လယ်ယာမြေများတွင် ရွှေ တရားမဝင် တူးဖော်နေ

လယ်ယာမြေများတွင် ရွှေ တရားမဝင် တူးဖော်နေ

ဟုမ္မလင်းမြို့နယ် ကွန်းသောင်းအုပ်စု ဟဲခမ်းကျေးရွာရှိ လယ်ယာမြေများကြားတွင် ရွှေ တရားမဝင် တူးဖော်မှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

တူးဖော်နေသည့် ကုမ္ပဏီများမှာ မြန်မာမောင်နှင့် လင်းလက်ရောင်ကုမ္ပဏီတိို့ ဖြစ်ပြီး ကွန်းတောင်းကျေးရွာအုပ်စုနှင့် ဟဲခမ်းရွာသစ်ကျေးရွာတို့၏ လယ်ယာနယ်နိမိတ်ကြားတွင် လုပ်ကိုင်လျက်ရှိနေကြောင်း ဟဲခမ်းရွာသစ် အုပ်ချုပ်ရေးမှူး ဦးစောမောင်က ပြောကြားသည်။

“လယ်ယာကြားလို့သာ ပြောတာ၊ ဘာမှ မသုံးရတဲ့ နေရာစိမ်း တောနေရာကြီး။ နွေစပါးလည်း မရ၊မိုးစပါးလည်း မရ၊ယာလည်း လုပ်လို့မရတဲ့ နေရာ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ရွှေမျှောများသည် တောင် သူများ၏ လယ်ယာစိုက်ပျိုးမြေများကြား ဖြစ်နေသောကြောင့် လယ်ယာမြေများ ပျက်စီးလာနိုင်သဖြင့် တောင်သူလယ်သမားများ ကန့်ကွက်သင့်ကြောင်း တရားမဝင် ရွှေတူးဖော်မှု ပပျောက်ရေး ဆောင်ရွက်နေသူ ဒေါ်စန်းစန်းဝင်းက ပြောသည်။

“ကျွန်တော်တို့ လယ်မှီးဘက်မှာဆို မုရင်းလယ် လုပ်ထားတယ်။အဲဒီကနေ အောက်ဘက်လုပ်ပြီး ဆင်းသွားမှာ၊ လောလောဆယ်တော့ ကျွန်တော်တို့ လယ်ကိုတော့ မပါသေးဘူး၊ အောက်ပိုင်းလယ်က လယ်တွေဆို မျှောမှီးရေကတော့ သွားမှာပဲ။ နောက်ပိုင်းဆို ပျက်မှာပဲ”ဟု ဟဲခမ်းရွာသစ်မှ လယ်သမားဦးစံညွှန့်က ပြောသည်။

အဆိုပါရွှေမျှောများသည် လတ်တလော ရေရရှိမှုအခက်အခဲများကြောင့် လုပ်ငန်း ရပ်ထားကြောင်း ဦးစံညွှန့်က ပြောကြားသည်။

“လယ်ယာတွေ ပျက်တဲ့အထိတော့ ကျွန်တော်တို့လည်း ကြည့်မနေပါဘူး။ အခုဟာ လောလောဆယ် ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လယ်တွေ သူတို့အနေနဲ့ သဘောတူလို့ လုပ်ခိုင်းထားတဲ့ပုံစံ”ဟု အုပ်ချုပ်ရေးမှူး ဦးစောမောင်က ဆိုသည်။

ရွှေ တူးဖော်နေသော မြန်မာမောင် ကုမ္ပဏီနှင့် လင်းလက်ရောင်ကုမ္ပဏီနှစ်ခုသည် အစိုးရမှ လုပ်ပိုင်ခွင့် ချထားခြင်းမရှိသေးသည့်ကုမ္ပဏီဖြစ်ကြောင်း ဟုမ္မလင်းမြို့နယ် သတ္ထုတွင်းဌာနမှ ဦးအောင်ကျော်ထွန်းက ရှမ်းနီအသံ မေးမြန်းမှုကို ဖြေကြားထားသည်။

Most read this week

November 23, 2024
မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ကနေတဆင့် အိန္ဒိယနိုင်ငံအထိ ...
November 22, 2024
ကချင်ပြည်နယ်အတွက် စက်သုံးဆီခွဲတမ်း( Purchase Order – PO)ကို  မြစ်ကြီးနားမြို့တစ်ခုတည်းကိုသာ...
November 20, 2024
တော်လှန်ရေးကာလ သုံးနှစ်ကျော်ကြာမြင့်လာချိန် ပင်လည်ဘူးမြို့နယ်က ကလေးငယ်တွေဟာ ကျောင်းပညာရေးကို...
November 20, 2024
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းလက်နက်ကိုင်တပ်ဖွဲ့  PSLF/TNLA...