နွေရာသီ ကရင်စာပေနှင့်စကားပြောသင်တန်း ဖွင့်လှစ်

နွေရာသီ ကရင်စာပေနှင့်စကားပြောသင်တန်း ဖွင့်လှစ်

လူမှုကွန်ရက်စာမျက်နှာ တစ်နေရာတွင် ဖော်ပြထားသော ကရင်စာပေ အခြေခံသင်ရိုး စာမျက်နှာတစ်ခုကို ၂၀၁၉ ဖေဖော်ဝါရီ တတိယပတ်က မြင်တွေ့ရစဉ်။ Photo Credit : ကရင်စာပေ လေ့လာကြမယ် Facebook Page

မော်လမြိုင်မြို့နေ ကရင်တိုင်းရင်းသားများအတွက် ကရင်စာပေနှင့် ကရင်စကားပြောသင်တန်းကို မတ်လ ၇ရက်မှ ၃၁ရက်အထိ လှိုင်ရပ်ကွက်ရှိ ကော့လှာကျောင်းတိုက်တွင် ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

“မော်လမြိုင်မှာ နေပေမယ့် မိဘတွေကတော့ ကရင်လူမျိုးတွေပဲ၊ ဒါပေမဲ့ လူငယ်တွေကြတော့ ကရင်စကား မပြောတတ်ကြဘူး၊ တဖြည်းဖြည်းနဲ့ အဲဒီလိုလူငယ်တွေများလာရင် ဘာသာစကားပျောက်ကွယ်သွားမှာ စိုးရိမ်ရတယ်၊ အဲဒါကြောင့် အခုလို့ ပူးပေါင်းပြီး နွေရာသီဘာသာစကားသင်တန်းလေး လုပ်ဖြစ်တာပါ”ဟု ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ မော်လမြိုင်မြို့နယ် ဥက္ကဋ္ဌ စောဟိုရှေးက ပြောသည်။

ကရင်တိုင်းရင်သားအချို့မှာ အစိုးရဝန်ထမ်းအဖြစ်လည်းကောင်း၊ အချို့မှာ အကြောင်းအမျိုးမျိုးကြောင့် လည်းကောင်း ပြောင်းရွှေ့ရောက်ရှိလာခြင်းဖြစ်ပြီး ယခုအခါ မြို့ပေါ်ရပ်ကွက်အသီးသီးတွင် ဦးရေ တစ်ရာကျော်ခန့်နေထိုင်လျက်ရှိကြောင်း ဆက်လက်ပြောသည်။

သင်ကြားရာတွင် ပိုမိုထိရောက်စေရန်အတွက် အရွယ်မရောက်သေးသော ကလေးငယ်များနှင့် အရွယ်ရောက်ပြီးသား လူူငယ်များဟူ၍ နှစ်ပိုင်းခွဲကာ သင်ကြားမည်ဖြစ်ကြောင်း၊ သင်တန်းသို့ လာရာတွင် အဆင်ပြေစေရန် ကားအကြို အပို့ ထားရှိပြီး စာရေးကိရိယာနှင့် အစားအသောက် ကျွေးမွေးမှုများကိုပါ စီစဉ်ထားကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

မော်လမြိုင်မြို့ခံတစ်ဦးဖြစ်သူ စောသားလေးက “ကျွန်တော်ဆို ကရင်လူမျိုးစစ်စစ်ပဲ၊ ကျွန်တော့်မိန်းမလည်း ကရင်ပဲ၊ ကျွန်တော့် သားသမီးတွေကျမှ ကရင်စကားမပြောတတ်ကြဘူး၊ သူတို့က ကျောင်းနဲ့ အပြင်မှာက ကရင်စကားမပြောတော့ ကလေးတွေက မပြောတတ်ကြတော့ဘူး၊ ဒီသင်တန်းဖွင့်တော့ ကောင်းတာပေါ့”ဟု ဆိုသည်။

နွေရာသီတွင် ကလေးများအတွက် အကျိုးရှိစေပြီး ကရင် ဘာသာစကားနှင့် ယဉ်ကျေးမှုကို ပိုမိုသိနားလည်လာမည်ဟု ယုံကြည်ကြောင်း ဆက်လက်ပြောသည်။

သင်တန်းကို နံနက် ၉နာရီမှ နေ့လယ် ၁၂နာရီအထိ သင်ကြားပို့ချမည်ဖြစ်ပြီး ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန၊ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းမှ ဆရာ ဆရာမများက ပိုးနှင့် စကော ဘာသာစကားနှစ်မျိုးစလုံးကို သင်ကြားပေးမည်ဖြစ်သည်။

အဆိုပါ သင်တန်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်အဖြစ် ၂ဝ၁၈ခုနှစ်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

Most read this week