၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ရက်နေ့ မနက်ဝေလီဝေလင်းအချိန် မွန်ပြည်နယ် ကျွန်းတစ်ကျွန်းပေါ်က ရွာလေးတစ်ရွာမှာတော့ ခါတိုင်းနေ့တွေနဲ့မတူပဲ လှုပ်လှုပ်ရှားရှားဖြစ်နေကြပါပြီ။ တစ်ချို့က ဖြီးလိမ်းပြင်ဆင်၊ တစ်ချို့က ဆိုင်ကယ်သံတညံညံနဲ့ တကယ် တော့ ကရင်သီချင်းသံတွေ ကြားနေရတဲ့ နေရာတစ်ခုမှာ သွားရောက်စုရုံးဖို့အတွက် ပြင်ဆင်နေကြတာပါ။
ရွာလမ်းဘေး ဝဲ၊ယာတစ်လျှောက် စိုက်ထူထားတဲ့ အလံတိုင်တွေ၊ ရွှင်ပြတဲ့မျက်နှာထားနဲ့ ဖြူ၊ နီ၊ ပြာ၊ ဝါ အရောင်သွေးစုံတဲ့ ရိုးရာ ဝတ်စုံ ဆင်မြန်းထားသူတွေ၊ ဖြူစိမ်းဝတ် ပြီး ကျောင်းသွားနေတဲ့ ကျောင်းသူ၊ ကျောင်းသားလေးတွေ လှုပ်ရှားသွားလာနေတာ ကို မြင်တွေ့ရတဲ့ အဲဒီမြင်ကွင်းဟာ ဖြူဖွေးဖွေးနှင်းမှုန်တွေကြားမှာ ပန်းချီကားတစ်ချပ်ပမာ တင့်တယ်စွာ မြင်ရပါတယ်။
အဲဒီရွာလေးရဲ့ နာမည်ကတော့ ကရင်ဝင်းစိန်ရွာလေးပါ။ မော်လမြိုင်မြို့ကနေ ဗိုလ်ချုပ်အောင်ဆန်းတံတားကိုဖြတ်၊ တဖက်ကမ်း ဖြစ်တဲ့ ချောင်းဆုံမြို့နယ် ဘီလူးကျွန်းပေါ်က ရွာလေးတစ်ရွာပေါ့။ ကရင်လူမျိုးတွေ အများဆုံး နေထိုင်တဲ့ ကရင်ရွာဆိုရင်လည်း မမှားပါဘူး။
ရွာမှာနေထိုင်နေကြတဲ့ ကရင်လူမျိုးတွေအနေနဲ့ ဒီနေ့(ဖေဖော်ဝါရီလ ၁၁ ရက်နေ့)မနက်မှာ တစ်ခုခုကိုစိတ် လှုပ်ရှားပုံ ပေါ်လွင် နေတာကိုလည်းတွေ့မြင်ရပါတယ်။ သူတို့ကို စိတ်လှုပ်ရှားစေတာ၊ ဆွဲဆောင်နေတာကတော့ ရွာလယ်က စကောကရင် ဘာသာ စကားနဲ့ဂုဏ်ယူဝင့်ကြွား စွာရေးခြယ်ထားတဲ့ မုဒ်ဦးဝတစ်ခု၊ မုဒ်ဦးဝစာသားကို မြန်မာဘာသာနဲ့ပြန်ရရင် အဓိပ္ပါယ်က ” ၇၁ နှစ်မြောက် ကရင်အမျိုးသားနေ့”တဲ့။ ကရင်လူမျိုးတို့ရဲ့ ဒီလို နေ့ထူးနေ့မြတ်ကို သူတို့အနေနဲ့ ပထမဆုံး ပါဝင်ဆင်နွှဲခွင့်ရခြင်းပဲ ဖြစ်ပါတယ်။
ယခုနှစ်ကျရောက်တဲ့ ၇၁နှစ်မြောက်ကရင်အမျိုးသားနေ့ကိုတော့ မွန်ပြည်နယ်က ကရင်လူငယ်အချို့ ဦးစီးပြီး ဘီလူးကျွန်း ကရင်ဝင်းစိန်ရွာမှာ သွားရောက်ကျင်းပပေးတာဖြစ်တယ်လို့သိရပါတယ်။တချို့ကတော့ ကရင်အမျိုးသားနေ့ ဘာကြောင့် ဖြစ်ပေါ်လာတာလည်း ဘာဖြစ်လို့ကျင်းပတာလည်းဆိုတာ မသိသေးသလို ရွာမှာ ပထမဦးဆုံးအကြိမ် ကျင်းပတဲ့အတွက်လည်း သူတို့နဲ့ စိမ်းသလို ဖြစ်နေသေးတယ်လို့ထင်ပါတယ်။
” ကရင်အမျိုးသားနေ့ဆိုတာ ကြားဖူးတယ်။ ဒီမှာမရှိတော့ ဒီကလူတွေစုပြီး မော်လမြိုင်မှာ မနှစ်က ကရင်အမျိုးသားနေ့ တက်ရတယ်။ အခုတော့ ကိုယ့်ဒေသမှာ လာပြီးကျင်းပတယ်ဆိုတော့ ဝမ်းသာရတယ်။ တချို့တွေက မသိတာဖြစ်လို့ အကြောင်းအမျိုးမျိုးကြောင့် ဒီအမျိုးသားနေ့မှာ လာပြီးမတက်နိုင်တာရှိတယ်။ နောက်နောင် ဆိုရင်တော့ နှစ်သစ်ကူးလိုဘဲ ရွာအလိုက် အလှည့်ကျလုပ်နိုင်ရင်တော့ ကောင်းမယ်” လို့ ဘီလူးကျွန်းမှာ နေထိုင်တဲ့ စောလှရှိန်ကပြောပါတယ်။
ဒါပေမယ့် ကရင်အမျိုးသားနေ့မှာတော့ ရွာထဲမှာရှိတဲ့ ကရင်အိမ်အချို့ကရင်အမျိုးသား အလံတော်ကို လွှင့်ထူထားတာတွေ့ ရတော့ ကျေနပ်မိတယ်။ ကရင်လူမျိုး အများစုနေထိုင်တဲ့ ကရင်ပြည်နယ်မှာတောင် ကရင်အမျိုးသားနေ့မှာ ကရင်နှစ်သစ်ကူး နေ့ဆိုရင် ကရင့်အလံတော်ကို အိမ်ရှေ့မှာ လွှင့်ထူတာ အိမ်တိုင်းမရှိသေးပါ။
လွှင့်ထူရမှန်းလည်း မသိသေးတာလည်း ရှိပါတယ်။ အလားတူပါဘဲ နေရာဒေသအစုံ အချို့ကရင်လူမျိုးတွေတောင်မှ ကရင်အမျိုးသားနေ့ရှိနေတာတောင် မသိကြသလို တချို့ကျတော့လည်း ကရင်အမျိုးသားနေ့ဟာ သူတို့နဲ့ မသက်ဆိုင်သလို ရှိနေသေးပါတယ်။
ကရင်ဝင်းစိန်ရွာမှာ ကျင်းပတဲ့ ကရင်အမျိုးသားနေ့မှာတော့ KNU ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောပိုပိုထူးအောင်နဲ့အတူ KNU ဝင်းရေးမြို့နယ်ဥက္ကဌ ပဒိုစောမောင်ရွှေလည်း တက်ရောက်အားပေးတာကိုတွေ့ရပါတယ်။ အကြောင်းအမျိုးမျိုး ကြောင့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မနက်ပိုင်းမှာကျင်းပတဲ့ ကရင်အမျိုးသားနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ ကရင်လူထုတွေက အရမ်းများတယ်လို့ မဆိုသာပေမယ့်လည်း အဲဒီဒေသရဲ့ အတိုင်းအတာအနေနဲ့တော့ အားရကျေနပ်ဖွယ်ရာတော့ ဖြစ်စေပါတယ်။
မွန်ပြည်နယ် မော်လမြိုင်မြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ ဘီလူးကျွန်းဆိုတာ မွန်တိုင်းရင်းသားတွေသာနေထိုင်တဲ့ ကျွန်းကြီး တစ်ကျွန်းလို့ ယခင်က ထင်ခဲ့မိပေမယ့် ကျွန်းပေါ်က ချောင်းဆုံမြို့ကျော်လိုက်တာနဲ့ ထင်သာမြင်သာ တွေ့ရတဲ့ရွာကတော့ ကရင်ဝင်းစိန်ဆိုတဲ့ ရွာပါပဲ။ ရေးထိုးထားတဲ့ ဆိုင်းဘုတ်ထဲက ရွာနာမည်ကို မြင်လိုက်တာနဲ့ပဲ ကရင်တိုင်းရင်းသားတွေရှိမှန်း ခန့်မှန်းမိစေပါတယ်။
အဲဒီကျွန်းပေါ်မှာရှိတဲ့ တချိုု့ရွာ အဝင်ရဲ့ အထိမ်းအမှတ်သင်္ကေတတွေဟာ မွန်လူမျိုးရဲ့ အထွဋ်အမြတ်ထားတဲ့ သင်္ကေတနဲ့ မွန်၊ ဗမာ စတဲ့ စာတွေကိုသာအများဆုံး တွေ့မြင်ရပေမယ့် အဲဒီကျွန်းပေါ်မှာ မွန်းတိုင်းရင်းသားတွေနဲ့အတူ ကရင်တိုင်းရင်းသားတွေ လည်း လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အတူတကွ ယှဉ်တွဲ နေထိုင်ခဲ့ကြတယ်လို့သိရပါတယ်။ ကရင်တိုင်းရင်းသားတွေနေထိုင်တဲ့ ရွာက ကရင်ဝင်းစိန်ရွာတစ်ရွာထဲမှာ ရှိတာမဟုတ်ဘဲ ကျွန်းပေါ်မှာ အခြားကရင်ရွာတွေလည်း ရှိပါသေးတယ်။ ကရင်ဝင်းစိန်ရွာ ကတော့ ကရင်လူဦးရေအများဆုံး နေထိုင်တဲ့ ရွာဖြစ်တဲ့အတွက် ကရင်ဝင်းစိန်လို့ ရွာနာမည်တွင်ခဲ့တာဖြစ်တယ်လို့ ဒေသခံရွာ သားတွေကတော့ ပြောပါတယ်။
အဲဒီအပြင် ကရင့်တော်လှန်ရေးမှာ ပါဝင်ဦးဆောင်ခဲ့တဲ့ ကရင်အမျိုးသား ခေါင်းဆောင်ကြီး အချို့ကလည်း ဘီလူးကျွန်းဇာတိ သားတွေ ရှိနေတာကို သိရှိသူ နည်းပါသေးတယ်။အဲဒီခေါင်းဆောင်တွေကတော့ ဗိုလ်ချုပ်စိုင်းကေ၊ ဗိုလ်ချုပ်စောတာမလာဘော၊ ဗိုလ်ချုပ်မင်းမောင်တို့ဘဲဖြစ်တယ်။ သူတို့တွေဟာဆိုရင် ကရင့်တော်လှန်ရေးသမိုင်းမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့တဲ့ ခေါင်းဆောင်တွေ လည်းဖြစ်တယ်။
ဗိုလ်ချုပ်စိုင်းကေဟာဆိုရင်လည်း ကေအဲန်ယူ ကရင့်တော်လှန်ရေး ဖြစ်လာဖို့ ကော်ခိုစောဘဦးကြီး၊ မန်းဘဇံ၊ ဟံတာသာမွှေး တို့နဲ့အတူ ဦးဆောင်တဲ့ပုဂ္ဂိုလ်ထဲက တစ်ဦးအပါအဝင်လည်းဖြစ်တယ်။ စောဘဦးကြီးနဲ့အတူ ဗိုလ်ချုပ်စိုင်းကေတို့ဟာ ကော့ကရိတ်မြို့နယ် ထို့ကော်ကိုးနေရာမှာ အတူတကွ အသက်ပေးခဲ့ရတဲ့သူတွေပါ။ ဗိုလ်ချုပ်မင်းမောင်ကလည်း KNLA စစ်ဦးစီး ချုပ်ဟောင်းတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ်စောတာမလာဘောကလည်း ကရင်တော်လှန်ရေးမှာ နှစ်ရှည်ကြာပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ် တစ်ဦး ဖြစ်သလို KNU ဥက္ကဌဟောင်းတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ကရင့်တော်လှန်ရေး တိုက်ပွဲများစွာထဲမှာ ပါဝင်ခဲ့ တဲ့သူတွေဖြစ်တဲ့အပြင် သူတို့တွေ ဟာဆိုရင် ကရင်အာဇာနည်ခေါင်းဆောင် တွေအဖြစ် ကရင်လူမျိုးများ အသိ မှတ်ပြုခံရတဲ့ ပုဂ္ဂိုလ်တွေဖြစ်ခဲ့တဲ့အထိ သမိုင်း ရှိခဲ့ပါတယ်။
ခေတ်ကာလ နိုင်ငံရေးအခြေအနေကြောင်းကြောင့် ဖော်ပြပါကရင်ခေါင်းဆောင်တွေရဲ့ ဆွေမျိုးသားချင်း အများစုက ဘီလူးကျွန်းကနေ ရေကြည်ရာမျက်နုရာဆိုသလိုပြောင်းရွေ့နေထိုင်မှုတွေ ရှိခဲ့တယ်လို့သိရပါတယ်။ အဲဒီအတွက်လည်း သမိုင်းအကြောင်းအရာအချို့မှေးမိန်သွားရုံသာမက တော်လှန်ရေးအမွေလက်ဆင့်ကမ်းမှု လည်းတဖြည်းဖြည်း အဆက် ပြတ်သွားသလိုအထိဖြစ်ခဲ့ရပါတယ်။
ကရင်ခေါင်းဆောင်ကြီးတွေများစွာ မွေးထုတ်ပေးခဲ့တဲ့ နေရာဖြစ်ပေမယ့် ကရင့်အရေးအရာတွေနဲ့ပတ်သက်ပြီး မှေးမှိန်သွားတာ ဟာ နှစ်အတန်ကြာခဲ့ပြီဖြစ်သလိုကရင်လူမျိုးနဲ့ သက်ဆိုင်တဲ့ နေ့ထူးနေ့မြတ်တွေထဲက တစ်ခုဖြစ်တဲ့ ကရင်နှစ်သစ်ကူးနေ့ တစ်ခု ထဲကလွဲပြီး ကျန်တဲ့နေ့ထူးနေ့မြတ်တွေကို ယခင်ကကျင်းပလေ့ မရှိဘူးလို့လဲ အဲဒီက ကရင်ဒေသခံတွေက ပြောပါတယ်။
“ဦးဇင်းတို့ ဘီလူးကျွန်းချောင်းဆုံမြို့နယ် တစ်မြို့နယ်လုံးမှာဆိုရင် နှစ်သစ်ကူးတို့ပဲ ကျင်းပလေ့ရှိတယ်။ ကျန်တဲ့နေ့ထူးနေ့ မြတ်တွေကျတော့ ကျင်းပလေ့မရှိဘူး ကရင်လက်ချည်ပွဲတို့၊ အာဇာနည်နေ့တို့ဆိုရင် ၂၀၁၃ခုနှစ်လောက်မှာ ဦးဇင်တို့လာပြီး သူတို့ကိုကျင်းပပေးတယ် အဓိကတော့ သူတို့ကို ဦးဆောင် လမ်း ပြပေးတာမရှိလို့ဖြစ်တယ်။ ဒီက စာပေယဉ်ကျေး မှှုကော်မတီဘဲ စာယဉ်ကော်မတီခိုင်ခန့်ရင် နေ့ထူးနေ့မြတ်ဆိုတာနေ့တိုင်း လုပ်ဖြစ်မှာဘဲ”ဟု ဘီလူးကျွန်းပေါ်တွင် ကရင်အ ရေးနှင့်ပတ်သက်ပြီး ဦးဆောင်လမ်းပြပေးတဲ့ ဆရာတော် ဦးပညာဝံသက ပြောပါတယ်။
ဘီလူးကျွန်းတွင် ကျေးရွာပေါင်း၆၀ကျော်၊ လူဦးရေ ၂သိန်းနီးပါးခန့်ရှိပြီး အဲဒီ မှာ ကရင်တွေနေထိုင်တဲ့ ရွာပေါင်းက ၁၀ကျော် ပါတယ်။ လက်ရှိအချိန်မှာ ကျွန်းနေ ကရင်လူဦးရေကလည်း ၂သောင်း ကျော်ရှိနေတယ်လို့ အဲဒီကျွန်း ပေါ်က ကရင်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့တွေက ပြောပါတယ်။
ကျွန်းပေါ်မှာကရင်တွေအတူနေထိုင်တဲ့ရွာပေါင်း ၁၀ကျော်ရှိပေမယ့်လည်း လက်ရှိအချိန်မှာ ကရင်ကျေးရွာ အုပ်ချုပ်ရေးမှူး အုပ်ချုပ်တဲ့ ရွာကတော့ ကရင်ဝင်းစိန်ရွာတစ်ရွာဘဲရှိတယ်လို့ အဲဒီမှာနေထိုင်ကြ တဲ့ကရင်တိုင်း ရင်းသားတွေကပြောပါတယ်။
“ကရင်ရွာတွေအများကြီးရှိပါတယ် ဒါပေမယ့် ကရင်အုပ်ချုပ်ရေးမှူးတော့ မရှိဘူးပေါ့ ကျမတို့ရွာမှာလည်း ကရင်ရှိတယ်။ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဘဲရှိတယ်ဆိုတော့ ကျမတို့ကရင်အုပ်ချုပ်ရေးမှူး သီးသန့် မရှိတာလည်းဖြစ်တယ်”ဟု ကော့က ဒက်ရွာမှာနေထိုင်တဲ့ နော်လွန်းရှိန်က ပြောပါတယ်။
လက်ရှိ ကရင်တွေနေထိုင်တဲ့ရွာကတော့ ကရင်ဝင်းစိန်၊ နှီးမုတ်၊ ကမနင်း၊ ကွန်ဒိုင်း၊ ဖံဖ၊ ကော့ကဒဲ့၊ ထန်းပင် ကုန်း၊ ဝယ်ကူး၊ တော်ကမာ၊ တကူမတီ စတဲ့ရွာတွေက ကရင်လူမျိုးတွေက နေထိုင်လျက်ရှိ နေပါ တယ်။အခြား တိုင်းရင်းသားတွေနဲ့ အတူ ယှဉ်တွဲနေထိုင်တဲ့ သူတို့တွေက တချို့ဆို ကရင်စကား မပြောတတ် တော့တဲ့ သူတွေရဲ့ရာခိုင်နှုန်းကပိုများလာသလိုရှိပေမယ့် ကရင်စာပေနဲ့စကားကို ကောင်းမွန်စွာ ရေးတတ်ဖတ်တတ်တဲ့ သူတွေလည်းရှိနေပါသေးတယ်။
ကျွန်းပေါ်မှာရှိတဲ့ကရင်ဒေသခံတွေအနေနဲ့အခြားတိုင်းရင်းသားနည်းတူ အသက်မွေးဝမ်းကြောင်းအတွက် လယ်၊ ဥယျာဉ်ခြံ၊ ငါးဖမ်းလုပ်ငန်းနဲ့လက်မှုလုပ်ငန်း စတာတွေလုပ်ကိုင်တာရှိတဲ့အပြင် အစိုးရဝန်ထမ်း နဲ့ နိုင်ငံရပ်ခြားမှာ သွားရောက်အလုပ် ကိုင်တဲ့သူတွေလည်းရှိတယ်လို့သိရပါတယ်။ ကျွန်းပေါ်မှာတော့ လက်မှုလုပ်ငန်းဖြစ်တဲ့ ကျောက်သင်ပုန်းလုပ်ငန်း၊ ဆေးတံ လုပ်ငန်းနဲ့ တခြားသောအမှတ်တရပစ္စည်းများ ပြုလုပ်ခြင်းဖြင့် အသက် မွေးဝမ်း ကျောင်း ပြုကြပါတယ်။ လက်မှုလုပ်ငန်းအနေနဲ့ ကတော့ ရွာလွတ်ရွာရဲ့ကျောက် သင်ပုန်းလုပ် ငန်းဟာ ထင်ရှားသလို မုဒွန်းရွာကတော့ ဆေးတံလုပ်ငန်းနဲ့နာမည်ကြီးပါတယ်။
ပညာရေး စားဝတ်နေရေးအပိုင်းမှာ အခြားနေရာဒေသတွေမှာနေထိုင်တဲ့ ကရင်လူမျိုးများနဲ့ ကွာဟမှု သိပ်မရှိပေမယ့်လည်း ကရင်စာပေ၊ယဉ်ကျေးမှှုနဲ့အမျိုးသားရေးအပိုင်းမှာတော့ အခြားဒေသတွေထက် အားနည်းမှုတွေရှိနေသေးတယ်လို့လည်း ဘီလူးကျွန်းပေါ်က ကရင်အရေးနဲ့ပတ်သက်လို့ဦး ဆောင်လှုပ် ရှားနေတဲ့ အရှင်ဦးပညာဝံသကမိန့်ကြားပါတယ်။
“ယခင်တုန်းက ဒီဒေသမှာ ကရင်ခေါင်းဆောင်ကြီးတွေ ပေါ်ထွက်ခဲ့တာမှန်တယ် ။အခုက ဘာဖြစ်လို့ မပေါ်ထွက်တာလဲ မရှိတာလဲဆိုတာတော့ ခေတ်ကာလအခြေအနေကြောင့်ပြောလို့ရတယ်။ ပြောင်းလဲလာတဲ့ အခြေအနေကြောင့် ရှေ့ဦးဆောင်တဲ့ ခေါင်းဆောင်တွေအားနည်းသွားပြီး အစိုးရပညာတစ်ခုဘဲ အားသာ သွားတယ်” ဦးပညာဝံသကမြွက်ကြားသည်။
အခုချိန် ကျွန်းပေါ်မှာရှိတဲ့ ကရင်ကျေးရွာတွေမှာတော့ နောက်လာမယ့် မျိုးဆက်သစ်ကလေးငယ်တွေအတွက် ကရင်စာပေ၊ စကားများ ပြန်လည်တတ်ကျွမ်းလာဖို့ ကြိုးပမ်းမှုအနေနဲ့ ကျောင်းချိန်ပြင်ပ ကရင်စာပေ ပြန်လည်သင်ကြားတဲ့ ရွာ ၇ရွာရှိလာတဲ့ အပြင် အခြားကရင်ရွာတွေမှာလည်း ဆက်လက်သင်ကြားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း ချောင်းဆုံမြို့နယ်ကရင်စာ ယဉ် ကော်မတီက ဆိုပါတယ်။
ကရင်စာယဉ်အဖွဲ့ကနေဦးဆောင်ပြီး ဘီလူးကျွန်းပေါ်မှာရှိတဲ့ ကရင်ရွာတွေမှာ ကရင်နှစ်သစ်ကူးနေ့ကို ရွာအလိုက် အလှည့်ကျ တာဝန်ယူကျင်းပတာတွေလည်းရှိလာနေပါပြီ။ ဘီလူးကျွန်းပေါ်မှာတော့ ကရင်နှစ်သစ်ကူး စတင်ကျင်းပခဲ့တာ လွန်ခဲ့တဲ့ ၁၉၇၀ခုနှစ်ဝန်းကျင်ကလို့သိရတဲ့အတွက် အခုဆို အနှစ် ၄၀ နီးပါးရှိပြီလို့ လည်း သူတို့က ပြောပါတယ်။
အဲဒီအပြင် ချောင်ဆုံမှာရှိတဲ့ ကရင်စာပေနဲ့ယဉ်ကျေးမှုကော်မတီကနေ မျိုးဆက်သစ် ကရင်လူငယ်များအတွက် မွန်ပြည်နယ်မှာ ရှိတဲ့ ကရင်စာယဉ်အဖွဲ့တွေနဲ့ချိတ်ဆက်ပြီး ကရင်စာအတတ်သင် သင်တန်းတွေမှာ လူလွှတ် ပညာသင်ယူစေခဲ့တဲ့အတွက် ယခုချောင်းဆုံမြို့နယ်ထဲမှာနွေရာသီကရင်စာပေသင်တန်း တွေပြန်လည် ဖွင့် လှစ်ပေးနိုင်တဲ့အထိ တိုးတက်မှုတွေရှိလာပါတယ်။
ထို့အတူပဲ ဘီလူးကျွန်းပေါ်က ကရင်တိုင်းရင်းသားတွေကလည်း သူတို့ရိုးရာဓလေ့ဖြစ်တဲ့ လက်ချည်ရိုးရာနတ်ပူဇော်ခြင်း (အင်း ဃှယ်) ကရင်ရိုးရာမင်္ဂလာဆောင်ဓလေ့တွေလည်း အလားတူလိုဘဲ ထိန်းသိမ်းထားဆဲ ရှိနေသေးပါတယ်။ ကျွန်းပေါ်က အခြား တိုင်းရင်းသားများကြားမှာ ရောထွေးနေထိုင်လာခဲ့ပြီး လူနည်းစုသာ ဖြစ်တဲ့ သူတို့တွေအတွက်တော့ ကိုယ့်ရိုးရာယဉ်ကျေးမှှု ကို ဖော်ထုတ်ဖို့ထက် မပျောက်ပျက်အောင် ကြိုးပမ်းနေရတဲ့ အနေအထားဖြစ်နေတယ်လို့ နယ်ခံတွေကပြောပါတယ်။
မြန်မာနိုင်ငံအတွင်း ပျံ့နှံ့နေထိုင်နေကြတဲ့ ကရင်လူမျိုးများဟာ နှစ်ပေါင်းများစွာကတည်းက အခြားလူမျိုးစုတွေအကြားမှာ ရောထွေးယှက်တင် နေထိုင်ရတဲ့အတွက် တချို့ကတော့ စောင့်လေမျိူးနွယ် ဆိုတဲ့သမိုင်းပေးတာဝန် ထမ်းဆောင်မှုအပိုင်းမှာ အားနည်းမှုတွေရှိလာပြီး မိမိကိုယ်ကို ကရင်လူမျိုး အဖြစ်မခံယူရဲတော့တဲ့ အခြေအနေတွေလည်း ရှိနေဆဲပါ။ ဒါတွေကို လက်တွေ့မှာ သာဓကပြစရာတွေ တပုံတပင်ကြီး ရှိနေသလို တစ်ဖက်မှာတော့ သူတို့တွေရဲ့ နိုးကြားလာတဲ့ အမျိုးသားရေး စိတ်ဓာတ်ကို မျက်မြင်တွေ့ရတဲ့ ခဏတာ စိတ်အေးရပေမယ့် လက်ရှိကျွန်းပေါ်မှာ လူဦးရေ ၂သောင်းကျော်ရှိတဲ့ ကရင်လူ မျိုးတွေအနေနဲ့ လာမယ့် နှစ်များစွာတိုင်အောင် အမျိုးသားရေးတာဝန်ကို မပျက်မကွက် ဆက်လက် ထမ်းဆောင်သင့်ပါတယ်။
ကရင်အမျိုးသားနေ့ကို ဘီလူးကျွန်းက ကရင်ဝင်းစိန်ရွာမှာ ပထမဆုံးအကြိမ် မော်လမြိုင်ခရိုင်အဆင့် စတင်ကျင်းပနိုင်ခဲ့တာဟာ ကောင်းမွန်တဲ့လက္ခဏာတစ်ခုအဖြစ် မှတ်ယူရမှာဖြစ်သလို အသစ်တဖန် နိုးကြားလာတဲ့ သူတို့တွေရဲ့အမျိုးသားရေး အသိစိတ် ဓာတ်လေးတွေကိုလည်း မျိုးဆက်သစ် ကရင်လူငယ်များထံ လက်ဆင့်ကမ်းအမွေ ပေးနိုင်စေဖို့ ဆုတောင်းနေမိပါတော့တယ်။