လျုရှုထားတာပဲရှိတယ်။ အစိုရကို တစ်ခုခုပြောတိုင်း နယ်မြေ မအေးချမ်းလို့ ဆိုတော့ အကောင်အထည် မဖော်နိုင်ခဲ့ဘူးပေါ့။
မေး။ ။ နောက်ဆုံးအနေနဲ့ အခြားဖြည့်စွက်စရာရှိရင် ပြောပေးပါ။
ဖြေ။ ။ ပြည်သူများအားလုံး ကျနော့်ကို အမြဲအကြံပေးပါ။ လူဆိုတာပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ အားလုံးက လိုအပ်ချက်ရှိတဲ့သူတွေပဲ။ ဒါကြောင့် ပြည်သူများအနေဖြင့် ရှမ်းပြည်ကချင်ပြည်လို့မခွဲခြားပဲ အားလုံးတန်းတူညီစွာနဲ့ နေထိုင်ရင် ပိုပြီး သာယာငြိမ်းချမ်းသွားမယ်လို့ ပြောလိုပါတယ်။