ပြည်သူတွေ ဘယ်လို မွန်ဝန်ကြီးချုပ်အသစ်ကို လိုချင်ကြတာလဲ

ပြည်သူတွေ ဘယ်လို မွန်ဝန်ကြီးချုပ်အသစ်ကို လိုချင်ကြတာလဲ
by -
ဟင်္သာမီဒီယာ
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသည့် ဦးမင်းမင်းဦးက ရာထူးမှ ရက်ပိုင်းအတွင်း နုတ်ထွက်မည်ဟု၄င်း၏ကိုယ်ပိုင် လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ဖော် ရေးသားခဲ့ပြီး နိုင်ငံတော်သမ္မတထံသို့ တရားဝင်နုတ်ထွက်ခွင့် တောင်းခံခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်၏ ဝန်ကြီးချုပ်အသစ်ကို သမ္မတက ခန့်အပ်ရမည်ဖြစ်ပြီး မည်သို့သော အရည်အချင်းရှိသည့် ပုဂ္ဂိုလ်ကို မွန်ပြည်နယ်၏ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သင့်ကြောင်း မွန်ပြည်နယ်သူ၊ မွန်ပြည်နယ်သားများနှင့် အဖွဲ့အစည်း အသီးသီးတွင် တာဝန်ထမ်းဆောင်နေသူများ၏ ပြောဆိုချက်များကို ဟင်္သာမီဒီယာက ဖော်ပြလိုက်ပါသည်။

ဦးစိန်မြင့် (ကျိုက်ထီးရိုးဂေါပကအဖွဲ့ဝင်)

စွမ်းဆောင်ရည်ပြည့်ရမယ်၊ ခေါင်းဆောင်ပီသရမယ်၊ မွန်ပြည်နယ်က တိုင်းရင်းသားပေါင်းစုံနေတယ်၊ ဗမာ၊ မွန်ကရင်၊ ပအိုဝ်း အားလုံးကို ညီညီမျှမျှနဲ့ စိတ်ထားမျိုးရှိရမယ်၊ လူမျိုးကြီးဝါဒမရှိရဘူး၊ နောက်တစ်ခါ ကိုယ့်ကျင့်တရား ကောင်းရမယ်၊ အဂတိတရား လာဘ်ပေးလာဘ်ယူကို အတတ်နိုင်ဆုံး ကင်းနေရမယ်၊ ပြည်သူလူထုကို မျက်နှာမူရမယ်၊ အဓိက ပြည်သူကို မျက်နှာ မမူလို့ဖြစ်တာ၊ ပြည်သူတွေရဲ့ အနေအထားကို အမြဲတစေကြည့်ပြီးတော့ အကောင်းဆုံးမူဝါဒတွေ ချမှတ်နိုင်ရမယ်၊ လွှတ်တော်နဲ့ ပြေပြေလည်လည် ညှိညှိနှိုင်းနှိုင်းဆောင်ရွက်နိုင်တဲ့ စွမ်းဆောင်ရည်မျိုးရှိရမယ်။ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့လည်း ပြေပြေလည်လည် ဆက်ဆံနိုင်တဲ့ လူမျိုးဖြစ်ရမယ်၊ ဝန်ကြီးချုပ်ဖြစ်သွားပြီဆိုရင်တော့ အုပ်ချုပ်ရေးကို ကိုင်ပြီလေ၊ ပြည်ထောင်စု အစိုးရအဖွဲ့နဲ့ လွှတ်တော်နဲ့ကြားထဲမှာ မျှတစွာ ပူးပေါင်းဆောင်ရွက်နိုင်ရမယ်၊ အထူးသဖြင့် ပြည်ထောင်စုက ခိုင်းတာက ပြည်နယ်လွှတ်တော်နဲ့ ငြိတာတွေရှိတယ်၊ ဒါကိုပြေပြေလည်လည် ဖြေရှင်းနိုင်တဲ့ လူမျိုးဖြစ်ရမယ်။

မင်းအောင်ထူး (မွန်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများကွန်ရက် ညှိနှိုင်းရေးမှူး)

အဓိက ကတော့ စီမံခန့်ခွဲမှု အတွေ့အကြံုရှိပြီးတော့ ပြည်နယ်အကျိုးအတွက် ကိုယ်ကျိုးမဖက်ဘဲ လုပ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်မျိုးကို ဖြစ်စေချင်ပါတယ်၊ လတ်တလော အစိုးရအဖွဲ့အတွင်းမှာပဲ တာဝန်ခွဲဝေမှု အနေနဲ့ အတွင်းစည်းကနေ သေသေချာချာ ပြင်ဆင်စုဖွဲ့တဲ့ဟာမျိုးကို လုပ်စေချင်တယ်၊ နောက်ပြီး ပြည်နယ်အတွင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင်တော့ တိုင်းရင်းသားတွေအားလုံး တစ်ယောက်အပေါ် တစ်ယောက် အပြန်အလှန်နားလည်မှုရှိနိုင်မယ့် အခင်းအကျင်းတွေကိုလည်း လုပ်စေချင်တာပေါ့လေ၊ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ဆိုင်တဲ့ ကိစ္စမှာ လွှတ်တော်နဲ့ညှိပြီး ပြည်သူရဲ့အသံ နားထောင်ပြီး တကယ်လိုအပ်ပြီး အရေးကြီးတဲ့ နေရာတွေဖြစ်တဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ဦးစားပေးလုပ်စေချင်ပါတယ်၊

ဦးကျော်စံဝင်း (National Enlightenment Institude ဥက္ကဌ)

စီးပွားရေးအမြင်ရှိဖို့တော့လိုတယ်၊ လောလောဆယ် ပြည်နယ်က စီးပွားတက်ရမယ့် အခြေအနေမှာ စီးပွား မတက်ဘူး ဖြစ်နေတာ၊ ပြဿနာတွေက ဇွတ်များနေတာဆိုတော့ နည်းနည်းပြောရခက်တယ်၊ ပြည်နယ်က စီးပွားတော်တော်ကျနေတယ်၊ လူတွေက အမေစုကို ချစ်တယ်၊ ချစ်တယ်ဆိုတာသာ ပြောတာ ကိုယ့်ဗိုက်ထက်တော့ ဘယ်သူမှ ပိုမချစ်နိုင်ဘူး၊ စီးပွားရေး မကောင်းဘူးဆိုရင် လက်ရှိ NLD က ဆက်သွားမယ့် ရည်မှန်းချက်က မရောက်နိုင်ဘူး။ အဓိက ကတော့ ပြည်နယ်ကို စီးပွားတက်အောင်လုပ်ဖို့ လိုတာပေါ့၊ နိုင်ငံရေး ကိစ္စက ပြီးခဲ့တဲ့အချိန်တွေက မြင်ခဲ့ရတာပဲ၊ နိုင်ငံက တော်တော်ကို လစ်ဘရယ်ဆန်ခဲ့တယ်၊ ဖြေလျှော့မှုတွေလည်း အများကြီးရှိခဲ့တယ်ဆိုတော့ ဒါတွေက အဆင်ပြေထားပြီးသားကိစ္စတွေဖြစ်တယ်လေ၊ စီးပွားရေးကတော့ ချက်ချင်းကြီး အဆင်ပြေမယ့် ကိစ္စမဟုတ်ဘူး၊

 မိလဝီဟန် (မွန်အမျိုးသမီးအဖွဲ့ ဥက္ကဌ)

မွန်ပြည်နယ်ရဲ့ ဝန်ကြီးချုပ်ဆိုတော့ မွန်တွေ ကိုယ်စားပြုတဲ့ အနေနဲ့ မွန်ဖြစ်စေချင်တယ်၊ ပါတီနဲ့ကြည့်လို့ ရှိရင်လည်း NLD က အများစုဖြစ်နေတော့ တခြားပါတီကို မပေးနိုင်ရင်တောင်မှ NLD ထဲက မွန်ဖြစ်ရင်တော့ ပိုကောင်းတယ်။ နောက်ပြီးတော့ မွန်တွေရဲ့ အခုလက်ရှိ အခြေအနေအရ မွန်ပြည်သစ်နဲ့ တပ်မတော်နဲ့ဖြစ်တဲ့ ကိစ္စကို ကောင်းကောင်း ဖြေရှင်းကိုင်တွယ်နိုင်တဲ့သူ ဖြစ်ရင်တော့ ပိုကောင်းမယ်။ ဒါမှ ကျွန်မတို့ မွန်ပြည်နယ်ရဲ့ တိုးတက်မှုရှိမှာပေါ့၊ တကယ်လို့ ကချင်လိုမျိုးစစ်ဖြစ်နေမယ်ဆိုလို့ရှိရင်တော့ သွားပြီ၊ အရည်အချင်းပိုင်းမှာ ဆိုရင်လည်း မွန်ပြည်နယ်တစ်ခုလုံးရဲ့ အရေးကိစ္စတွေကို ကောင်းကောင်း ကြေကြေညက်ညက် ကိုင်တွယ်နိုင်တဲ့ လူဆိုရင်တော့ ပိုကောင်းမယ်၊ ဒါတွေ ကိုင်တွယ်နိုင်ဖို့ ဆိုတာကလည်း လက်တွေ့ကနေလာတဲ့ လူဖြစ်ရင် ပိုကောင်းမှာပေါ့၊ လူမျိုးရေးဆိုင်ရာဘက်မှာလည်း နည်းနည်း အထိမခံဖြစ်နေတယ်၊ ဒီကိစ္စကို ငြိမ်းချမ်းရေးနဲ့ ယှဉ်ပြီးတော့မှ ကောင်းကောင်း မွန်မွန် ကိုင်တွယ်နို်င်မယ်ဆိုလို့ရှိရင် ဒါအကောင်းဆုံးပဲ၊ ခုဏက ကျွန်မပြောတဲ့ မွန်လူမျိုးပဲ ဖြစ်ရမယ်ဆိုတဲ့ဟာကို လည်းမမေ့နဲ့ဦး။

ဦးလှရှိန် (မွန်ပြည်နယ်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း)

NLD က လူတွေကြီးပဲ လုပ်မယ်ဆိုရင်တော့ လာဘ်ပေးလာဘ်ယူတော့ မရှိဘူး၊ ဒါပေမယ့် အတွေ့အကြံု မရှိတဲ့အတွက် မှန်တယ်ထင်ရင်လည်း မလုပ်ရဲတဲ့အတွက် ဦးမင်းမင်းဦး ပြဿနာတက်သလို အခုလာမယ့် ဝန်ကြီးလည်း ပြဿနာမတက်စေချင်ဘူး၊ ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လုပ်နေရုံတစ်ခုတည်းနဲ့ မြန်မာပြည်ကြီးက မပြောင်းလဲနိုင်ဘူး၊ အမှားအနည်းဆုံးဖြစ်အောင်လုပ်မှ အောင်မြင်မယ်လို့ထင်တယ်။ အမှတ် (၁) ဈေးကြီး၊ အပေါ်ဈေး အောက်ဈေး တစ်လျှောက် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်နေတယ်၊ နေဝင်တဲ့ အနောက်ဘက်ရော နေထွက်တဲ့အရှေ့ဘက်ရောက မြို့လူထုရဲ့ ကုန်စည်ဖလှယ်ရာ နေရာကြီးက အုပ်ထိန်းသူ မဲ့နေတယ်၊ ဒါကို တာဝန်ရှိတဲ့အသင်းအဖွဲ့ သုံးလေးခုစုပြီး ပြင်လိုက်ရင် မော်လမြိုင်လူထုက မွန်ပြည်နယ် အစိုးရကို စိတ်ဝင်စားလာမှာပါ။

နိုင်ကျန်ရစ် (မွန်တေးသံရှင်)

မွန်တွေရဲ့ အကျိုးကို တကယ်သယ်ပိုးနိုင်တဲ့၊ မွန်ဒေသရဲ့အကျိုး၊ မွန်ပြည်နယ်ရဲ့အကျိုးကို တကယ်စိတ်ပါ လက်ပါ လုပ်နိုင်တဲ့ လူကိုလိုချင်တာပေါ့၊ ဒီခေတ်မှာ ပညာမတတ်ရင် ဘာမှအဆင်မပြေဘူးလေ၊ ပညာလည်း ပြည့်စုံရမယ် စိတ်ထားလည်းကောင်းရမယ်၊ လူမျိုးနဲ့ ဒေသအကျိုးကို တကယ်သယ်ပိုးမယ်ဆိုတဲ့ ရည်ရွယ်ချက်လေး ရှိစေချင်တယ်။ အမှန်က နိုင်ငံရေးလုပ်တယ်ဆိုတာ ပါးစပ်နဲ့ပဲ ပြောတာ တကယ်လုပ်မှ ဖြစ်မယ့်ဟာတွေပါ၊ မွန်ပြည်နယ်ထဲမှာ ရှိတဲ့ပြဿနာအားလုံးကို တစ်ထိုင်တည်းနဲ့ ရှင်းလို့မရဘူးလေ၊ ဘယ်လို ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ပြဿနာတွေကို အမြှော်အမြင် ရှိရှိနဲ့ ပြဿနာကို အဖြေကို ရဖို့အတွက် ပြဿနာရဲ့ အရင်းအမြစ်ကို ရှာမှ အကျိုးကို လုပ်နိုင်မှာလေ။

မင်းဇေယျာဦး (UPDJC အတွင်းရေးမှူး အဖွဲ့ဝင်နှင့် မွန်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်)

မွန်ပြည်နယ်ရဲ့ ဝန်ကြီးချုပ်က မွန်ပြည်သူတွေနဲ့ တစ်သားတည်းဖြစ်ပြီးတော့ ကိုယ့်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ရေတိုရေရှည် စီမံကိန်းတွေ ရေးဆွဲပြီးတော့ စနစ်တကျ အကောင်အထည်ဖော်နိုင်တဲ့ သူဖြစ်ဖို့လိုတယ်၊ အဓိက ကတော့ ကိုယ့်ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ရဲရဲတင်ပြပြီးတော့၊ ရဲရဲလုပ်နိုင်တဲ့ ဝန်ကြီးချုပ်မျိုးဆိုရင် ပိုကောင်းတာပေါ့၊ ဝန်ကြီးချုပ်အနေနဲ့ ကိုင်တွယ်ဖြေရှင်းရမယ့် ပြဿနာတွေက အများကြီးပဲ၊ ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာ အဓိက စီမံခန့်ခွဲမှုကောင်းဖို့ လိုတယ်၊ ပြည်နယ်ဝန်ကြီးချုပ်ကပဲ အကုန်လိုက်လုပ်ရမယ့်ဟာ မဟုတ်ဘဲနဲ့ အစိုးရအဖွဲ့နဲ့ တိုင်ပင်လုပ်ရမှာဆိုတော့ ကိုယ်တစ်ယောက်တည်း မလုံလောက်ဘူး၊ အဖွဲ့အစည်းကောင်းကောင်းရှိဖို့ လိုတယ်၊ ဒီအဖွဲ့ကိုလည်း ကောင်းကောင်း စီမံခန့်ခွဲနိုင်ရမယ်၊ ပြီးမှ ဘယ်သူက ဘာကိုဖြေရှင်း၊ ဘယ်သူက ဘာကိုလုပ်ဆိုပြီးတော့ စီမံနိုင်ရမယ်၊ ဖြေရှင်းတဲ့ နေရာမှာလည်း ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်။

ဦးမိုးကျော် (ငွေမိုးကုမ္ပဏီများအုပ်စု)

ပြည်နယ်ကို တိုးတက်ကောင်းမွန်အောင်လုပ်မယ့်သူဖြစ်ရင် ကျေနပ်ပါတယ်၊ အဓိက ကတော့အားလုံးကို စည်းစည်းလုံးလုံးနဲ့ ဘာသာရေးရော လူမှုရေးရောနိုင်ငံရေးမှာပါ တစ်ယောက်နဲ့ တစ်ယောက် ရန်မဖြစ်ဘဲနဲ့ ကိုယ့်ပြည်နယ် တိုးတက်အောင်လုပ်စေချင်တာပေါ့၊ မညီညွတ်လို့ရန်ဖြစ်ရင် နောက်ဆုံးနစ်နာမှာက တို့ပြည်နယ်ပဲလေ၊ သူတို့ဟာ သူတို့ ရန်ဖြစ်လို့ သတ်ပဲသတ်သတ်ပေါ့ တို့နဲ့မှ မဆိုင်ဘဲဟာ၊ နောက်တက်လာမယ့် လူကိုလည်းနောက်ထပ်မဖြုတ်ချဖို့ဘဲ အရေးကြီးပါတယ်၊အရေးကြီးတာက သူတို့တွေ စည်းလုံးညီညွတ်ပြီးတော့ပိုကောင်းတာပေါ့။

မင်းအောင်မွန် (ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)

သြဇာသက်ရောက်မှုရှိနိုင်မယ့်လူဖြစ်ဖို့လိုတယ်၊ ဒါမှ ပြည်နယ်ကို အုပ်ချုပ်တဲ့ နေရာမှာ ပြောလိုက်တဲ့ စကားတွေက သက်ရောက်မှုရှိမှာလေ၊ နောက်ပြီးတော့ နိုင်ငံရေး အတွေ့အကြံုလည်း လိုတယ်၊ အဓိက ကမွန်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားရော၊ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ရော နီးစပ်မယ့်လူဖြစ်ဖို့လိုတယ်၊ နောက်ပြီးတော့ လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်တွေ အစိုးရရဲ့ လုပ်ပိုင်ခွင့်တွေကို နားလည်မယ့်လူဖြစ်ရင် ဝန်ကြီးချုပ်တစ်ယောက်နဲ့ ပြည်နယ်အတွက် အားထားနိုင်မှာပေါ့၊ ပြဿနာထဲမှာဆိုရင် သဘာဝပတ်ဝန်းကျင်၊ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းပြဿနာတွေကို အရင်ဆုံးကိုင်တွယ်မှ ပြည်နယ်တိုးတက်လာမယ်ထင်တယ်၊ ဒါမှကျန်တဲ့ ဟာတွေလည်း လိုက်ပြီးတိုးတက်လာမှာပေါ့။

ဦးမောင်မောင်ဇော်ထွန်း (မော်လမြိုင်မြို့ရပ်မိရပ်ဖ)

ဝန်ကြီးချုပ်ဆိုတာက ဒီပြည်နယ်အတွင်းမှာ ဖြစ်နေတဲ့ လုပ်ငန်းဆောင်တာတွေကို ဦးစီးကွပ်ကဲပြီးတော့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဖော်ဆောင်ပေးရတယ်ပေါ့၊ ဒီတော့ ဝန်ကြီးချုပ်တစ်ယောက်မှာက ပွင့်လင်းမြင်သာစွာနဲ့ ဒီမိုကရေစီကျကျ ဆောင်ရွက်တတ်တဲ့လူဖြစ်ဖို့ အရေးကြီးတယ်၊ နောက်ပြီးသူ့ရဲ့ စည်းရုံးရေး စွမ်းရည်နဲ့ အုပ်ချုပ်ရေးစွမ်းရည်တွေက သူ့အတွက် အဓိက ပြည့်စုံဖို့လိုပါတယ်။ ပြည်သူက NLD ကို မဲပေးခဲ့တာက အပြောင်းအလဲတွေ လိုချင်တာဆိုတော့ အဓိကအားဖြင့် အုပ်ချုပ်ရေးပိုင်းက ဌာနဆိုင်ရာတွေရဲ့ ကဏ္ဍကို ပွင့်လင်းမြင်သာမှုနဲ့ ပြည်သူကို အလုပ်အကျွေးပြုတဲ့ လူတွေဖြစ်အောင် သူက မောင်းနှင်နိုင်ရင်တော့ ပြဿနာ တော်တော်များများကို ဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်။

ဒေါက်တာအောင်နိုင်ဦး (မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌ)

ပထမဆုံး လုပ်ငန်းပိုင်းနဲ့ ပတ်သက်လာရင် ကျွမ်းကျင်နှံ့စပ်တဲ့လူ ဖြစ်ဖို့လိုတယ်၊ ဒုတိယက ဥပဒေပိုင်းဆိုင်ရာကို ကောင်းကောင်း နားလည်ကျွမ်းကျင်တဲ့လူ ဖြစ်ဖို့လိုတယ်၊ တတိယအချက်ကတော့ အဖွဲ့အစည်းအားလုံးနဲ့ သဟဇာတဖြစ်ဖို့ လိုတယ်၊ နောက်တစ်ခုက ဦးနှောက်ဉာဏ်ရည်ပိုင်းဆိုင်ရာအရ ရှေ့ကို မျှော်တွေးပြီးတော့ ငါတို့ ဘာတွေလုပ်ဖို့ လိုလဲဆိုတဲ့ဟာကို ကောင်းကောင်းမွန်မွန် ဦးဆောင်နိုင်တဲ့လူ ဖြစ်ဖို့လိုတယ်၊ စေတနာနဲ့ ရိုးသားမှု၊ တာဝန်ယူမှု တာဝန်ခံဖို့လိုတယ်၊ လူထုက အပြောင်းအလဲ လိုချင်တယ်ဆိုတော့ ဘာလိုလဲ သေချာမေးကြည့်ရင် စီမံအုပ်ချုပ်မှု ပိုင်းဆိုင်ရာတွေ ဌာနဆိုင်ရာတွေရဲ့ လူထုအပေါ်မှာ ဝန်ဆောင်မှု ပေးနေတာတွေကို ကောင်းကောင်းလိုချင်တယ်၊ လူထုဘက်က ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ အပြည့်အဝ လိုချင်တယ်၊ တိုင်ပတ်နေတာမျိုး မလိုချင်ဘူး၊ နောက်ပြီးတော့ မကောင်းမှု ဒုစရိုက်တွေ ကြီးစိုးနေတာမျိုးမလိုချင်ဘူး၊ ခြံငုံပြီးပြောရရင် တရားဥပဒေစိုးမိုးရေးပဲ၊ ပထမဦးဆုံးအနေနဲ့ တရားဥပဒေစိုးမိုးမှု ခိုင်မာအောင် လုပ်သင့်တယ်လို့မြင်တယ်။

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...