COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်ဖို့ အစိုးရအဖွဲ့တွေက Community Quarantine နဲ့ Lockdown လို့ခေါ်တဲ့ နည်းလမ်းနှစ်ရပ်ကို ကျင့်သုံးလာကြပြီး အထူးသဖြင့် Lockdown ကိစ္စက အထင်ကရ ဖြစ်လာပါတယ်။
Lockdown ကို နားမလည်တဲ့သူတွေနဲ့ နားလည်မှု လွဲနေတဲ့သူတွေလည်း ဒုနဲ့ဒေး ရှိနေပါတယ်။ ယခုအချိန်အထိ Lockdown လုပ်တဲ့ နောက်ဆုံးနိုင်ငံကတော့ နယူးဇီလန်နိုင်ငံဖြစ်ပြီး မတ်လ (၂၅) ရက် ဒေသစံတော်ချိန် ည (၁၁) နာရီ (၅၉) မိနစ်မှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ Lockdown ပြုလုပ်တော့မှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
မဖြစ်မနေ မဟုတ်တဲ့ လုပ်ငန်းအားလုံးကို ပိတ်ပစ်ရမှာဖြစ်ပြီး လူတိုင်းလူတိုင်း တစ်ဦးတည်း လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ မရှိမဖြစ် ဝန်ဆောင်မှုတွေဆီ သွားခြင်းတို့က လွဲပြီး နေအိမ်ထဲမှာပဲ နေကြရမှာ ဖြစ်တယ်။
Lockdown ချထားစဉ်အတွင်း Super Market တွေကို ဆက်လက်ဖွင့်ထားမှာဖြစ်ပြီး ထောက်ပံ့ရေးလမ်းကြောင်းတွေကိုလည်း ဆက်လက်ထားရှိမှာ ဖြစ်တယ်။
သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေ၊ တာဝန်ခံများကလည်း မြို့/ဒေသအခြေအနေပေါ် မူတည်ပြီး လိုအပ်တဲ့ အသိပညာပေးမှုနဲ့ ပံ့ပိုးမှုတွေကို အဓိက အာရုံစိုက် လုပ်ဆောင်သွားမှာ ဖြစ်တယ်။
■ Lockdown မချခင် ဘာတွေကို ကြိုတင် ဆောင်ရွက်ထားရမလဲ။
ဦးဆုံး ကြောက်ရွံ့ထိတ်လန့်ခြင်း အလျဉ်း မဖြစ်ဖို့ လိုတယ်။ ဒေသခံများအနေနဲ့ Super Market/ဈေးဆိုင်တွေကို သွားနိုင်ဆဲဖြစ်ပြီး အဲဒီမှာ အစားအစာတွေ အမြဲရှိနေမှာ ဖြစ်တယ်။ ထောက်ပံ့ရေးလမ်းကြောင်းတွေ ဆက်လက် လည်ပတ်နေစေဖို့အတွက် အစိုးရက တာဝန်ယူ တာဝန်ခံထားပါတယ်။
သို့ပေမယ့် ဒေသခံတွေအနေနဲ့ အတိုင်းအတာတစ်ခုအထိ ဉာဏ်ပညာရှိရှိ မိမိဘာသာ အစီအစဉ်တွေ စတင် ချမှတ်ကာ ပြင်ဆင်ထားသင့်ပါတယ်။
အဲဒီမှာ ဘာတွေ ပါဝင်မလဲဆိုရင် ကိုယ့်မိသားစု၊ ဆွေမျိုးတွေနဲ့ တိုင်ပင်ပြီး အစီအစဉ်တွေ ရေးဆွဲတာ၊ ဆက်သွယ်ရမယ့် သူတွေရဲ့ အသေးစိတ်အချက်တွေ ရေးဆွဲထားခြင်းနဲ့ Lockdown ကာလတစ်လျှောက် ဘယ်လို အဆင့်ဆင့် လုပ်ဆောင်မလဲ ဆိုတာတွေကို ကြိုတင်စဉ်းစားထားခြင်းတွေ ပါဝင်ပါတယ်။
ကိုယ့်အလုပ်ကို အိမ်ကနေပြီး လုပ်ဆောင်လို့ ဖြစ်နိုင်သလားဆိုတာကို သိရှိထားသင့်ပါတယ်။ ကိုယ့်နေအိမ်ကနေ အဝေးကို ရောက်ရှိနေမယ်ဆိုရင် ချက်ချင်း နေရပ်ပြန်ဖို့ စီစဉ်ရပါမယ်။
■ အိမ်ထဲက အိမ်ပြင်ကို ထွက်လို့ ရနိုင်သေးလား။
Super Market/ဈေးဆိုင်သွားတာ၊ တစ်ဦးတည်း လမ်းလျှောက်တာနဲ့ လေ့ကျင့်ခန်း လုပ်တာ၊ ကလေးတွေကို ပန်းခြံလိုက်ပို့တာ အစရှိတာတွေကို ပြုလုပ်နိုင်သေးပါတယ်။ ဒါပေမဲ့ တခြားကလေးတွေနဲ့ ကစားခွင့်တော့ မပြုသင့်ဘူး။
Lockdown ရဲ့ရည်မှန်းချက်က ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကို ထိန်းချုပ်ကန့်သတ်ဖို့ ဖြစ်တယ်။
အစိုးရအနေနဲ့ ဖြစ်နိုင်တဲ့ အန္တရာယ်တွေ၊ လူအုပ်အတွင်း ပျံ့နှံ့မှုတွေကို တွက်ချက်သုံးသပ်ပြီး ဘေးကင်းလုံခြုံမှု ရှိမယ်ဆိုရင် တစ်ဆင့်ချင်း ပြန်လည် လျှော့ချသွားရမှာဖြစ်တယ်။
■ Lockdown ကို ဘယ်လို အမိန့်အာဏာ ထိန်းသိမ်းမလဲ။
သတ်မှတ်ချက်တွေနဲ့အညီ အမိန့်အာဏာ ထိန်းသိမ်းခြင်းကို ရဲတပ်ဖွဲ့နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဆောင်ရွက်ရပါတယ်။ လမ်းပေါ်မှာ ရဲတပ်ဖွဲ့ဝင်တွေ၊ ဒါမှမဟုတ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို လုံလုံလောက်လောက် တာဝန်ချထားမှာ ဖြစ်ပါတယ်။ လိုအပ်မယ်ဆိုရင် တပ်မတော်က ပူးပေါင်း ကူညီရမှာ ဖြစ်တယ်။
Lockdown ရဲ့စည်းမျဉ်းတွေကို ချိုးဖောက်ကြောင်း တွေ့ရှိရသူတွေကို အာဏာပိုင်များအနေနဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နိုင်တယ်။ အစိုးရအနေနဲ့ ခြေချုပ်ချထားခြင်းကို ငြင်းဆန်သူတွေကိုလည်း လိုအပ်သလို အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နိုင်ပါတယ်။
■ ဘယ်အရာတွေကို မရှိမဖြစ် ဝန်ဆောင်မှုလို့ သတ်မှတ်မလဲ။
Super Market နဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကို ဆက်လက် ထားရှိမှာ ဖြစ်တယ်။ ပြည်သူတွေ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေအတွက် ပူပင်ကြောင့်ကြမှု မရှိရအောင် ဆောင်ရွက်ပေးဖို့ အစိုးရက အဓိက တာဝန်ယူ တာဝန်ခံရမှာ ဖြစ်တယ်။ တဆက်တည်း Super Market တွေရဲ့ ဘေးကင်းလုံခြုံမှုကို ရဲတပ်ဖွဲ့အပါအဝင် လုံခြုံရေးတပ်ဖွဲ့တွေက စောင့်ရှောက်ပေးရမှာ ဖြစ်တယ်။
ဆရာဝန်တွေ၊ ဆေးဝါးပညာရှင်တွေ၊ တိရစ္ဆာန်ဆေးကုဆရာဝန်တွေအနေနဲ့ ဆက်လက် အလုပ်လုပ်ဖို့ လိုအပ်တာကြောင့် ဆေးရုံများနဲ့ ဆေးခန်းများ ဆက်လက် ဖွင့်ထားရမှာဖြစ်တယ်။ အရေးပေါ်ဝန်ဆောင်မှုများနဲ့ အရေးကြီးတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတချို့ကို ဆက်လက်လုပ်ကိုင်ခွင့် ပြုရမှာဖြစ်တယ်။
အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကိုလည်း ဆက်လက်လုပ်ကိုင်စေရမှာဖြစ်ပြီး ပြည်သူတွေအတွက် မရှိမဖြစ် ဝန်ဆောင်မှုအားလုံးကို ခွင့်ပြုထားရမှာ ဖြစ်တယ်။
ရေဒီယို၊ ရုပ်သံ၊ သတင်းစာနဲ့ Digital Media အစရှိတဲ့ မီဒီယာအားလုံးဟာ ပြည်သူတွေကို အရေးကြီးတဲ့ သတင်းအချက်အလက်တွေ၊ လက်တွေ့ကျတဲ့ အကြံဉာဏ်တွေနဲ့ သုံးသပ်ချက်တွေ ပေးရမှာဖြစ်တဲ့အတွက်ကြောင့် မရှိမဖြစ် ဝန်ဆောင်မှုထဲမှာပါဝင်ပြီး ဆက်လက်လုပ်ကိုင်ခွင့် ပြုထားရမှာဖြစ်တယ်။
သတင်းအတုနဲ့ သတင်းအမှားဖြန့်ဝေမှုတွေ အရမ်းများပြားနိုင်တဲ့ကာလဖြစ်လို့ ပြည်သူလူထုအနေနဲ့ တရားဝင်ဖြစ်တဲ့ ဒေသတွင်းသတင်းမီဒီယာတွေနဲ့ အထင်ကရ သတင်းမီဒီယာကြီးတွေရဲ့သတင်းတွေကိုပဲ အာရုံစိုက်ဖို့၊ ယုံကြည်ဖို့နဲ့ ပြန်လည်မျှဝေဖို့က အထူးအရေးကြီးပါတယ်။