မန်းအောင်ပြည်စိုး - ကရင်တိုင်းရင်းသားများ၏ ရိုးရာအကများအနက် ကရင်ဒုံးအကကို လူကြိုက်များလှသည်။ ကရင်ပြည်နယ်အတွင်းသာမက နိုင်ငံ တစ်ခုလုံးအပြင် ကမ္ဘာ့နိုင်ငံအချို့သို့ပင် ပေါက်မြောက်ကျော်ကြားပြီး ကမ္ဘာမြေအနှံ့ နေရာယူလာပြီဟုပင် ဆိုရပါမည်။
စင်စစ် ယနေ့ လူကြိုက်များလှသည့် ခေတ်ပေါ်ကရင်ဒုံးအက၏ အစပြုရာသည် “မောင်ရိုးဒုံးအက”ပင် ဖြစ်သည်။ ယဉ်ယဉ်ကျေး ကျေး၊ အေးအေးဆေးဆေးဖြင့် ဖြစ်တည်လာခဲ့ရာမှ ယခုဆိုလျှင် မြူးကြွသွက်လက် ထက်မြက်သော အကအဖြစ် ပြိုင်ပွဲတစ်ရပ် အသွင် ကရင်ပြည်နယ်နေ့ အခမ်းအနားများ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့ကြပါသည်။
သို့ရာတွင် ယခုခေတ်ပေါ် ကရင်ဒုံးအကအပြင် တိရစ္ဆာန်အချို့၏အမည်ဖြင့် ယှဉ်တွဲသရုပ်ဖော် ကပြရသော ကျွဲဒုံး၊ သမင်ဒုံး၊ မျောက်ဒုံး စသည်တို့နှင့်တကွ “ရှာလေးဖလုံဒုံး” ခေါ် “ပဝေသဏီ လူကြီးများဒုံး”တို့လည်း ရှိနေခဲ့သည်ကို သိရှိသူ လွန်စွာ နည်းပါးသွားပြီ ဖြစ်ပါသည်။ “ရှာလေးဖလုံဒုံး”ကို ယခင် ကရင်လူကြီးများ၏ အဆိုအမိန့်များ၊ မှတ်သားဖွယ်ထား တပေါင်များ၊ ခေတ်ကို သရော်သည့် ထေ့လုံးငေါ့လုံး တေးသီချင်းများဖြင့် သီဆိုကပြကြခြင်းဖြစ်ရာ မှတ်ယူဖွယ်ကောင်းသလို စိတ်ကို ကြည်နူး အပန်းဖြေစေသည်သာမက ခေတ်၏အရွေ့တွင် မည်သည်တို့ကို ပြုပြင်သင့်၊ ရှောင်ရှားသင့်ကြောင်း ညွှန်ပြသည်လည်း ပါရှိသ ဖြင့် သတိမူစရာများ အပြည့်အဝပင်ဖြစ်သည်။
“ရှာလေးဖလုံဒုံး”အကကို “ကျောင်းကဒယ်ဒုံး” အကဟုလည်း တချို့ခေါ်ဆိုကြသည်။ “ကျောင်းကဒယ်”ဟူသည့် အရှေ့ပိုးကရင် တို့၏ စကားအဓိပ္ပါယ်မှာ “ဖြစ်ချင်ရာဖြစ် (သို့မဟုတ်) ကချင်ရာက”ဟူ၍ ဖြစ်ပါသည်။ ဒုံးအဖွဲ့၏ သီချင်းသံ ကာရန်ညီသည် ရှိသ ကဲ့သို့ ကာရန်ပျက်သည်လည်း ပါသည်။ ကကွက် ကဟန် တူချင်မှတူမည်၊ ညီချင်မှညီမည် ဖြစ်သဖြင့် ပစ္စလက္ခတ်သဘောမျိုး ဆန်နေသည်ကိုပင် နှစ်ခြိုက်သဘောကျသူ အများအပြား ရှိပါသည်။
နှစ်စဉ် နိုဝင်ဘာ (၇)ရက်နေ့၌ ကျင်းပမြဲဖြစ်သည့် ကရင်ပြည်နယ်နေ့ ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲ မစတင်မှီ ဖျော်ဖြေရေးအဖြစ် မူကြိုအရွယ်ကလေးငယ်များ၏ ဒုံးအကနှင့် “ကျောင်းကဒယ်”ဒုံးအကတို့ဖြင့် ပဏာမ ဖျော်ဖြေပေးသည့် အစီအစဉ်ရှိပါသည်။ နှစ်စဉ်လိုနီးပါး “ကျောင်းကဒယ်” ဒုံးကို စတင် ဖျော်ဖြေခဲ့ရာမှ ၂၀၁၇ခုနှစ်တွင် ဒုံးပြိုင်ပွဲစင်မြင့်၌ ဖျော်ဖြေခွင့်ကို ကရင်ပြည်နယ် အစိုးရက ပိတ်ပင်တားမြစ်ခဲ့သည်ဟု သိရှိရပါသည်။ အကြောင်းမှာ ထိုဒုံး၏ စပ်ဆိုတေးသီချင်း စာသားအချို့သည် အစိုးရကို လား၊ NLD ပါတီကိုလား ထိခိုက်နစ်နာမှုရှိသည်ဟု ပြောဆိုတားမြစ် ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ပြောဆိုသံ ကြားရပါသည်။ ထိုဖြစ်စဉ် မှန်ကန်သည်ဆိုပါက ကရင်ပြည်နယ်အစိုးရ၏ ဆောင်ရွက်ချက် လွဲချော်သွားပြီဟု ဆိုနိုင်ပါသည်။ ဒီမိုကရေစီ၏ သဘောတရားတွင် ဝေဖန်ထောက်ပြခြင်းရှိပါမှ၊ အတိုက်အခံရှိမှ အမှန်တရားပေါ်လာမည်ဖြစ်သည်။ ဒီမိုကရေစီဆန်နေမည် မဟုတ်ပါလား ….. အဝေဖန်မခံချင်၍လား …. ကရင်ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်သော ပဝေသဏီမှ “ကျောင်းကဒယ်” ဒုံးအက ၏ ဝေဖန်ထောက်ပြချက်များကို မခံနိုင်၍လား…. ကရင်ယဉ်ကျေးမှုအကြောင်းမသိ၍ ယခုကဲ့သို့ တားမြစ်လိုက်သည်လား … စသည့် မေးခွန်းများ ပေါ်ပေါက်ခဲ့ပါသည်။ ပဟေဋိကို အဖြေညှိ၍ မရသည်ကို အသာထားပြီး ၂၀၁၇ခုနှစ်တွင်တော့ “ကျောင်းကဒယ်ဒုံး” တင်ဆက်ကပြခွင့် မရခဲ့ဘဲ ၂၀၁၈ခုနှစ် ကရင်ပြည်နယ်နေ့မှသာ ပြန်လည်ကပြခွင့်ရရှိကြောင်း သိရှိခွင့် ရပါသည်။
နိုင်ငံတော်တွင် ပြည်နယ်နှင့် တိုင်းအလိုက် တိုင်းရင်းသားရေးရာ ဝန်ကြီးများကို ရွေးချယ်ခန့်အပ်ခဲ့ကြပါသည်။ ဥပဒေအရ သက် ဆိုင်ရာတိုင်းရင်းသား၏ ပြည်နယ်တွင် သက်ဆိုင်ရာ တိုင်းရင်းသားရေးရာဝန်ကြီးကို ရွေးချယ်ခွင့်မရှိပါ။ သတ်မှတ်ဦးရေ အချိုး ပြည့်မှီသော အခြားတိုင်းရင်းသားများ၏ ရေးရာဝန်ကြီးနေရာများသာ ရွေးချယ်ခွင့်ရှိပါသည်။ သို့ဖြစ်ရာ သက်ဆိုင်ရာ ပြည်နယ် ဝန်ကြီးချုပ်၊ ဝန်ကြီးများသည် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးမဟုတ်လျှင်လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းရင်းသား ဟုတ်ခဲ့ လျှင်ပင် ထိုတိုင်းရင်းသား၏ ရိုးရာဓလေ့ ထုံးတမ်းစာပေ စကားများကို မသိနားမလည်လျှင်လည်းကောင်း၊ ရိုးရာဓလေ့ထုံးတမ်း စာပေ စကားများအကြောင်းကို သိရှိပါလျက်လည်း စိတ်ဝင်တစား စိတ်ပါလက်ပါ ဆောင်ရွက်ပေးလိုသည့် ဆန္ဒမရှိလျှင်သော် လည်းကောင်း၊ ထိုပြည်နယ်ရှိ သက်ဆိုင်ရာ တိုင်းရင်းသား၏ အရေးအရာ၊ ဓလေ့ထုံးစံ စာပေစကား၊ ယဉ်ကျေးမှုအစဉ်အလာ များ၊ မှေးမှိန်သွားနိုင်ပြီး ကွယ်ပျောက်ပျက်သုဉ်းသွားနိုင်သည့် အခြေသို့ပင် ဆိုက်ရောက်နိုင်ပါသည်။
စဉ်းစားသုံးသပ်နိုင်ရန် ကရင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစာပေ စကားများအကြောင်း တင်ပြလိုပါသည်။ ကရင်တို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများအနက် ထင်ရှားကျော်ကြားလူသိများသည်တို့မှာ -
(၁) ကရင်နှစ်သစ်ကူးခြင်းအကြောင်း
(၂) ကရင်ရိုးရာလက်ချည်ပွဲအကြောင်း
(၃) ကရင်ဒုံးအက အပြင် အခြားအကများနှင့် တူရိယာပစ္စည်းများအကြောင်း
(၄) ကရင်မျိုးနွယ်စုနှင့် ဘာသာစကားများအကြောင်း
(၅) ကရင်စာပေအမျိုးမျိုး
(၆) ကရင်တော်လှန်ရေးသမိုင်း
(၇) ကရင်နေ့ထူးရက်မြတ်များ အကြောင်း
(၈) ကရင်တို့၏ ကိုးကွယ်ယုံကြည်မှု - စသည်တို့ဖြစ်ပါသည်။
အင်္ဂလိပ်လက်အောက် ကျရောက်စဉ်ကတည်းက ကရင်နှစ်သစ်ကူးနေ့ အသိအမှတ်ပြုခံခဲ့ရပြီး နိုင်ငံတော်၏ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့ပုံ၊ ယနေ့တိုင် ကရင်နှစ်သစ်ကူးနေ့ကို ပြာသိုလဆန်း (၁)ရက်နေ့မှာရော၊ တပို့တွဲလဆန်း (၁)ရက်နေ့မှာပါ ကျင်းပ နေကြသည့် အခြေအနေ၊ ကရင်သက္ကရာဇ် ဖြစ်ပေါ်လာပုံ စသည်တို့ကိုလည်းကောင်း၊ ကရင်ရိုးရာ လက်ချည်ပွဲ သုံးမျိုးရှိပုံနှင့် လက်ချည်ရသည့်အကြောင်း ချည်ဖြူ၊ ချည်နီ၊ ချည်မဲ စသည်ဖြင့် ချည်အရောင်မျိုးစုံနှင့် လက်ချည်နေကြသည့်အကြောင်း၊ လက် ချည်ရခြင်း၏ ရည်ရွယ်ချက်၊ လက်ချည်ပွဲတွင် ပါဝင်ရသည့် ပစ္စည်းများအကြောင်းကိုလည်းကောင်း၊ ထင်ရှားလူကြိုက်များသည့် ကရင်ဒုံးအက စတင်ပေါ်ပေါက်လာပုံ၊ ဒုံးအက အမျိုးအစားများ အခြားကရင်အကများနှင့် တူရိယာပစ္စည်းများအကြောင်းကို လည်းကောင်း၊ ကရင်မျိုးနွယ်စုပေါင်း ဘယ်၍ ဘယ်မျှရှိပြီး ပြောဆိုသုံးနှုန်းသည့် ဘာသာစကား ဘယ်နှစ်မျိုးရှိသည်ကိုလည်း ကောင်း၊ ကရင်စာပေ (၁၀)မျိုး ရှိနေသည့်အကြောင်းနှင့် နိုင်ငံတော်မှ မည်သည့်စာပေကို အသိအမှတ်ပြုရန် ခက်ခဲနေရသည့် အကြောင်းနှင့် ကရင်အချင်းချင်းသည်လည်း စာပေအရာ၌ အမြင်မတူ အငြင်းအခုန် ဖြစ်နေကြရသည်ကိုလည်းကောင်း၊ ၁၉၄၉ ခုမှ ယနေ့တိုင် ဆင်နွဲတိုက်ပွဲဝင်ခဲ့ရသော ကရင်တော်လှန်ရေးသမိုင်း၏ အကြောင်းချင်းရာ အပြည့်အစုံကိုလည်းကောင်း၊ ကရင် နေ့ထူးနေ့မြတ်များဖြစ်သည့် ကရင်နှစ်သစ်ကူးနေ့၊ ကရင်တော်လှန်ရေးနေ့၊ ကရင်အမျိုးသားနေ့၊ ကရင်အာဇာနည်နေ့၊ ကရင် ပြည်နယ်နေ့ စသည့် နေ့ရက်များအကြောင်းကိုလည်းကောင်း၊ ကရင်တို့၏ မူလနတ်ကိုးကွယ်သည့် ရိုးရာယုံကြည်မှုမှနေ၍ ယခု ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ မေတ္တာဗြဟ္မစိုရ်၊ ဝီး၊ လဲကယ်၊ တလာကူ၊ ဖူးတခေတ်၊ ဖါးအူးဘလယ် စသည့်ကိုးကွယ်ယုံကြည် မှု အဖုံဖုံတို့ကိုလည်းကောင်း၊ မိမိတို့ကရင်များ သိရှိနားလည်ကြပါစေ။ အထူးသဖြင့် ကရင်ပြည်နယ်ကို အုပ်ချုပ်နေသည့် ကရင် ပြည်နယ်အစိုးရအဖွဲ့မှ ဤသည်အားလုံးကို သိမြင်နိုင်ကြပါစ …. ဟူသည့် မေးခွန်းများသည် ယနေ့ချိန်ခါတွင် အစီအရီ အထင်အ ရှား ပေါ်ပေါက်လာနေပေပြီ။
အုပ်စိုးသူက သက်ဆိုင်ရာ တိုင်းရင်းသား၏ ရိုးရာဓလေ့အကြောင်းကို မသိရှိလျှင်လည်းကောင်း၊ သိရှိအောင် မလေ့လာလိုလျှင် လည်းကောင်း၊ သိရှိလျက်နှင့် ကူညီပံ့ပိုးမှုမရှိ- ကူညီပံ့ပိုးလိုစိတ်မရှိလျှင်လည်းကောင်း၊ ထိုသို့ဖြစ်ပါက သက်ဆိုင်ရာ တိုင်းရင်း သား၏ ရင်ထဲတွင် မချိတင်ကဲ ခံစားကြရမည်မှာ မုချဧကန်ပင်ဖြစ်သည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လူမှုရေးဝန်ကြီးသည် ဗမာလူမျိုး၊ ယဉ်ကျေးမှုဝန်ကြီးသည် မွန်လူမျိုးဟု သိရှိရပါသည်။ ကရင်တို့၏ လူမှုရေး၊ ယဉ်ကျေးမှု ရေးရာများနှင့် ပတ်သက်လာလျှင် ထိုပုဂ္ဂိုလ်များ ထဲထဲဝင်ဝင် မသိနိုင်သဖြင့် တိုင်းရင်းသားအရေးအရာ များ၌ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်နိုင်ခြင်း မရှိသည်ကို ဝန်ခံရမည်သာ ဖြစ်သည်။
တိုင်းရင်းသားစာပေများကို စာသင်ကျောင်းများတွင် သင်ကြားခွင့်ပြုလိုက်သောအခါ ပဲခူးတိုင်းတစ်တိုင်းလုံးတွင် ကရင်တိုင်းရင်း သားရှိသော ကျောင်းများ၌ ကရင်စာပေသင်ကြားနိုင်အောင် ဦးသိန်းစိန်လက်ထက် ပဲခူးတိုင်း၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး က အားတက်သရော စီစဉ်ဆောင်ရွက်ခဲ့ရာ ယခု NLD အစိုးရလက်ထက်တွင် ပဲခူးတိုင်း၌ ကရင်တိုင်းရင်းသားစာပေ သင်ကြားမှု အမြစ်တွယ်ခိုင်မာသွားပြီဖြစ်ကြောင်း သိရှိရပါသည်။ ကရင်ပြည်နယ်အတွင်း၌မူကား ဦးသိန်းစိန်လက်ထက်တုန်းက ပီပီပြင်ပြင် မရှိခဲ့သေးသလို ယခု NLD အစိုးရလက်ထက်၌လည်း မရေမရာ ထွေတလာ ဝိုးတဝါးဖြစ်နေဆဲဟု လေ့လာသိရှိရပါသည်။ အကြောင်းမျိုးစုံတော့ ရှိကောင်းရှိပေမည်။ ကရင်ပြည်နယ်ရှိ ကျောင်းများတွင် တိုင်းရင်းသားများဖြစ်သည့် မွန်၊ ပအိုဝ်း၊ ရှမ်း တို့ ရောနှောလျက်ရှိပြီး တိုင်းရင်းသားတစ်မျိုးတည်း သီးသန့်ရှိသောကျောင်းများ လွန်စွာ နည်းပါးခြင်း၊ တိုင်းရင်းသားစာပေ သင်ကြားပေးနိုင်သည့် ဆရာ/မများ နည်းပါးခြင်း၊ ကျောင်းချိန်အတွင်း သင်ကြားခွင့်ရရှိရေး ညှိနှိုင်းနေရဆဲဖြစ်ခြင်း၊ တိုင်းရင်း သား စာပေသင်ကြားမည့် ဆရာအတွက် (၃၀၀၀၀)ကျပ် ထောက်ပံ့ငွေမှာ လွန်စွာ နည်းပါးခြင်း၊ ဒီကိစ္စအတွက် စီမံခန့်ခွဲမည့် တာဝန်ခံ (သို့မဟုတ်) ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ကရင်ပြည်နယ်တွင်မရှိခြင်း၊ တစ်ဦးနှစ်ဦးစ ရှိနေသော ကရင်တိုင်းရင်း သားဝန်ကြီးများသည်လည်း အလုပ်မအား၍လား၊ စိတ်မဝင်စား၍လား၊ တာဝန်မပေး၍လား၊ တိုင်းရင်းသားစာပေသင်ကြားရေး ကိစ္စ၌ ထဲထဲဝင်ဝင် ဆောင်ရွက်မှုမရှိသည်ကို တွေ့ရှိရပါသည်။
NLD အစိုးရ တက်လာသောအခါ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတစ်ပါး ခန့်အပ်ပြီး ထိုဝန်ကြီး မှာ မွန်တိုင်းရင်းသားဖြစ်၍ အခြားတိုင်းရင်းသားများ၏ အရေးအရာများကို စေ့စေ့ငုံငုံ သိရှိနိုင်မည် မဟုတ်ပါ။ ထိုဝန်ကြီးဌာန လက်အောက်တွင် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနဟူ၍ ဦးစီးဌာန ၂ခု ဖွဲ့စည်းထားကြောင်း သိရှိရပါသည်။ တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန များ၏ ရုံးသစ်များကို ယခုအချိန်တွင် ပြည်နယ်နှင့် တိုင်းအချို့၌သာ ဖွင့်လှစ်ထားနိုင်ခဲ့ကြောင်း သိရှိရပါသည်။ ယခင်အချိန်များ၌ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု စာပေဓလေ့ထုံးတမ်းကိစ္စများကို ပြည်နယ်/တိုင်း၊ ခရိုင်/မြို့နယ်များအလိုက် တိုင်းရင်းသားစာ ပေနှင့် ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းတို့က မှတ်ပုံတင်ခွင့်ရသော်ရှိ၊ မရသော်ရှိ စီစဉ်ဆောင်ရွက်ခဲ့ကြရာ ပီပြင်သည် များရှိသကဲ့သို့ ဝိုးတဝါးဖြစ်နေသည်များလည်း ရှိနေပါသည်။ ဥပမာအားဖြင့် ကရင်စာပေယဉ်ကျေးမှုအတွက် နှစ်ပေါင်းများစွာ ရုန်းကန်လှုပ်ရှား ဆောင်ရွက်ခဲ့သော ကရင်ပြည်နယ်၊ ကရင်စာပေနှင့် ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်း၌ ဥက္ကဌတစ်ဦး၊ ဒု-ဥက္ကဌတစ်ဦးနှင့် အတွင်းရေးမှူးတစ်ဦးတို့သာရှိပြီး အခြားအမှုဆောင်များ မပါဘဲ ကြာရှည်စွာ လုပ်ကိုင်လာခဲ့ခြင်းသည် မဖြစ် သင့်သော လုပ်ရပ်တစ်ခုဖြစ်ပါသည်။
ကရင်ပြည်နယ်တွင် ကရင်ယဉ်ကျေးမှုဦးစီးဌာန၊ ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်တို့ ရှိနှင့်ပြီးဖြစ်ပါသည်။ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းများလည်း ရှိထားနှင့်ပြီး မြို့နယ်အလိုက် အနုသုခုမအသင်းများ လည်း ရှိနေပါသည်။ ကရင်ပြည်နယ်ရှိ မွန်၊ ပအိုဝ်း၊ ရှမ်းတိုင်းရင်းသားလူမျိုးများ၏ စာပေယဉ်ကျေးမှုအသင်းများလည်း ရှိနေပါ သည်။ ယခုအခါ အထက်ဖော်ပြပါ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနရုံးကိုလည်း ဖွင့်လှစ်ထား ပြီးဖြစ်ပါသည်။ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနရုံးကို မဖွင့်နိုင်သေးပါ။ ကရင်တိုင်းရင်းသားစာပေသင်ကြားရေး ကရင်ပြည်နယ်တွင် မပီပြင်သေးပါ။ စာသင်ချိန်ပြင်ပမဟုတ်ဘဲ စာသင်ချိန်အတွင်း သင်ကြားနိုင်ရေးကိုလည်း မဆောင်ရွက်နိုင် သေးပါ။ ဆရာ/မ လစာတစ်လ သုံးသောင်းကျပ်ဆိုသည်မှာ ယနေ့ခေတ်အခြေအနေနှင့်ဆိုလျှင် ဆင့်ပါးစပ် နှမ်းပက်သလို ဖြစ် နေသည့်အပြင် တိုင်းရင်းသားစာပေဆရာဖြစ် သင်တန်းဖွင့်လှစ်သင်ကြားရေးကိစ္စလည်း စီစဉ်ဆဲဖြစ်နေကြောင်း သိရှိရပါသည်။
ခြုံငုံသုံးသပ်ရပါလျှင်
(၁) သက်ဆိုင်ရာပြည်နယ်ရှိ သက်ဆိုင်ရာ တိုင်းရင်းသားအတွက် တိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦး ခန့်အပ်ရန် လိုအပ်ပါ သည်။
(၂) ပြည်ထောင်စုအဆင့်တွင် ခန့်အပ်သော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် တိုင်းရင်း သားအားလုံး၏ အရေးအရာအားလုံးကို စိတ်ဝင်တစား ဆောင်ရွက်လိုပြီး မသိရှိ၊ နားမလည်သည်များကို လေ့လာသင်ယူစူးစမ်း လျှက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သူဖြစ်ရန် လိုအပ်ပါသည်။
(၃) ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအလိုက် ဖွဲ့စည်းထားရှိသော စာပေယဉ်ကျေးမှုအသင်းများကို တရားဝင် မှတ်ပုံတင်ခွင့်ပြုပြီး ဥပဒေဘောင်အတွင်းမှ လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်ခွင့်ပြုသင့်ပါသည်။
(၄) တိုင်းရင်းသားစာပေကို ကျောင်းတွင်းသင် ဘာသာရပ်တစ်ခုအဖြစ် ပီပြင်စွာ အကောင်အထည်ဖော်ပေးရန် လိုအပ်ပါသည်။
(၅) တိုင်းရင်းသားဘာသာသင် ဆရာ/မများ မွေးထုတ်ရာသင်တန်းကျောင်း ဖွင့်လှစ်ပေးရန်နှင့် ခေတ်နှင့်လျော်ညီသည့် ခံစားခွင့် လုပ်အားခများ သတ်မှတ်ပေးရန် လိုအပ်ပါသည်။
(၆) ဒီမိုကရေစီဖက်ဒရယ်စနစ်၏ အဓိပ္ပါယ်ဖော်ညွှန်းချက်များဖြစ်သော အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုကဏ္ဍ၌ အပြည့်အ၀ အကောင်အထည်ဖော်ခွင့်ပေးရန် လိုအပ်ပါသည်။
လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တန်းတူခြင်းတည်းဟူသော ဒီမိုကရေစီဖက်ဒရယ်စနစ်၏ အခြေခံမူအရ တိုင်းရင်းသားတို့၏ ရိုးရာယဉ် ကျေးမှုဓလေ့ထုံးတမ်း စာပေဘာသာစကားတို့နှင့် သက်ဆိုင်သော အရေးအရာများသည် စစ်မှန်ခိုင်မြဲသည့် တကယ့်ထာဝရ ငြိမ်းချမ်းရေး ဖြစ်တည်လာမှုနှင့် ဆက်စပ်ပတ်သက်နေသည့်အလျောက် အပြည့်အဝ၊ အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း အကြံပြု တိုက်တွန်းလိုက်ရပါသည်။