“ဝန်ကြီးချုပ် တာဝန်ကို မကျေပွန်ခဲ့တာ မရှိခဲ့ဘူးလို့ အစ်ကို ထင်တယ်”

“ဝန်ကြီးချုပ် တာဝန်ကို မကျေပွန်ခဲ့တာ မရှိခဲ့ဘူးလို့ အစ်ကို ထင်တယ်”
by -
ဟင်္သာမီဒီယာ
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် ဖေဖော်ဝါရီ ၂၁ ရက်နေ့က နိုင်ငံတော် သမ္မတထံ နုတ်ထွက်စာ ပေးပို့ခဲ့ပြီး ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင်လည်း စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး ရာထူးအတွက်လည်း နုတ်ထွက် စာပေးပို့ခဲ့သည်။ နုတ်ထွက်စာ ပေးပို့ဖြစ်သည့် အကြောင်းအရင်းများ၊ တာဝန်ထမ်းဆောင်ရာတွင် တွေ့ကြံုခဲ့သည့် အခက်အခဲများ၊ စိန်ခေါ်မှုများအပြင် ရာထူးမှ အနားယူပြီးပါက ဖြတ်သန်းသွားမည့် ဘဝ အခြေအနေများကို ဟင်္သာမီဒီယာက မေးမြန်း ဖော်ပြလိုက်ပါသည်။

ဟင်္သာမီဒီယာ။ ။ ဝန်ကြီးချုပ် နုတ်ထွက်တာ ပါတီကို မကြိုက်လို့ နုတ်ထွက်တာလို့ သတင်းတွေ ထွက်ပေါ်နေတယ်၊ အဲဒါက တကယ်ပဲလား၊ ဒါမှမဟုတ် ဘယ်လို ပုံစံမျိုးလဲ။

ဝန်ကြီးချုပ်။ ။ အဲဒါက အစ်ကိုပြောတာက အနားယူမယ့်အချိန်မှာ အားလုံးကို အနားယူမယ့် သဘောမျိုးနဲ့ ပြောလိုက်တာ ဖြစ်တယ်၊ မကြိုက်လို့ နုတ်ထွက်တာ မဟုတ်ဘူး၊ ဝန်ကြီးချုပ်တာဝန်ကလည်း နုတ်ထွက်မယ်၊ ဝန်ကြီးတာဝန်ကလည်း နုတ်ထွက်မယ်၊ လွှတ်တော် ကိုယ်စားလှယ်ကလည်း နုတ်ထွက်မယ်ဆိုတော့ အားလုံးကို နုတ်ထွက်မယ်လို့ ပြောတာဖြစ်တယ်၊ အဓိကက မနေ့က မီဒီယာက နုတ်ထွက်မယ်ဆိုလို့ ရှိရင် ပါတီက ဘယ်လို တုန်ပြန်နိုင်မလဲလို့ မေးတာ ပါသွားတယ်၊

လူတစ်ယောက် ဘယ်ပါတီမဆို လွတ်လွတ်လပ်လပ် ဝင်ခွင့်ရှိတယ်၊ ပါတီစည်းမျဉ်းစည်းကမ်း လိုက်နာနေရင်၊ ထွက်ချင်လည်း ပြန်ထွက်လို့ ရတယ်ဆိုတဲ့ သဘောကို ပြောတာ ဖြစ်တယ်၊ အစ်ကိုက ဒီပါတီကို ကြိုက်လို့ ဝင်လာတာဖြစ်တယ်၊ အစ်ကိုက လွတ်လွတ်လပ်လပ် အေးအေးဆေးဆေး ပြန်နေချင်တယ်၊ နိုင်ငံရေး လောကက ထွက်တာလဲမဟုတ်ဘူး၊

ထွက်တာတော့ အကုန်လုံးကို ထွက်သွားမယ်ဆိုတဲ့ သဘောကို ပြောတာဖြစ်တယ်၊ ဝန်ကြီးချုပ်တာဝန်ကိုလည်း အနားယူမယ်၊ ဝန်ကြီးအတွက် ကျန်လို့တောင် မနေ့ကပဲ စာပြန်တင်လိုက်ပြီး၊ လွှတ်တော်ကိုယ်စားလှယ်ကော ပါတီကပါ နုတ်ထွက်ပြီး အေးအေးဆေးဆေး ပြန်နေချင်တဲ့ သဘောကို ပြောတာဖြစ်တယ်၊ အစ်ကို စတာထွက်ကတည်းက အားလုံးကို နုတ်ထွက်မယ်လို့ ပြောထားတယ်၊ ကြိုက်လို့ တာဝန်ယူထားတာဖြစ်တယ်၊ ဒီအမေကို ချစ်လို့ ဒီပါတီကို ဝင်လာတာဖြစ်တယ်၊ ဘာမှ မကြိုက်စရာ မရှိဘူး၊

ဒီပါတီကို ကြိုက်လို့ သက်စွန့်ဆံဖြား အလုပ် လုပ်ခဲ့တယ်၊ မနေ့က မီဒီယာက ထွက်လို့ မရဘူးဆိုတဲ့ အနက်အဓိပ္ပါယ်နဲ့ မေးလိုက်တာဖြစ်တယ်၊ အစ်ကို ဖြေတာက ဘယ်ပါတီ မဆို လွတ်လွတ်လပ်လပ် ဝင်ပြီးရင် ပြန်ထွက်လို့ ရတာကို ဖြေတာဖြစ်တယ်။

ဟင်္သာမီဒီယာ။ ။ အနားယူပြီးတော့ နိုင်ငံရေး လောကထဲ ပြန်ဝင်ဖြစ်လာတဲ့ အခြေအနေလေးကို ပြောပြပေးပါဦး။

ဝန်ကြီးချုပ်။ ။ အစ်ကိုက ၂၀၁၁ လောက်က အမေပြန်ထွက်လာပြီးကတည်းက ပေးတဲ့ တာဝန်တွေကို ပြန်ယူခဲ့တယ်၊ ညီလာခံတွေ လုပ်တော့ မြို့နယ် ဒုဥက္ကဌ အဖြစ် တာဝန်ယူခဲ့တယ်၊ အစ်ကို ဘီးလင်းမြို့နယ် ဆိုရင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ရှုတ်ထွေးနေတဲ့ နေရာတွေ ဖြစ်တယ်၊ အဲချိန်မှာ အစ်ကို လူငယ်ညီလာခံမှာလည်း ကော်မရှင် ဥက္ကဌအနေနဲ့ တာဝန်ယူခဲ့တယ်၊ နောက်ပြီး ကရင်တိုင်းရင်းသား ကျေးရွာတွေက လူငယ်တွေကို စည်းရုံခဲ့တယ်၊

ဟင်္သာမီဒီယာ။ ။ ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်ဖြစ်တာ ဘယ်လိုအချက်တွေကြောင့်လဲ။

ဝန်ကြီးချုပ်။ ။ အစ်ကိုမှာ အခက်အခဲတွေ အများကြီး ရှိခဲ့တယ်၊ ရှိခဲ့တဲ့ဟာ အားလုံးပေါင်းစုံ သွားတဲ့ သဘောပါပဲ၊ အစ်ကိုက အရင်ကထဲကလည်း ထွက်ချင်နေပြီးလို့ ပြောထားပြီးသားပါပဲ၊ ထွက်ခွင့်ရရင် ထွက်မယ်ဆိုတဲ့ စကားကလည်း ရှိပြီးသားဖြစ်တယ်၊ အခုက အကြောင်းအရာ အားလုံးစုံလာလို့ ထွက်ဖြစ်တာဖြစ်တယ်၊ အနားယူရင်လည်း ကိုယ်ခြံကိုယ်ယာနဲ့ အေးဆေး အနားယူချင်လို့ ထွက်ဖြစ်တာဖြစ်တယ်။

ဒီအမေကို တစ်သက်လုံး ထောက်ခံသွားမယ်၊ ဒီအပြောင်းအလဲမှာ အရေးကြီးနေတယ်ဆိုလို့ အစ်ကို ဝင်ကူတာဖြစ်တယ်၊ ၈၈ တုန်းက အစ်ကို နိုင်ငံရေး လုပ်ခဲ့တယ်၊ နောက်ပိုင်း သေမလိုလို ဖြစ်ခဲ့လို့ နိုင်ငံရေးက အနားယူခဲ့တယ်၊ အခုနောက်ပိုင်းမှ နိုင်ငံရေး ပြန်လုပ်ခဲ့တာဖြစ်တယ်၊ ပြန်လုပ်သင့်တဲ့ အချိန်မှ ဘီးလင်းမြို့နယ်မှာ အင်းနဲ့ အားနဲ့ ပြန်လုပ်ခဲ့တာဖြစ်တယ်။

ဟင်္သာမီဒီယာ။ ။ ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်ဖြစ်တာ ချောင်းဆုံ သံလွင်တံတားကြောင့်လို့လည်း ပြောနေကြတယ်၊ ဒီအပေါ်မှာ အထက်က ဖိအားပေးတာတွေ ရှိလား။

ဝန်ကြီးချုပ်။ ။ ဒီကိစ္စ မလာခင်ကတည်းက အစ်ကိုက မုဒုံဘက်တို့ မွန်တိုင်းရင်းသားတွေ ရှိတဲ့ နေရာကို ဆင်းဖြစ်တယ်၊ ဆင်းတော့လည်း ဘုန်ကြီးတွေကလည်း ဒီတံတားကို စဉ်းစားပေးဖို့ ပြောလာတယ်၊ ဒီတံတားအတွက် တောင်းဆိုမှုတွေ အများကြီး ရှိခဲ့တယ်၊ အစ်ကိုကတော အစ်ကို လုပ်ပေးနိုင်တဲ့ အခြေအနေမှာ ရှိရင်တော့ ကူညီပေးမယ်လို့ ပြောလိုက်တာဖြစ်တယ်၊

အဓိကကတော့ ဗိုလ်ချုပ် အောင်ဆန်း တံတားကို အမည်ပေးတဲအခါကျရင် သူတို့တိုင်းရင်းသားတွေရဲ့ နာမည်ကို ဦးစားပေး စဉ်းစားပေးဖို့ အတော်တော် များများက လာတွေ့တာတို့ ဖုန်းဆက်တာတို့ ကွင်းဆင်းလို့ ထမင်းစားရင်လည်း အနာကပ်ပြီး လာပြောတာတွေ ရှိတယ်၊

အစ်ကိုကလည်း ဗိုလ်ချုပ်ကို ချစ်ပါတယ်၊ ဗိုလ်ချုပ်ကို ချစ်လို့လဲ အလုပ်ပြန်လုပ်ကတည်းက အိမ်မှာ ဗိုလ်ချုပ်ပုံ ကပ်ထားတာဖြစ်တယ်၊ ဗိုလ်ချုပ်တံတား ကိစ္စဖြစ်လာတော့ ဒီကိစ္စကို ခဏထားထားပါလို့ အစ်ကို ပြောခဲ့တယ်၊ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုဖွင့်ပွဲတောင် သွားတတ်ခဲ့သေးတယ်၊

အစ်ကို ဘီးလင်းမှာလည်း ဗိုလ်ချုပ် နှစ် ၁၀ဝ ပြည့်မှစပြီး အထိမ်းအမှတ်ပွဲတွေ လုပ်လာတာဖြစ်တယ်၊ အမှန်တိုင်းပြောင်ရရင် မွန်ပြည်နယ်မှာရှိတဲ့ မွန်တိုင်းရင်းသားတွေရဲ့ ရုပ်ပိုင်းဆို်ရာကို ဖွံ့ဖြိုးတိုးတတ်အောင် မလုပ်ပေးနိုင်ရင်တောင် စိတ်ပိုင်းဆိုင်ရာကို တတ်နိုင်ဆုံး ကူညီပေးခဲ့တယ်၊ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာတွေကို တတ်နိုင်သလောက် ဖြည့်ချင်တဲ ရည်ရွယ်ချက်လည်း ရှိတော့ သူတို့ကို ညှိနှိုင်းဆောင်ရွက်ပေးမယ်လို့ ပြောထားတဲ့ စကားအရ မူတည်ပြီး အခက်အခဲတွေ ဖြစ်လာတယ်၊

အခုကလည်း ဘာနာမည်မှ မပေးထားပါဘူး၊ အကြမ်းဖျဉ်းက ဖွင့်ပွဲကို မတ်လကုန်လောက်မှာ ဖွင့်ဖြစ်မှာပါ၊ ဒီကိစ္စက ဆောက်လုပ်ရေး ဝန်ကြီးဌာန ဆိုင်တယ်၊ အစ်ကိုကလည်း ဆောက်လုပ်ရေးနဲ့ တွဲကိုင်ထားတော့ နည်းနည်း ဆက်စပ်နေတာဖြစ်တယ်၊ တံတားကို ပြည်ထောင်စုကပဲ တိုက်ရိုက် စီမံခန့်ခွဲတာဖြစ်တော့ ဘယ်နေ့ ဖွင့်ဖြစ်မယ်ဆိုတာကို မသိဘူး၊ ရာမည တံတားလို့လည်း အမည် မပေးထားပါဘူး သူတို့တွေ ဝိုင်းဆွေးနွေးတဲ့ နာမည်က ရာမည တံတားဖြစ်တယ၊ တိတိကျကျ ဘာနာမည်မှ မပေးထားပါဘူး၊ ဒီတံတားနာမည်ကို အစ်ကိုလည်း ဘာမှ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။

ဟင်္သာမီဒီယာ။ ။ ဝန်ကြီးချုပ် တစ်နှစ် နီးပါး မွန်ပြည်နယ်အတွက် တာဝန်ထမ်းဆောင်တဲ့ နေရာမှ ဘယ်လောက်အထိ တိုးတတ်အောင် ဆောင်ရွက်ခဲ့လဲ။

ဝန်ကြီးချုပ်။ ။ အဓိကကတော့ အစ်ကို တာဝန်ယူတဲ အချိန်မှာ အရင်အစိုးရက ဆောင်ရွက်ခဲ့တဲ့ စီမံကိန်းတွေကို အကောင်အထည် ဖော်ရတာဖြစ်တယ်၊ လမ်းတွေကို အကောင်အထည် ဖော်ခဲ့တယ်၊ အောက်လမ်းမကြီးဆိုရင် ဖြည့်စွက်ဘက်ဂျက်မှ မပါလို့ အစ်ကို ထည့်ဆွဲပြီး အကောင်အထည် ဖော်ခဲ့တယ်၊ နိုင်လွန်ကတ္တရား ခင်းနိုင်ခဲ့တယ်၊ အမှိုက်ကားတွေလည်း အသစ်ပြန်ဝယ်ထားပြီးပြီး၊ ကျန်တဲ့ ကျေးလက်တွေမှာလည်း လျှပ်စစ်မီးရရှိဖို့အတွက် တတ်နိုင်သလောက် လိုက်လုပ်ပြီးပြီး၊

နောက်တစ်ခုက ဆက်သွယ်ရေး ဆိုရင်လည်း ဘီးလင်းဘက်မှာ တာဝါတိုင်တွေလည်း ထည့်ဆွဲထားပြီးပြီး၊ ကျန်တဲ့ နေရာတွေမှာလည်း တောင်းဆိုလို့ရှိရင် လိုက်လုပ်ထားပေးပြီးပြီး၊ နောက်ပြီး နွေစပါးအတွက် ရေပြတ်လပ်မှုတွကိုလည်း ချက်ချင်းကွင်းဆင်းပြီး ဆောင်ရွက်ထားတယ်၊ ဆောက်လုပ်ရေး လုပ်ငန်းတွေ စံချိန်စံညွှန်း မမှီကြောင့်လို့ လိုက်လံစစ်ဆေးထားတယ်၊ ဆေးရုံအတွက် ချထားပေးတဲ့ ဘက်ဂျက်တွေကိုလည်း ပြန်မအပ်ရအောင် မြေနေရာကို ကွင်းဆင်း ဆုံးဖြတ် ဆောင်ရွက်ပေးထားတယ်၊ မျာသေားအားဖြင့်က အစိုးရအဖွဲ့အစည်းက ဆုံးဖြတ်ချက် ချပြီး လုပ်သွားတာ များပါတယ်၊ ဒီရက်တွေဆို တောက်လျှောက်ကွင်းဆင်းနေတယ်၊ ဘာသာသနာမှာ ကျိုက်ထီးရိုးကိုလည်း လုပ်ထားပါတယ်။

ဟင်္သာမီဒီယာ။ ။ ဝန်ကြီးချုပ် တာဝန်ယူဆောင်ရွက်တဲ့ နေရာမှာ အဓိက အခက်အခဲက ဘာတွေဖြစ်မလဲ။

ဝန်ကြီးချုပ်။ ။ ဒီကိစ္စတွေကို မမေးပါနဲ့တော့လား၊ နောက်ပိုင်းမှာ အားလုံး လွတ်လတ်လပ် ဖြစ်သွားရင် အေးအေးဆေးဆေး ဖြေပေးပဲနော်၊ ကျွန်တော်တော့ အနေနဲ့ ဘယ်သူကိုမှ ထိခိုက်အောင် မလုပ်ခဲ့ဘူး၊ တတ်လာကတည်းက အရင်အစိုးရ မကောင်းကြောင်းမပြောခဲ့ဘူး၊ သူတို့ လက်ထက်မှာ သူတို့လုပ်နိုင်တာကို သူတို့ လုပ်သွားတာ ကျွန်တော်တို့ လက်ထက်မှာလည်း ကျွန်တော်တို့ လုပ်နိုင်တာကို လုပ်ဖို့တိုက်တွန်းတယ်။

ဟင်္သာမီဒီယာ။ ။ ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်တဲ့ နေရာမှာ အားရကျေနပ်မှု ရှိရဲ့လား။

ဝန်ကြီးချုပ်။ ။ အစ်ကိုက သိပ်မလုပ်နိုင်သေးတော့ အားရကျေးနပ်မှု မရှိသေးပါဘူး၊ နောက်နှစ်ဘက်ဂျက်မှာ အစ်ကို တော်တော်လေးကို တတ်နိုင်သလောက် ထည့်ဆွဲထားတယ်၊ စည်ပင်ကို ကိုင်ထားလို့ လမ်းတံတားတွေ တော်တော်များများ လုပ်ထားတယ်၊ နောက်ပြီး ပြည်သူတွေ အဓိက လိုအပ်ချက် လမ်းတံတားတွေ၊

နောက်ပြီး လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေကိုလည်း အမျးကြီး စဉ်းစာထားတယ်၊ အစ်ကိုတို့ ပြည်နယ်က လူတွေက ဒီမှာ စီးပွားရေး မကောင်းလို့ သူများနိုင်ငံတွေကို အများကြီး ရွေ့သွားကြပြီး၊ စက်မှုလယ်ယာသွားဖို့ကို ကုန်ထုတ်လမ်းတွေ ဖောက်လုပ်ထားတယ်၊ ရော်ဘာဆိုရင် တတ်နိုင်သလောက် CSO တွေ NGO တွေနဲ့ တွေ့ပြီး လုပ်ထားတာတွေ ရှိတယ်၊ ကံကောင်းတာက အစ်ကို လက်ထက်မှာ ရော်ဘာက ဈေးလာကောင်းနေတယ်။

ဟင်္သာမီဒီယာ။ ။ ဝန်ကြီးချုပ်အနေဖြင့် နောင်တတ်ရမယ့် ဝန်ကြီးချုပ်ကို ဘာတွေ တိုက်တွန်းလိုလဲ။

ဝန်ကြီးချုပ်။ ။ သူလည်း အရည်အချင်းရှိပါတယ်၊ အစ်ကိုတို့ ပါတီမှာ ဆွဲထားတဲ့ ပါတီပေါ်လစီကို ဆက်လုပ်သွားရမှာဆိုတော့ အစ်ကိုထင်တယ်၊ အံဝင်ခွင်ကျဖြစ်မှာပါ။ ပြဿနာတော့ မရှိလောက်ဘူး။ အစ်ကို အိမ်ယာစီမံကိန်းတွေကို အများကြီး အကောင်အထည်ဖော်ထားပြီးပြီး၊

သထုံ၊ မော်လမြိုင်၊ဘီးလင်း၊ သံဖြူဇရပ်မှာ အိမ်ယာစီမံကိန်း ထွက်တော့မယ်၊ ကျွန်တော်လုပ်နိုင်တာတွေကို အများကြီးလုပ်ခဲ့တယ်၊ အဓိကကတော့ တန်ဖိုးနည်း အိမ်ယာ စီမံကိန်းတွေ ဝန်ထမ်းအိမ်ယာတွေအတွက် အစ်ကို တတ်လာကတည်းက ပြောထားပြီးပါပြီး၊ ဒီအတွက် စီမံကိန်းတွေ ချထားပြီးပြီး ဒါတွေကို အကောင်အထည် ဖော်သွားဖို့ပဲ ရှိတော့မယ်၊

အဓိကကတော့ ရေးမှာ လျှပ်စစ်ရဖို့ ပြည်နယ်အစိုးရက လျှပ်စစ်မပေးနိုင်တော့ အဲဒေသမှာ လာရင်နှီးမြှပ်နှံချင်သူတွေကို အစ်ကို အတင်းလွှတ်ပေးနေတယ်၊ အကုန်လုံးကတော့ လုပ်သွားရမှာပဲ၊ နောက်တစ်ခုက အားကစာကဏ္ဍပေါ့ ဒီမှာက မူးယစ်ဆေးဝါးတွေ အရမ်းပေါတော့ လူငယ်တွေအတွက် လုပ်ပေးဖို့ လိုတယ်၊

အစ်ကိုရောက်တဲ့ ရွာတွေမှာဆိုရင် ဘောလုံးကွင်းတွေ မရှိတော့ဘူး၊ နောက်ပြီး တိုင်းရင်းသားအရေးကို ဦးစားပေးပါ၊ မွန်တိုင်းရင်းသားတွေက ကိုယ်ထီးကိုယ်ကြဌန်းနဲ့ နေခဲ့တဲ့ လူတွေပါ ဇာတိသွေး ဇာတိမာန်တွေ တအားမြင့်တယ်၊ သူတို့ ရင်ထဲက ခံစားချက်တွေကို ကြည့်ဖို့လိုတယ်၊ ပင်လုံကို သွားချင်းရင်တော့ တိုင်းရင်းသားတွေရဲ့ ရင်ထဲက ခံစားချက်တွေကို ဖြည့်ဆည်းပေးပါ။

ဟင်္သာမီဒီယာ။ ။ ဝန်ကြီးချုပ်အနေနဲ့ ရာထူးက အနားယူပြီးရင် ဘာတွေ ဆက်လုပ်သွားဖို့ ရှိလဲ။

ဝန်ကြီးချုပ်။ ။ အစ်ကိုက စိုက်ပျိုးရေး လုပ်ငန်း အရမ်းဝါသနာပါတယ်၊ အစ်ကို ဘီးလင်းမှာဆို ရော်ဘာခြံတွေ ရှိတယ်၊ ကြက်မောက်ခြံတွေ ရှိနေတယ်၊ ရော်ဘာဆို ခြစ်နေတယ်၊ ဒီမှာ လာလုပ်တော့ အဲဒါတွေကို ပစ်ထားခဲ့ရတယ်၊ အနားယူပြီးရင်တော့ ကိုယ်အလုပ်ကို ပြန်လုပ်သွားမယ်၊

အစ်ကို လုပ်ငန်း နှစ်ခုဆိုရင် မုန့်တီစက်ရှိတယ်၊ Mobile ဖုန်းဆိုင်ရှိတယ်၊ အဲဒါတွေက ပိတ်ထားရတယ်၊ တချို့ လုပ်ငန်းတွေကို ပြန်ပြီး အကောင်အထည် ဖော်သွားမယ်၊ စိုက်ပျိုးရေးကိုတော့ အဓိက ဦးစားပေးလုပ်သွားမယ်၊ နိုင်ငံရေးကတော့ ကိုယ် ကူညီသင့်တဲ့ လူတွေကို ကိုယ်ပြန်ကူညီသွားမယ်၊ တိုင်းပြည်ကြီးက ဖွံ့ဖြိုးတိုးတတ်ဖို့ အများကြီး လိုနေသေးတယ်၊ ဒီအချိန်မှ နိုင်ငံရေးသမားမှ လုပ်ရမှာ မဟုတ်ဘူး၊ ပြည်သူတွေ အားလုံး ဝိုင်းတွန်းမှ အဖြေထွက်မှာ ဖြစ်တယ်။

ဟင်္သာမီဒီယာ။ ။ ဝန်ကြီးချုပ်အနေနဲ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ်ကပါ အနားယူသွားမယ်ဆိုတော့ ဘီးလင်းမဲ ဆန္ဒနယ်အတွက် ဘယ်လို ပြင်ဆင်ထားတာရှိလဲ။

ဝန်ကြီးချုပ်။ ။ သုံး ဦး ကျန်သေးတယ်၊ ကံကောင်းတာက ကရင် တိုင်းရင်းသား ဝန်ကြီးလည်းရှိတယ်၊ ကရင်တိုင်းရင်းသား ဝန်ကြီးကိုလည်း တွေ့ပြီးတော့ ဘီးလင်းကို ကူဖို့ ပြောထားတယ်၊ အစ်ကို နယ်မြေက သွားရလာရ အရမ်း ခက်တယ်၊ လင်းခေလို နေရာမျိုးဆို ဘီးလင်းမြို့နယ်နဲ့ ၄၈မိုင်လောက် ဝေးတယ်၊

အစ်ကိုတို့ ရွေးကောက်ပွဲ မဲဆွယ်တော့ တချိုု့နေရာတွေဆို ဆိုင်ကယ် ထမ်းပြီးသွားရတယ်၊ အစ်ကိုလည်း လုပ်နိုင်သလောက်တော့ လုပ်သွားတယ်၊ အစ်ကို မရှိတော့တဲ့ အချိန်မှာ သူတို့ကလည်း ပြန်ကူညီပေးမယ်လို့ ပြောထားပြီးပြီး၊ ဒီနေ့ ကပ်ဘိနက်မှာဆို အစိုးရအဖွဲ့ကို အစ်ကို နယ်မြေအတွက် ထည့်ဆွဲထားတဲ့ ကိစ္စတွေကို မလိုအပ်ပဲနဲ့ခေါင်းစဉ် မပြောင်းဖို့ အကူအညီတောင်းထားတယ်။

ဟင်္သာမီဒီယာ။ ။ ဝန်ကြီးချုပ်ကတော့ မိမိသဘော ဆန္ဒအရ နုတ်ထွက်စာတင်တယ်လို့ ပြောတယ်၊ ဒါပေမယ့် ပါတီ အကြီးအကဲ ဦးဝင်းထိန်းက တိုင်ကြားလို့ ထုတ်ပယ်လိုက်တယ်လို့ ပြောဆိုတဲ့ အပေါ်မှာ တုန်ပြန်ပြောဆိုသွားဖို့ ရှိလား။

ဝန်ကြီးချုပ်။ ။ အစ်ကို ဘာမှ တုန်ပြန်သွားဖို့ မရှိဘူး၊ အစ်ကိုက အုပ်ချုပ်ရေးအပိုင်းအတွက် တာဝန်ရှိတယ်၊ အုပ်ချုပ်ရေးအပိုင်းမှာ အစ်ကို တာဝန် မကျေပွန်တာ ရှိခဲ့လား၊ အစ်ကို စီမံခန့်ခွဲတဲ့ အချိန်မှာ အစ်ကို တာဝန်မကျေတာတွေ ရှိခဲ့လား၊ ရုံးလုပ်ငန်းမှာ မလုပ်နိုင်တာတွေ ရှိခဲ့လား၊ နောက်ပြီး ရုံးတတ်ရက်ကို စုံစမ်းလို့ ရပါတယ်၊

အစ်ကို မပျက်ခဲ့ပါဘူး၊ လက်မှတ်ထိုးရင်တောင် နေ့စွဲလေးတွေ ထည့်ပြီးထိုးတယ်၊ ကျန်းမာရေးအရ အစ်ကိုခွင့်ယူတာ မရှိခဲ့ဘူး၊ အစ်ကို ပြောနိုင်တာက အုပ်ချုပ်ရေး တာဝန်ဖြစ်တဲ့ ဝန်ကြီးချုပ် တာဝန်ကို မကျေပွန်ခဲ့တာ မရှိခဲ့ဘူးလို့ အစ်ကို ထင်တယ်၊ ရှိရင်လည်း ပြောမှာပဲ၊အုပ်ချုပ်ရေးကဖြစ်တော့ ရှိခဲ့ရင် လွှတ်တော်ကတောင် ဖြုတ်ပိုင်ခွင့် ရှိတယ်၊ ဝန်ကြီးချုပ်က လုပ်ထုံးလုပ်နည်းနဲ့ မညီတာ ရှိခဲ့လား။

ဟင်္သာမီဒီယာ။ ။ ဝန်ကြီးချုပ် လွှတ်တော်အစည်းအဝေး ပျက်ကွက်လို့ လွှတ်တော်ထဲမှာ ဝေဖန်မှုတွေက ရှိခဲ့တယ် အပေါ်မှာကော ဘယ်လို တုန်ပြန်ဖို့ရှိလဲ။

ဝန်ကြီးချုပ်။ ။ ဒီမှာမရှိပေးမယ့် ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ ရန်ကုန်မှာ ဖိုရမ်သွားတတ်နေတာပါ၊ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်က ၁၅ ရက်တိတိ ခွင့်မဲ့ ပျက်ကွက်မှ ပြုတ်တာဖြစ်တယ်၊ အစ်ကို ဒီအတွက် ခွင့်တင်ထားတယ်၊ အစ်ကို သွားတဲ့ အခါတိုင်းလည်း ခွင့်တင်တယ်၊ ခွင့်မတင်ရတောင် အစ်ကို ၁၄ရက်တိတိ ခွင့်မတင်လို့ ရတယ်၊ ဒီတော့ အစ်ကို မှားလား မမှားလားဆိုတာ စဉ်းစားကြည့် ရှင်းရှင်းလေးပါ။

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...