ကရင်လူငယ်အဆိုတော်နော်ထီးမူးဖောနှင့်တွေ့ဆုံမေးမြန်းခြင်း

ကရင်လူငယ်အဆိုတော်နော်ထီးမူးဖောနှင့်တွေ့ဆုံမေးမြန်းခြင်း
by -
ကေအိုင်စီ
“ကရင်တွေထဲမှာသွားပြီးမြန်မာသီချင်းကိုဆိုစေချင်တာကကရင်သီချင်းတွေပျောက်သွားမှာကိုစိုးရိမ်တယ်။”

ကေအိုင်စီ။။ပထမဦးဆုံးကိုယ့်ကိုယ်ကိုအရင်မိတ်ဆက်ပေးပါဦး

ထီးမူးဖော။။ကျမနာမည်ကထီးမူးဖောပါ။ဇာတိကဘိတ်(တနင်္သာရီတိုင်းဒေသကြီး)မှာဖြစ်ပါတယ်။အသက် (၂၉)နှစ်ရှိပါပြီ။ကျမတို့ရဲ့မိဘတွေကအခုရန်ကုန်၊မှော်ဘီမှာနေပါတယ်။ကျမကမွေးချင်း(၄)ယောက်ရှိတယ်။ ပညာရေးနဲ့ပတ်သက်ပြီးတော့၂၀၀၇ခုနှစ် မှာကျမက E. Major (အင်္ဂလိပ်စာအထူးပြုဘာသာရပ်) နဲ့ကျောင်းပြီးပါတယ်။၂၀၁၀ခုနှစ်မှာComputer Science နဲ့ဆိုင်တဲ့ဘွဲ့အသစ်တစ်ခု ရရှိခဲ့တယ်။

ကေအိုင်စီ။။အနုပညာနယ်ပယ်တွင်းစတင်ဝင်ရောက်လာရတဲ့အကြောင်းရင်းလေးဦးစွာပြောပြပေးပါဦး။

ထီးမူးဖော။။ကျမရဲ့ဝါသနာကဟိုးငယ်ငယ်လေးကတည်းကစပြီး သီချင်းတွေအရမ်းဆိုလို့ပျော်တယ်။ဒါပေမဲ့ကျမရဲ့မိဘတွေက အဆိုမှာသိပ်ပြီးအားမပေးဘူး။ပညာရေးကဏ္ဍဘက်မှာပဲ အားပေးတယ်။ပညာရေးဘက်မှာပဲ အလုပ်ရချင်တယ်။ ဒါကြောင့်မို့ ကျမကျောင်းပြီးအောင်တက်ရတယ်။အဲဒီမှာ သီချင်းမဆိုသေးဘူး။ မြန်မာနိုင်ငံကအဆိုပြိုင်ပွဲတွေမှာ ကျမလိုက်ဝင်ပြိုင်တယ်။ အဆိုတော်လုပ်ဖို့တော့မဟုတ်ဘူး။အဲဒီတုန်းက ပိုက်ဆံလိုချင်လို့ လိုက်ဝင်ပြိုင်တာပဲ။ကျမ Liberal Art စတက်တာ၂၀၁၆-၂၀၀၇ခုနှစ်မှာ သူငယ်ချင်းတစ်ယောက်က ထို့ကော်ကိုးမှာလုပ်တဲ့ ကရင်နှစ်သစ်ကူးကိုသွားမယ်။ အဲဒီမှာ ကရင်အဆိုတော် မိန်းကလေးတစ်ယောက်မှ မပါဘူး။သူကကျမကိုခေါ်တယ်။အဲဒီတုန်းကကျမက ကရင်သီချင်းနှစ်ပုဒ်ပဲဆိုလို့တတ်တယ်။ အဲဒီကစပြီးကျမသီချင်းဆိုဖြစ်လာတယ်။သွားတာများလာတော့၂၀၀၇မှာပဲကလို့-ကွယ်(တေးဂီတအဖွဲ့)နဲ့ချိတ်မိသွားတယ်။ အဲဒီမှာသီချင်းဆိုဖြစ်လာတာပါ။

ကေအိုင်စီ။။အဆိုတော်တစ်ဦးဖြစ်လာပြီးနောက်သီချင်းစီးရီးတွေထုတ်လုပ်မှုတွေအကြောင်းရှင်းပြပေးပါ။

ထီးမူးဖော။။စီးရီးနဲ့ပတ်သက်ပြီးတော့ KBGS(ဓမ္မကျောင်း) ထုတ်တဲ့အခွေတွေ တစ်နှစ်ကိုတစ်ခွေမှာ ကျမကနှစ်ခွေမီလိုက်တယ်။ အဲဒီတုန်းကကျမပါ၀င်သီဆိုဖြစ်တယ်။ကျောင်းသူကျောင်းသားတွေနဲ့ အပြင်ကအဆိုတော်တွေပေါ့နော်။ အဲဒီတုန်းက ကျမကကျောင်းသူကျောင်းသားတွေရဲ့ကိုယ်စားပေါ့နော်။အဲဒီမှာ VCDတွေရိုက်ဖြစ်တယ်။ ကျမအတွက်ကတော့ ပထမဆုံးအကြိမ်ပဲပေါ့။၂၀၀၉မှ ကျမကခွေနဲ့သီဆိုဖြစ်တယ်။ကျမရဲ့ကိုယ်ပိုင်အယ်လ်ဘမ်(Album) ကို၂၀၁၃မှာထုတ်ဖြစ်တယ်။ ဓမ္မတေးပါပဲ။ဒါပေမဲ့နောက်ပိုင်းမှာ ကျမတို့ကနှစ်သစ်ကူးလို၊ တော်လှန်ရေးနေ့တွေလို၊ ကရင့်အာဇာနည်နေ့လိုနေ့မျိုးတွေမှာ သီချင်းလိုက်ဆိုရင်း အမျိုးသားရေးသီချင်းနဲ့ အချစ်သီချင်းတွေကို ပိုများလာအောင်ရှာဖွေရင်းနဲ့ ဒုတိယခွေဖြစ်တဲ့ Secret (လျှို့ဝှက်ချက်)ဆိုတဲ့ ခေါင်းစဉ်နဲ့ဒုတိယခွေကိုထုတ်ဖြစ်တယ်။ သူများတွေနဲ့ အဖွဲ့လိုက်ဆိုတာတွေကတော့ တော်တော်လေးရှိတယ်။တစ်ကိုယ်တော်ကတော့ နှစ်ခွေပဲရှိပါတယ်။

ကေအိုင်စီ။။ဘယ်လိုအကြောင်းအရာနဲ့ပတ်သက်တဲ့သီချင်းတွေကိုသီဆိုဖြစ်ခဲ့သလဲ။

ထီးမူဖော။   ။ ကျမအများဆုံးဆိုဖြစ်တာကတော့ ဓမ္မသီချင်းပဲ။ဒါပေမဲ့ဒုတိယထွက်တဲ့ခွေမှာ အချစ်သီချင်းနဲ့အမျိုးသားရေးသီချင်းတွေပါတယ်။ အများဆုံးကတော့ဘာသာရေး(ဓမ္မတေး)သီချင်းတွေပါပဲ။

ကေအိုင်စီ။။ပရိဿတ်ကထောက်ခံအားပေးတဲ့အအောင်မြင်ဆုံးသီချင်းခွေနဲ့သူတို့အကြိုက်ဆုံးသီချင်းကဘာတွေပါလဲ။

ထီးမူးဖော။။၂၀၁၃ကထွက်တဲ့ခွေက ဘာသာရေးတေးသီချင်းဖြစ်တယ်။ ခရစ်ယာန်မဟုတ်တဲ့ ကရင်တွေကသိပ်မသိဘူးပေါ့နော်။ အဲဒီခွေထဲကတမွီဖိုး(ဧည့်သည်လေး) သီချင်းကိုတော့ လူသိတာများတယ်။နောက်တစ်ခွေကလျှို့ဝှက်ချက်(Secret)။အဲဒါကလည်းလူသိများတယ်။ဆိုကြတာများတယ်။ဟိုအရင်တုန်းက‘See you’သီချင်းဆိုတာလည်း လူသိများကြတယ်။ အဲဒီသီချင်းသိပေမယ့် ကျမဆိုထားတာကိုတော့ မသိကြသေးဘူး။ ဘာကြောင့်လဲဆိုတော့ KBGS ကျောင်းသူကျောင်းသားတွေအနေနဲ့ပဲ နာမည်ထည့်ထားတာ။

ကေအိုင်စီ။။အနုပညာလုပ်ငန်းအပြင်အခြားဘာအလုပ်တွေပါတွဲဖက်ဆောင်ရွက်နေတာများရှိသလဲ။

ထီးမူးဖော။။သီချင်းဆိုတာပါပဲ။ဖိတ်ခေါ်တာတွေရှိရင်သွားတယ်။ကျမတို့ကခရစ်ယာန်ဖြစ်တဲ့အတွက်အများအားဖြင့်ဘာသာရေးနဲ့သွားလာတာတွေများတယ်။

ကေအိုင်စီ။ ။ ကရင်အမျိုးသမီးလူငယ်တစ်ဦးအနေနဲ့အနုပညာနယ်ပယ်ထဲဝင်ရောက်လာရာ မှာကြံုတွေ့ရတဲ့အခက်အခဲတွေနဲ့ဖြတ်သန်း မှုတွေကိုဖလှယ်ပေးပါလား။

ထီးမူးဖော။။အခက်အခဲက ကျမအတွက်မရှိသလိုပဲ။ အဲဒါကဝါသနာကြောင့်လည်းပါလိမ့်မယ်။ ၀ါသနာပါတော့ အခက်အခဲနည်းနည်း ပါးပါးရှိတာကိုသတိမထား၊ ဂရုမစိုက်မိဘူးလို့ထင်တယ်။ အခက်အခဲကြီးကြီးမားမားကတော့မရှိဘူး။ ကျမသီချင်းစဆိုတုန်းကတော့ အိမ်က သွားတာလာတာမကြိုက်ဘူးဆိုတော့ နည်းနည်းလေးပြောရတာပေါ့။ နောက်ပိုင်းသွားတာများလာတော့ လူသိများလာတယ်။နောက်ဆုံးကျတော့ မိဘတွေကလည်းခွင့်ပြုလိုက်တာပဲ။

ကေအိုင်စီ။။ကရင်အဆိုတော်တစ်ဦးအနေနဲ့ကိုယ့်ရဲ့အမျိုးသားရေးခံယူချက်ကဘယ်လိုမျိုးရှိပါသလဲ။

ထီးမူးဖော။။ဒါကတော့ကျမကိုယ်ကျမပဲပြန်ပြောမယ်နော်။ကျမဟာအရင်တုန်းက ကရင်စကားမတတ်ဘူး။ ကရင်လိုမေးမယ် ဆိုရင်ကျမနားလည်တယ်။ပြန်ပြောလို့မတတ်ဘူး။ ဒါပေမဲ့ပထမဆုံးသွားရတာက ကရင်စကားတွေပြောတဲ့ ကရင်တွေ လက်နက်ကိုင်ထားတာကို ကျမတခါမှမမြင်ဖူးဘူး။ အဲဒီတုန်းကပေါ့နော်။ အဲဒီမှာပထမဆုံးသီချင်းဆိုရတယ်။ အဲဒီမှာကျမစိတ်ထဲမှာ ကျမ ကရင်တွေထဲမှာဒါတွေလည်းရှိတယ်ကော ဆိုတာမျိုးပေါ့နော်။ အဲဒီမှာ ပထမဆုံးအနေနဲ့ ကျမသီချင်းနှစ်ပုဒ်တည်းပဲဆိုဖြစ်တယ်။ ကျမကိုယ်ကျမ ကရင်ဖြစ်ပြီးတော့ ကရင်စကားမတတ်ဘူးပေါ့နော်။ နောက်ပိုင်းကိုယ့်ကိုယ်ကိုလေ့ကျင့်တယ်။ သွားလာရင်း၊လေ့ကျင်းရင်းနဲ့ပဲ ကျမကိုမြန်မာသီချင်းဆိုခိုင်းတာတောင် မဆိုချင်တော့ဘူး။ဘာကြောင့်လဲဆိုတော့မြန်မာသီချင်းကို လူတိုင်းဆိုတတ်တယ်။ မြန်မာသီချင်းခွေထုတ်မလားလို့မေးရင် ကျမမလုပ်ပါဘူး။ကျမ ကရင်သီချင်းပဲဆိုပါမယ်။

ကေအိုင်စီ။။အမျိုးသမီးလူငယ်အနေနဲ့ကိုယ့်ရဲ့အနာဂတ်ကိုဘယ်လိုဖန်တီးတည်ဆောက်သွားချင်ပါသလဲ။

ထီးမူးဖော။။ကျမသီချင်းဆိုဦးမယ်။ကျမကိုယ့်လူမျိုးတွေကြားထဲမှာ သွားချင်သေးတယ်။ ဟိုးတောင်ပေါ်ဒေသတွေက ကရင်တွေအများကြီးရှိတဲ့ နေရာကိုရောက်ဖူးပြီ။ အဲဒီလိုနေရာမျိုးတွေကိုသွားချင်တယ်။သီချင်းဆိုတာပဲဖြစ်ဖြစ်၊ဘာသာရေးကိစ္စပဲဖြစ်ဖြစ်လောလောဆယ်ကျမဒီလိုပဲလုပ်နေဦးမှာပဲ။ Future Plan ကတော့သီချင်းဆက်လက်ဆိုဖြစ်ဦးမှာပါ။ နောက်ထပ်ထုတ်မယ့် အခွေမှာအမျိုးသားရေးနဲ့ ပတ်သက်တဲ့သီချင်းတွေပဲပါမယ်။ ဘာကြောင့် အမျိုးသားရေးသီချင်းတွေကိုဆိုရသလဲ ဆိုတော့ ကျမကိုယ်ကျမမသိဘူး။ အဲဒါတွေကိုပဲဆိုချင်တယ်။ ကျမအစ်ကိုတစ်ယောက်နဲ့ပြောထားတယ်။အစ်ကိုအချိုင်းပေါ့နော်။ကျမတို့ Model Rock လုပ်မယ်။ကရင်တွေအထဲမှာမိန်းကလေး Model Rock မရှိသေးဘူး။ကျမက Rock ကိုဝါသနာပါတယ်။ကျမတို့ပိုက်ဆံစုလို့ရ ရင် Model Rock စုံတွဲသီချင်းဆိုမယ်။

ကေအိုင်စီ။။နောက်ဆုံးအနေနဲ့ ကေအိုင်စီကနေတဆင့် ထီးမူဖောကိုအားပေးနေတဲ့ ပရိဿတ်တွေကို ဘာတွေများပြောဆိုချင် တာရှိပါသလဲ။

ထီးမူးဖော။။ကျမတို့သွားတဲ့အထဲမှာ အများအားဖြင့် မြစ်ဝကျွန်းပေါ်ဘက်က မြန်မာလိုသီချင်းတွေကို တောင်းဆိုတာများတယ်။မြန်မာလို ကျမတို့မဆိုတတ်တာမဟုတ်ဘူး။ ဆိုတတ်ပါတယ်။ဒါပေမဲ့ကျမတို့က ကရင်လို ပြန်သင်ယူလေ့လာတာကိုလိုချင်တယ်။ ကရင်တွေကို အားပေးချင်တာတွေလည်းပါတယ်။ ကရင်တွေထဲမှာသွားပြီး မြန်မာသီချင်းကိုဆိုစေချင်တာက ကရင်သီချင်းတွေပျောက်သွားမှာကို စိုးရိမ်တယ်။ကရင်သီချင်းတွေကို ပိုပြီးအားပေးစေချင်တယ်။

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...