ကယား(ကရင်နီ)ပြည်နယ်၏ သတ္တုတူးဖော်ရေးအကြီးဆုံးလုပ်ငန်းဖြစ်တဲ့ မော်ချီးခဲမဖြူအဖြိုက်နက် သတ္တုလုပ်ငန်းတည်ရှိရာနေရာဟာဆိုရင် တောင်ကုန်းတောင်တန်းတွေပေါတဲ့ ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ တည်ရှိပါတယ်။
အဲဒီလုပ်ငန်းဟာဆိုရင်နှစ်ပေါင်းတစ်ရာကျော်နေပြီဖြစ်တဲ့အတွက် ခေတ်အဆက်ဆက်အစိုးရလက် ထက်တွေမှာ လုပ်ကိုင်လာခဲ့ကြပေမယ့်လို့ ပွင့်လင်းမြင်သာမှု ယခုချိန်ထိ မရှိသေးဘူးလို့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောင့်ရေးအဖွဲ့တွေက ဝေဖန်သုံးသပ်နေကြပါတယ်။
သတ္တုတူးဖော်မှုလုပ်ငန်းတွေကြောင့် ဒေသခံတွေသောက်သုံးနေကြရတဲ့ ခဲမဖြူကျေးရွာအနီးက မိုလိုချောင်းဟာဆိုရင်လည်း သောက်သုံးလို့မသင့်တော်တော့ပဲ ညစ်ညမ်းနေတာတွေကို တွေ့ရပါ တယ်။
ဒါကြောင့် သတ္တုတွင်းလုပ်ငန်း ထုတ်ယူသုံးစွဲမှုကြောင့် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင် အခြေအနေကို လေ့လာစောင့်ကြည့်ဖို့ အရေးကြီးလိုနေပြီဖြစ်တယ်လို့ Kayah Earthrights Action Network (KEAN) မှ ကိုအယ်စေးက ပြောလိုက်ပါတယ်။
သတ္တုတူးဖော်ရေးလုပ်ငန်းတွေဟာ လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေးချိုးဖောက်မှုတွေ ထိခိုက်မှုတွေဖြစ်ပေါ်စေတဲ့ လုပ်ငန်းတစ်ခုဖြစ်ပေမယ့်လည်း အဲဒီထဲမှာ ပါဝင်ပါသက်နေကြတဲ့ လူပုဂ္ဂိုလ်တွေ ကုမ္မဏီတွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ တာဝန်ယူမှု တာဝန်ခံမှုမရှိသလောက်ဖြစ်နေတာကို တွေ့မြင်နေရပါတယ်လို့ဆိုပါတယ်။
“ မြစ်ချောင်းတွေ ပျက်တာအများကြီးရှိတယ် ပြီးတော့ သစ်တောတို့ တောတောင်တို့ ပျက်ဆီးတာ အများကြီးရှိတယ် ဒါပေမယ့် ဒါတွေဒေသခံကို ပြောရင် ဒေသခံတွေ အများစုက မပြောရဲဘူး။” လို့ ကိုအယ်စေးက ပြောပါတယ်။
ဒေသခံတွေကလည်း တစ်စိပ်တစ်ပိုင်းအားဖြင့် အကျိုးအမြတ်အနည်းအကျဉ်းရနေတဲ့အတွက် ဒီအပေါ်မှာ မှီခိုရတာတွေကြောင့် ပြောဖို့ဆိုဖို့ အခက်အခဲတွေဖြစ်စေလာတာဖြစ်ပါတယ်။
ဒီလိုပျက်စီးသွားတဲ့အပေါ်မှာလည်း မည်သူမည်ဝါက တာဝန်ယူမလဲဆိုတာက မေးခွန်းထုတ်စရာတွေ ရှိလာပါတယ်။
KEAN အဖွဲ့မှ သုသေတနပြုလုပ်ထားသည့်အချက်အလက်အရ မော်ချီးဒေသတွင် သောက်သုံးရေ စစ်ဆေးမှုများ ပုံမှန်စစ်ဆေးလာခဲ့ရာ ပုံမှန်ပြောင်းလဲမှုတွေရှိနေတာကြောင့် ရေအရင်းအမြစ်တွေဟာ ပျက်စီလာနေပြီဖြစ်တယ်လို့ သိရပါတယ်။
“ကျတော်တို့ပြောတာက သာဘာဝပတ်ဝန်းကျင်ပျက်ဆီးတယ် ပြီးတော့ အရင်းအမြစ်ပျက်ဆီးလို့ ကျတော်တို့ပြောခြင်း ဖြစ်တယ်။” လို့ ကိုအယ်စေးက ပြောပါတယ်။
အချို့သောရေချိုအရင်းအမြစ်တွင် ခဲသတ္တုဓာတ်(Lead)နှင့် စိန်ဓာတ်(Arsenic) ပါဝင်မှုပမာဏဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းထက် ကျော်လွန်နေတာတွေ့ရတယ်လို့ KEAN အဖွဲ့မှ ပြုလုပ်ထားတဲ့ သုသေတနအရသိရပါတယ်။
သတ္တုတူးဖော်ထုတ်လုပ်မှုလုပ်ငန်းတွေကြောင့် ထိခိုက်ခံစားနေရတဲ့ ဌာနေတိုင်းရင်းသားတွေသာမက သူတို့အခွင့်အရေးတွေအတွက် လှုပ်ရှားဆောင်ရွက်နေကြတဲ့ ဒေသခံပြည်သူတွေ အရပ်ဖက်လူထု အခြေပြုအဖွဲ့အစည်းတွေကိုလည်း ဒီသတ္တုတူးဖော်တဲ့ လုပ်ငန်းပါဝင်ပတ်သက်ဖို့ ကန့်သတ်မှုခံ နေရတာတွေ၊ အသက်အန္တရာယ်ခြိမ်းခြောက်တာတွေ စတဲ့စိန်ခေါ်မှုတွေလည်းကြုံတွေ့နေကြ ရပါတယ်။
မော်ချီးခဲ့တွင်းသတ္တုလုပ်ငန်းကိုလည်း တူးဖော်ခွင့်ကိုလည်း ကယားပြည်နယ် သတ္တုတူးဖော်ထုတ်လုပ် ရေးကုမ္ပဏီ( Kayah State Mining Product Company Limited- KMPC) က ထပ်မံတူးဖော်ခွင့် သက်တမ်းတိုးရရှိပြန်ပါတယ်။
သတ္တုတွေ အကြီးအကျယ် ထပ်မံတူးဖော်ဖို့ဆောင်ရွက်နေကြတဲ့အပြင် မော်ချီးဒေသ ထိုးမူခီးလုပ်ကွက်မှာဆိုရင်လည်း အဖွင့်တူးစနစ်နဲ့ ခဲတွေကိုအများကြီး ထုတ်နေတာတွေရှိတယ်လို့ သိရပါတယ်။
အဲဒီမှာ တရုတ်လူမျိုးအများကြီး ပါဝင်ပတ်သက်မှုအများဆုံးလုပ်ကွက်လို့လည်း ဒေသခံတွေဆီကနေ တဆင့်ကြား သိနေရပါတယ်။
အဲဒီလုပ်ကွက်က အလုပ်သမားတွေကိုအလုပ်ခေါ်လို့ရှိရင် ဒေသခံတွေထဲကမဟုတ် ဘဲနဲ့ တခြားဒေသကနေ ခေါ်လာပြီးအလုပ်လုပ်ခိုင်းပါတယ်။
အဲဒီလုပ်ကွက်က အပြင်လူကော ဒေသခံကော လုပ်ကွက်ထဲကို သွားရောက်ဖို့ ပိတ်ပင်ကန့်သတ်ထားတာတွေရှိပါတယ်။
အဲဒီလုပ်ငန်းခွင်ကို သွားဖို့ဆိုရင် လက်နက်ကိုင်အဖွဲ့တွေကနေ လက်နက်တွေကိုင်ထားပြီး စောင့်ကြပ်တဲ့ ဂိတ်တွေကိုဖြတ်သွားရပါတယ်။
အဲဒီသတ္တုတွင်းမှာ နေ့ရောညပါတူးဖော်နေတာတွေရှိပြီး တရုတ်လူမျိုးတွေကနေ ဦးစီးလုပ်နေကြ တယ်လို့ လုပ်ငန်းခွင်ရောက်ဖူးတဲ့ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရသိရပါတယ်။
စီမံကိန်းတွေကြောင့် မြေပြိုတာတွေ၊ သစ်တောပြုန်းတီးပျက်စီးလာတာတွေ၊ ရေအရင်းအမြစ်ရှားပါး လာတာတွေ၊ မြစ်ချောင်းတွေတိမ်ကောပျက်စီးလာတာတွေ၊ စိုက်ပျိုးခြံထိခိုက်ပျက်စီးလာတာတွေ စတဲ့ ဆိုးကျိုးသက်ရောက်မှုတွေ ကြံတွေ့နေရပြီလို့ KEAN အဖွဲ့က ၂၀၁၈ခုနှစ် သြဂုတ်လက သတ္တုလုပ်ငန်းနဲ့ပတ်သက်ပြီး သုတေသနပြု လုပ်ထားတဲ့ “တိတ်ဆိတ်စွာဆက်လက်ဖြစ်ပေါ်နေသော လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေးချိုးဖောက်မှုများ” ဆိုတဲ့ စာတမ်းအရ သိရပါတယ်။
လိုခါးလိုအပေါ်ဘက်မှာရှိတဲ့ ပေါင်မုန့်တုံးလို့ ဒေသခေါ်ဝေါ်ကြတဲ့ ကျောက်တုံးကြီးဟာဆိုရင် အမြင့်ဆုံးမှာရှိပြီး အဲဒီပေါင်မုန်တုံးအောက်မှာက လုပ်ကွက်တွေအများကြီးရှိနေတဲ့အတွက်ကြောင့် ပြိုကျနိုင်တဲ့ နေရာတခုလည်းဖြစ်တဲ့အတွက် စိုးရိမ်စရာတွေရှိတယ်လို့ ဒေသခံတွေဆီကနေ ကြသိရပါတယ်။
“ဘူမိဗေဒစစ်ဆေးချက်အရ အဲဒီတောင်ပေါ်က ဘုရားကနေစလို့ ဒီရုံးအထိအက်ကြောင်းတွေပဲ အဲဒီက ပြိုကျလိုက်ပြီဆိုရင် သူတို့လုပ်ထားတာတွေ အလကားပဲ ပိတ်ဆံတွေပစ်ချလိုက်သလိုပဲ။ မလုပ်ဘူးဆိုလည်းမဟုတ်ဘူး လုပ်တော့လုပ်တယ် ထိထိမိမိရှိသလားမရှိဘူးလား သေချာစဉ်းစား လုံးဝထိထိမိမိကာကွယ်နိုင်တဲ့တခုက ဒီပေါင်မုန့်တုံးအောက်ကကျတဲ့တခုက မလုပ်လို့ရှိရင် အောင်ချမ်းသာ တရပ်ကွက်လုံးက မျှော်လင့်ချက်သိပ်မရှိဘူး။” လို့ မော်ချီးမှာ နေထိုင်လျက်ရှိတဲ့ ကျန်းမာရေး ဆရာမ မာဂရက်စိန်က ပြောပါတယ်။
“ဒေသခံတစ်ယောက်အနေနဲ့ အဲဒီပေါင်မုန့်လုံးကိုပြောမယ်ဆိုရင် ဒါကအောက်ခြေမှာက ကျဉ်းတွေများတယ်။ မလုပ်တာကောင်းမယ်။ တကယ်တမ်းထိခိုက်မှုရှိလာမှာက လိုခါးလိုဘက်များမှာပေါ့။ ဘာကြောင့်လဲဆို အောက်ခြေပြုတ်ရင် လိုခါးလိုဘက်ဆင်းမှာပဲ။ လိုခါးလို၊ ကွက်သစ်အဲဒီတစ်ဖက်တော့လူများတယ်။ တကယ်လိုပြိုခဲ့ရင် ထိခိုက်မှုတော်တော်များမယ်။” လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ဦးဇော်မင်းထွန်းက ပြောပါတယ်။
ပြီးခဲ့တဲ့လတွေထဲက ပညာရှင်တချို့ဟာ မော်ချီးဘက်ကို သွားရောက်လေ့လာခဲ့ရာမှာ သတ္တုတွင်းဥပဒေအရ မိုင်းဧရိယာမှာ လူတွေမနေသင့်ကြောင်း၊ မြေသားရဲ့ အလေးချိန်ကိုလျော့ချသင့်ကြောင်း၊ မြေထိန်းနံရံတွေ ပြုလုပ်ထားသင့်ကြောင်းစတဲ့ အချက်တွေကို မြေပြိူမှုမဖြစ်ပွားနိုင်ရန်အတွက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း ဆရာမ မာဂရက်စိန်က ဆိုပါတယ်။
မော်ချီးဒေသသဘာဝဘေးအန္တရာယ်ဆိုင်ရာထိန်းသိမ်းကာကွယ်ရေးအတွက်၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ကုမ္ပဏီကနေ ရန်ပုံငွေသိန်း၅၀၀လှူဒါန်းခဲ့ကြောင်းမှတ်တမ်းအရသိရပါတယ်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာထိန်းသိမ်းကာကွယ်ရေးအဖွဲ့ကို၂၀၁၇ခုနှစ်မှာ ကုမ္ပဏီက တာဝန်ရှိသူတွေ လွှတ်တော်ကိုယ်စားလှယ်တွေ ၊ဒေသခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းခဲ့ပေမယ့်လည်း လုပ်ငန်းဆောင်ရွက်ဖို့ အားနည်းနေတယ်လို့သိရပါတယ်။
ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ခိုင်မာတဲ့ နိုင်ငံရေးပြောင်းလဲမှုမရှိသေးဘဲနဲ့ လုပ်ငန်းတွင် ရှေ့ဆက်ချဲ့တာတွေ မလုပ်ပေးဖို့ သက်တမ်းမတိုးပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ ထံကနေတဆင့် တောင်းဆိုနေချိန်မှာပဲ သတ္တူးထပ်မံတူးဖော်ဖို့ ၅ နှစ်သက်တမ်းရရှိသွားပြီဖြစ်ပါတယ်။
ဒါကြောင့် ယခုလို အဘက်ဘက်က တောင်းဆိုတားမြစ်နေတဲ့ကြားက ကုမ္ပဏီတွေကို ထပ်မံသက်တမ်းတိုးပေးလိုက်တာဟာ အဂတိလိုက်စားမှုတခုပဲလို့ ကိုယ်အယ်စေးက သုံးသပ်ပြောဆိုသွားပါတယ်။
“ ကျတော်တို့ ကြည့်လို့ရတယ် ဘယ်မှာလဲ အကျင့်ပျက်ခြစားမှုတွေက ယနေ့ထိတိုင် အားကောင်းတယ်ဆိုတာ ပေါ်လွင်နေတာဘဲ။”