ယနေ့အချိန်မှာ သတင်းအသစ်တွေ၊ အတွေးအမြင်အသစ်တွေ ရရှိဖို့ လူမှုကွန်ရက် Social Media ကို အသုံးပြုသူ များပြားလာပါတယ်။ Social Media ကို အလွန်အကျွံ သုံးစွဲပြီး စိတ်ရှုပ်စရာ၊ စိတ်ညစ်စရာတွေဟာ အမှိုက်သဖွယ် ဦးနှောက်ထဲ ဝင်ရောက်လာတာကို သတိမမူမိကြတော့ပါဘူး။ ဒါကြောင့် အခုဖော်ပြပေးသွားမယ့်အချက်တွေက Social Media အသုံးပြုရင် သတိထားရမယ့် အချက်အလက်တွေပဲ ဖြစ်ပါတယ်။
(၁) အသုံးပြုသောအချိန်
လုပ်ငန်းအများစုက အွန်လိုင်းနဲ့ပဲ အလုပ်လုပ်နေရတဲ့သူတွေ ရှိပါတယ်။ ဒါဟာ ရှောင်လွှဲလို့မရတဲ့ အွန်လိုင်းအသုံးပြုခြင်း ဖြစ်ပါတယ်။ စိတ်ဝင်စားစရာက လူတော်တော်များများဟာ မလိုအပ်ဘဲ အွန်လိုင်းကိုအလွန်အကျွံ သုံးစွဲနေကြပါတယ်။ သူတို့အတွက် အွန်လိုင်းဟာ ကမ္ဘာတစ်ခု ဖြစ်လာပြီး သူတို့စိတ်တွေအားလုံး အဲဒီအထဲမှာ မြှုပ်နှံထားကာ ပိတ်မိနေတတ်ကြပါတယ်။
လူလူချင်းပေါင်းသင်းဆက်ဆံမှုကို လျစ်လျူရှုလာကြပါတယ်။ ကိုယ့်ဖုန်းထဲမှာပဲ အချိန်တွေ ကုန်မနေအောင် အွန်လိုင်း အသုံးပြုမယ့် အချိန်ကို သတ်မှတ်ထားသင့်ပါတယ်။ ဒါမှသာ စိတ်ထုံထိုင်းမှုက ကင်းဝေးပြီး လွတ်လပ်မှု ပျောက်ဆုံးသွားတဲ့ ခံစားချက်တွေနဲ့ ကင်းဝေးကြမှာ ဖြစ်ပါတယ်။
(၂) လူအများရဲ့အားရုံစိုက်မှုကို ဂရုပြုလာခြင်း
လူတိုင်းပုံတင်တာ၊ Status တင်တာတွေ ဝါသနာပါကြတယ်။ ကိုယ့်ရဲ့ဓာတ်ပုံကို လူတွေ ဘယ်နှစ်ယောက် ကြိုက်ကြလဲ။ ဘယ်သူတွေက Like & Share လုပ်ပြီး၊ ဘယ်သူငယ်ချင်းတွေက မှတ်ချက်ပြု Comment ပေးကြသလဲ ဆိုတာတွေကို စိတ်ဝင်စားကြပါတယ်။ ချီးမွမ်းမှုခံရရင် ပျော်ရွှင်တတ်ကြပေမဲ့ ဝေဖန်ခံရရင်တော့ စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေ ဖြစ်သွားတတ်ပါတယ်။ ‘ဘယ်သူ ဘာပြောပြော ဂရုမစိုက်ဘူး’ လို့ ဆိုတဲ့သူတွေတောင် စိတ်ဖိစီးမှုဒဏ်ကို အနည်းနဲ့ အများ ခံစားရတတ်ကြပါတယ်။
(၃) ကိုယ်မသိသော အပေါင်းသင်းနဲ့ မိတ်ဖွဲ့လာခြင်း
အများစုရဲ့ Friend List ထဲမှာ ကိုယ်နဲ့ တစ်ခါမှမတွေ့၊ မမြင်ဖူးတဲ့သူတွေကို မိတ်ဆွေဖွဲ့ထားကြပါတယ်။ မိတ်ဆွေ အများကြီးရှိတာ မမှားပေမယ့် အွန်လိုင်းပေါ်ကနေ မိတ်ဆွေဖွဲ့ခြင်းဟာ လိင်မုဆိုးတွေ၊ လိမ်ညာသူတွေကို အခွင့်အရေး ပေးလိုက်သလိုဖြစ်တဲ့အတွက် အထူးသတိပြုဖို့ လိုအပ်ပါတယ်။
(၄) သတင်းအမှားများနောက် လိုက်မိခြင်း
Post တွေ့တိုင်း မှန်တယ် ထင်နေတဲ့သူတွေ များသထက် များပြားလာပါတယ်။ သတင်းအမှား နောက်လိုက်မိခြင်းဟာ သိပ်ကို အန္တရာယ်များပါတယ်။ Post တစ်ခုကြောင့် အတွေးအမြင်တွေ ပြောင်းလဲသွားနိုင်တယ်။ လူမျိုးရေးမုန်းတီးမှုတွေ ဖြစ်ပေါ်လာနိုင်တယ်။ သတင်းအမှားတွေကြောင့် အထင်အမြင် လွဲသွားနိုင်တယ်။ ဒါကြောင့် Post တစ်ခုတက်လာတိုင်း သတင်းရင်းမြစ် မှန်/မမှန်စောင့်ကြည့်ပါ။ ပြီးတော့မှ တခြားသူကို ဝေမျှပါ။
ဒီအချက်လေးတွေကို စိတ်ထဲ စွဲမှတ်ပြီး အွန်လိုင်း အသုံးပြုမယ်ဆိုရင် လူတိုင်းအတွက် အွန်လိုင်းအသုံးပြုခြင်းဟာ တစိတ်တပိုင်းအနေနဲ့ ပျော်ရွှင်စရာ ဖြစ်မှာဖြစ်ပါတယ်။ အားလုံး စိတ်ပေါ့ပေါ့ပါးပါးနဲ့ Social Media အသုံးပြုနိုင်ကြပါစေ။