ခရီးထွက်ရခြင်းက စိန်နားကပ်ပန်ရခြင်းထက် ပိုကောင်းတယ်လို့ စာရေးဆရာမကြီး ခင်နှင်းယုက ပြောဆိုထားပါတယ်။
ခရီးထွက်ရခြင်းဟာ လူတွေရဲ့အမြင်၊ ဗဟုသုတတွေ တိုးတက်လာနိုင်တဲ့ အကျိုးကျေးဇူးတွေကို ရနိုင်ပါတယ်။ အနောက်ဥရောပနိုင်ငံသားတွေဟာ တစ်နှစ်တစ်ကြိမ်လောက်တော့ ခရီးသွားတတ်ကြပါတယ်။ ခရီးသွားခြင်းကြောင့် လူတွေရဲ့စိတ်ကို တဖန် လန်းဆန်းစေပြီး လုပ်ငန်းတွေအပေါ် တိုးတက်စေတယ်လို့ ယုံကြည်ကြတယ်။ ဒါကြောင့်လည်း ခရီးသွားလုပ်ငန်း တိုးတက်အောင်၊ ခရီးများများ သွားလာနိုင်အောင် အဖက်ဖက်က ဖန်တီးပေးတတ်ကြပါတယ်။
မြန်မာနိုင်ငံကတော့ ခရီးသွားခြင်းအလေ့အထ ကျင့်သုံးလာတာ မကြာသေးပါဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုက ခရီးသွားလုပ်ငန်း မရှိသလောက် နည်းပါတယ်။ ခုနောက်ပိုင်းမှသာ ခရီးသွားလာမှုကို အာရုံစိုက်လာကြပါတယ်။ ခရီးသွားလုပ်ငန်းတွေက ဒေသအတွက် အကျိုးရှိတဲ့အပြင် မီးခိုးမထွက်တဲ့ စက်ရုံလို့လည်း ပြောဆိုကြတယ်။ မီးခိုးမထွက်တော့ သဘာဝပတ်ဝန်းကျင် မပျက်စီးဘဲ ထိန်းသိမ်းပြီးသား ဖြစ်နေတဲ့ လုပ်ငန်းတစ်ခုဖြစ်သလို အများသူငါလည်း ဘဝင်ကျ နှစ်ခြိုက်ကြပါတယ်။
ခရီးသွားလုပ်ငန်းဟာ တချို့သော နိုင်ငံတွေရဲ့ အဓိကဝင်ငွေ ရပေါက်ရလမ်း ဖြစ်နေပြီး ဒီအပေါ်မှာ မှီတည်နေတဲ့ နိုင်ငံတွေလည်း မနည်းပါးလှပါဘူး။ တချို့သော နိုင်ငံများက ရှိနေတဲ့ သာယာလှပ ရှုမောမဆုံးနိုင်ဖွယ် သဘာဝ တောတောင်ရေမြေ၊ ဆန်းကြယ်တင့်မောတဲ့ ရေတံခွန်တွေ၊ ရှေးဟောင်းနယ်မြေတွေ၊ မြစ်ချောင်း အင်းအိုင် ပင်လယ် သမုဒ္ဒရာတွေဆီ လူတွေက အပန်းဖြေခရီးအနေနဲ့ရော၊ ဒေသန္တရ၊ ဘာသန္တရ ဗဟုသုတ ရှာမှီးဖို့အတွက်ပါ သွားရောက်လည်ပတ်နေကြတာကို မမြင်ချင့်အဆုံး လေ့လာတွေ့မြင်နိုင်ကြမှာ ဖြစ်ပါတယ်။
ရှမ်းနီဒေသတွေမှာလည်း လှပတဲ့ သဘာဝပတ်ဝန်းကျင်များ၊ ရှေးဟောင်းနယ်မြေ များစွာ ရှိပါတယ်။ ဒါကြောင့်မို့ လည်ပတ်သွားလာနိုင်ရန်အတွက် ရေးသား ညွှန်းဆိုလိုက်ရပါတယ်။
လွိုင်စန့်လုံ(သို့)ဇလုံတောင်
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့အနောက်မြောက်ဘက်မှာ တည်ရှိနေတဲ့ တောင်ဖြစ်ပါတယ်။ မြိုင်ကြီးဂနိုင်အလယ်မှာ ထင်ရှားထင်းလင်းစွာ ရှိနေတဲ့ ကျောက်တောင်များလည်း ဖြစ်ပါတယ်။ ရှမ်းနီဘာသာစကားအရ လွိုင်စန့်လို့ ခေါ်ပြီး ဆင်တောင်လို့ အဓိပ္ပါယ်ရပါတယ်။ မြန်မာဘာသာစကားကို ပြောင်းလဲသည့်အခါမှ ဇလုံတောင်လို့ အမည်တွင်ခဲ့ခြင်း ဖြစ်ပါတယ်။
လွိုင်စန့်လုံကို မိုးတွင်းကာလမှာ သွားလာလို့ မရနိုင်ပါဘူး။ လမ်းတွေဟာ အခုထိတိုင် မြေသားလမ်း ဖြစ်နေပြီး မိုးတွင်းကာလမှာ သွားလို့ ရမယ့် လမ်းမရှိပါဘူး။ ဆောင်းဦးကာလမှ မိုးဦးကာလထိ သွားရောက်လည်ပတ်လို့ ရပါတယ်။ မည်းနက်နေတဲ့ ကျောက်တောင်များက တောတောင်များအလယ်မှာ ရှိပြီး စေတီများ၊ ဆင်းတု ရုပ်ပွားများနဲ့ သံဃာ့ကျောင်းဆောင်များ ရှိပါတယ်။
ရာသီဥတုသာယာရင် ဗန်းမောက်မြို့ကနေ ရိပ်ရိပ်လေး လှမ်းမြင်ရပါတယ်။ လွိုင်စန့်လုံကို လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်က ခြေလျင်ဖြင့်သာ သွားရောက်ကြပါတယ်။ ယခုတော့ ခြေလျင်ခရီး သွားရောက်တဲ့သူ နည်းပါးသွားပါပြီ။ လွိုင်စန့်လုံတောင် တက်နိုင်ဖို့ တောင်တက် ကားကွင်းလည်း ရှိနေပြီ ဖြစ်ပါတယ်။
တောင်တက်ကားခက တစ်ဦးလျှင် အသွားအပြန် ကျပ် ခုနှစ်ထောင်ကျသင့်မှာ ဖြစ်ပါတယ်။ တောင်တက်ခရီးက တစ်နာရီခန့် ကြာမြင့်တတ်ပါတယ်။ တောင်တက်လမ်းမှာလည်း တထောက်နားစခန်းတွေ ရှိပါတယ်။အေးမြတဲ့ စမ်းချောင်း စီးဆင်းနေတဲ့ ဦးဘောစခန်းမှာလည်း နားခိုပြီး အစားအသောက်များ စားနိုင်ပါတယ်။ ထိုမှ ခရီးပြန်ဆက်ရင် ကျောက်မဏ္ဍပ်ကို ရောက်ပါ့မယ်။ကျောက်မဏ္ဍပ်က ထုထည်ကြီးမားတဲ့ ကျောက်ဖျာဖြစ်ပါတယ်။ ကျောက်မဏ္ဍပ်ဟာ အကျယ်အဝန်းကြီးပါတယ်။ ကျောက်မဏ္ဍပ် တက်ရတဲ့လမ်းကတော့ မတ်စောက်ပါတယ်။
ကျောက်မဏ္ဍပ်ကနေ လွိုင်စန့်လုံကို လှမ်းမြင်ရပြီဖြစ်ပါတယ်။ အဲဒီက ကျော်သွားရင်တော့ ကျွန်းပင်ကြီးများ၊ အင်ပင်ကြီးများနဲ့ အုံ့ဆိုင်း စိမ်းစိုနေတဲ့ တယ်ပင်ပြန့်စခန်းကို ရောက်တော့မှာ ဖြစ်ပါတယ်။ ဆိုင်ကယ်နဲ့ တက်ခွင့်ရတဲ့ အချိန်တုန်းက ဆိုင်ကယ်ကို တယ်ပင်ပြန့်စခန်းမှာထားပြီး ခြေလျင် ပြန်တက်ရပါတယ်။ တယ်ပင်ပြန့်မှာတော့ ဒေသရိုးရာ စားစရာများကို ခံတွင်းမြီန်ဖွယ် ရနိုင်ပါတယ်။ မုန်ညင်းပေါင်း၊ ဟင်းပေါင်း၊ ဟင်းလှော်များ၊ အင်ဖက်နဲ့ ထုပ်ထားတဲ့ ထမင်းများက ခရီးသွားများကို အစဉ်သဖြင့် ဆွဲဆောင်နေပါတယ်။
တယ်ပင်ပြန့်ကနေပြီး နေထွက်ချိန်ဆို လွိုင်စန့်လုံကို ရွှေရောင်သန်းတဲ့ ရွှေတောင်အဖြစ် မြင်တွေ့နိုင်ပါတယ်။ တယ်ပင်ပြန့်မှာ အရင်ကတော့ တောင်ဘေးဖောက်ထားတဲ့ အတက်လမ်းရှိပါတယ်။ တောင်အောက်ခြေကနေ အုတ်လှေကားနဲ့ တရွေ့ရွေ့ တက်သွားရုံပါပဲ။ တယ်ပင်ပြန့်မှာပဲ တောင်ပေါ်သို့ ဆိုင်ကယ်နဲ့ တက်လို့ ရမယ့်လမ်းလည်း ရှိပါတယ်။ ကားလမ်း ဖောက်လုပ်ထားတယ် ဆိုပေမယ့် အလွန် မတ်စောက်ပါတယ်။ ခုတော့ အနည်းငယ် ပြုပြင်ထားပါတယ်။ တောင်တက်ကားတွေတော့ တက်လို့ အဆင်ပြေပါတယ်။
တောင်ပေါ်ရောက်ရင် လွိုင်စန့်လုံဘုရား ဖူးရန်အတွက် ထိုကျောက်တောင်ပေါ် ခြေလျင်တက်ရမှာဖြစ်ပါတယ်။ ကျောက်တောင်ကို တက်မယ့်လမ်းတွေဟာ ရုတ်တရက် ကြည့်မယ်ဆိုရင် မတွေ့နိုင်ပါဘူး။ တောင်ထိပ်ထိ တက်ဖို့လမ်းဟာ လူနှစ်ယောက်သွားစာလောက်မျှပဲ ကျယ်ဝန်းပါတယ်။
တောင်ထိပ် ဘုရားရင်ပြင်ဟာလည်း ကျဉ်းလွန်းပါတယ်။ လေးမျက်နှာဘုရားနဲ့ စေတီငယ်များတည်ရှိပါတယ်။ စေတီတွေနဲ့ ရုပ်ပွားဆင်းတုများစွာလည်း ကမ်းပါးယံမှာ ရှိပါတယ်။
ကျယ်ကျယ်ဝန်းဝန်း ဖူးခွင့်ရနိုင်ရန်အတွက် တောင်တစ်ခုလုံးကို မြင်တွေ့ရတဲ့ နေရာမှာ ဘုရားဖူးရင်ပြင်လည်း တည်ဆောက်ပေးထားပါတယ်။
ဘုရားဖူးများ တည်းခိုနိုင်စေဖို့ တည်းခိုဆောင်များ၊ အစားအသောက် ဆိုင်တန်းများ၊ လက်ဆောင်ပစ္စည်း အရောင်းဆိုင်များလည်း ရှိနေပြီ ဖြစ်ပါတယ်။
လွိုင်စန့်လုံခရီးသွားလုပ်ငန်းဟာ တစ်နှစ်ကျော်အတွင်း တိုးတက်မှု မြန်ဆန်တယ်လို့ ဆိုနိုင်ပါတယ်။လွိုင်စန့်လုံကို ဘုရားဖူးသက်သက်တင်မဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်များ လေ့လာနိုင်ရန်အတွက်လည်း သွားရောက်သင့်တဲ့ နေရာဖြစ်ပါတယ်။ စုံလင်လှတဲ့ သစ်ခွမျိုးစိတ်များနဲ့ သစ်မာအမျိုးအစားများ ဖြစ်တဲ့ အင်၊ကျွန်း၊ တမလန်း စတဲ့ သစ်များ ပေါက်ရောက်တဲ့ နယ်မြေလည်း ဖြစ်ပါတယ်။
အေးမြတဲ့ စမ်းချောင်း ပေါများပြီး ရဟန်းများ ပျော်စံရာအရပ်လို့ ဆိုရင်လည်း မမှားနိုင်ပါဘူး။ သဘာဝသားကောင်များစွာလည်း ရှိနေပါသေးတယ်။ သဘာဝကို ချစ်မြတ်နိုးသူများအတွက် နေရာကောင်းတစ်ခုအဖြစ်လည်း ညွှန်းပေးချင်ပါတယ်။ ဆင်၊ သမင်၊ ဒရယ်၊ မျောက်စတဲ့ တိရစ္ဆာန်တွေအပြင် ငှက်မျိုးစုံလည်း ပေါများစွာ ကျင်လည်ကျက်စားကြပါတယ်။
လွိုင်စန့်လုံပတ်ဝန်းကျင်ဟာ စိမ်းစိုလှပနေရုံမက ဒေသခံတွေရဲ့ ဖော်ရွေလှပတဲ့ စိတ်ထားနဲ့ စရိုက်ဓလေ့တွေကိုလည်း ချစ်ခင်ဖွယ် လေ့လာထိတွေ့ သိမြင်နိုင်ရာ အရပ်ဒေသဖြစ်ပါတယ်။
လွိုင်စန့်လုံရဲ့ သဘာဝပတ်ဝန်းကျင်ကို လူတွေ မဖျက်ဆီးဘဲ ကျန်နေတဲ့ ကမ္ဘာငယ်တစ်ခုရယ်လို့ ညွှန်းဆိုရင်း အရောက်လှမ်းသွားကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။
သိကောင်းစရာလမ်းညွှန်များ
လမ်းခရီး လွိုင်စန့်လုံတည်ရာ ဗန်းမောက်မြို့ဟာ မန္တလေးမြို့မှ မြောက်ဘက် (၂၂၄)မိုင်အကွာမှာ ရှိပြီး ကားလမ်းခရီးဖြင့် (၁၀)နာရီကြာ မောင်းနှင်ရမှာပါ။ ရထားခရီးလမ်း တိုက်ရိုက် မရှိပေမဲ့လည်း မန္တလေး - မြစ်ကြီးနားရထားဖြင့် အင်းတော်ဘူတာမှာ ဆင်းပြီး အင်းတော်မှ ဗန်းမောက်သို့ (၂၈)မိုင်သာ ကားစီးရမှာ ဖြစ်ပါတယ်။ မိုးညှင်းမှ ဗန်းမောက်ထိ ၇၆ မိုင်သာ ဝေးပြီး နှစ်နာရီခွဲကြာ ကားမောင်းရမှာ ဖြစ်ပါတယ်။
တည်းခိုစရာ
ဗန်းမောက်မြို့မှာ တည်းခိုခန်းများ၊ အဆင့်မြင့်ဟိုတယ်များ အများအပြား ရှိနေပြီဖြစ်ပါတယ်။ တည်းခိုခန်းခ နှုန်းထားက အနည်းဆုံး ကျပ် ၇၀ဝဝ ကစ တည်းခိုနိုင်ပါတယ်။ ဟော်တယ်တွေမှာလည်း ဈေးနှုန်း သင့်တင့်ပါတယ်။ ခရီးသွားကာလများမှာ တည်းခိုစရာမရပါက ဘုန်းကြီးကျောင်းများမှာလည်း စိတ်လက်ချမ်းမြေ့စွာ တည်းခိုနိုင်ကြမှာ ဖြစ်ပါတယ်။
အစားအသောက်
ဒေသအစားအစာများအပြင် တခြားဒေသက အစားအစာများလည်း ရနိုင်ပါတယ်။ ရာသီပေါ်သီးနှံများလည်း ရနိုင်မှာ ဖြစ်ပါတယ်။
လည်ပတ်စရာ
လွိုင်စန့်လုံတစ်ခုတည်းမဟုတ်ဘဲ ရေတံခွန်လည်း ပေါများပါတယ်။ ရေတံခွန် သွားရတဲ့ လမ်းခရီးက မဖွံ့ဖြိုးသေးပေမယ့် ဘူးတောင်းရေတံခွန်က အလွန် လှပတင့်မောပါတယ်။ တောနောက်ရေတံခွန်၊ ကျောက်ဆည်ရေတံခွန် စသည်ဖြင့် ရေတံခွန်အများအပြားလည်း ရှိပါတယ်။သွားလည်မယ်ဆိုရင် ဒေသခံများကို အကူအညီတောင်း လမ်းပြစေပြီး သွားလာလို့ရပါတယ်။