ကော်သူးလေအဆင့်မြင့်ပညာရေးဒူးသထူ့(သထုံ) ဆယ်တန်းလွန်ကျောင်းအုပ်် စောမြင့်စိုးနှင့် တွေ့ဆုံမေးမြန်းခြင်း

ကော်သူးလေအဆင့်မြင့်ပညာရေးဒူးသထူ့(သထုံ) ဆယ်တန်းလွန်ကျောင်းအုပ်် စောမြင့်စိုးနှင့် တွေ့ဆုံမေးမြန်းခြင်း
by -
ကေအိုင်စီ
“ကျောင်းပြီးတဲ့အခါ အခြားပညာရေးအဆင့်အတန်းမြင့်တဲ့ ကျောင်းတွေကိုတက်ခွင့်ရအောင် လုပ်ဆောင်သွားပေးစေချင်တယ်။” ကော်သူးလေအဆင့်မြင့်ပညာရေးဒူးသထူ့ ဆယ်တန်းလွန်ကျောင်းကိုအင်္ဂလိပ်ဘာသာဖြင့် Kaw Thoo Lei Higher Education Doo ThaHtu Post-Ten ဖြစ်သည်။ ကျောင်းကိုယခင် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) သထုံခရိုင် ဥက္ကဋ္ဌပဒိုစောပဲနုမှခရိုင် အတွင်းရှိသက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးကာ ၂၀၁၄ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။

အဆိုပါ ကျောင်း၏ အခြေအနေများကိုသိစေရန် ကျောင်းအုပ်အဖြစ် လက်ရှိတာဝန်ယူနေသည့် စောမြင့်စိုးကိုကေအိုင်စီမှ တွေ့ဆုံမေးမြန်းခြင်းဖြစ်သည်။

ကေအိုင်စီ။ ။ ကော်သူးလေအဆင့်မြင့်ပညာရေးဒူးသထူ့ ဆယ်တန်းလွန်

ကျောင်းတည်ဆောက်ရခြင်းရဲ့ ရည်ရွယ်ချက်ကဘာလဲ။

စောမြင့်စိုး။ ။ ဒီကျောင်းနဲ့ ပတ်သက်ပြီးစတင်တည်ထောင်ခဲ့တာက ပြီးခဲ့တဲ့ သထုံခရိုင် ဥက္ကဋ္ဌပဒိုစောပဲနုကမကထပြု စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ကျောင်းတည်ထောင်ရတဲ့ ရည်ရွယ်ချက်ကသထုံခရိုင်ထဲမှာရှိတဲ့ (အထက်တန်းပညာအဆင့်)လူငယ်တွေဟာ တချို့ကမိဘမတတ်နိုင်ဘူး။ တချို့က ဆက်လက်ပညာသင်ကြားဖို့ စိတ်အားထက်သန်ကြတာရှိတယ်။ ဒါကို ကြည့်ပြီးသူတို့တွေအတွက် ကျောင်းတစ်ကျောင်းရှိသင့့်တယ်။ အစကဒီကျောင်းကို ၂၀၁၂၊ ၂၀၁၃ ခုနှစ်ကတည်းကတည်ထောင်ဖို့ ခရိုင်အတွင်းတာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြပေမယ့် ကျောင်းတကယ် တည်ဆောက်ဖြစ်တာကတော့ ၂၀၁၄ ခုနှစ်လောက်မှာ ဖြစ်ပါတယ်။ စောနကပြောသလိုပဲလူငယ်တွေ ကောင်းကောင်းမွန်မွန် ပညာဆက်လက်သင်ယူနိုင်ဖို့ပါ။ တခြားနေရာကိုသွားစရာမလိုတော့့ဘူးပေါ့။ တချို့တွေကျတော့လည်းအဖွဲ့အစည်းမှာ ပြန်အလုပ်လုပ်ရမယ့်သူတွေ ရှိတယ်လေ။ ဒီကျောင်းကိုတက်လိုက်ခြင်းအားဖြင့် တခြားနေရာသွားပြီးကျောင်းတက်ဖို့ မလိုတော့သလိုသူတို့တွေ တကွဲတပြားလည်းမဖြစ်တော့ဘူးပေါ့။

ကေအိုင်စီ။ ။ ဒီကော်သူးလေဆယ်တန်းလွန်ကျောင်းကိုတက်တဲ့ ကျောင်းသားတွေ ဘယ်ကနေလာတက်ကြလဲ။

စောမြင့်စိုး။ ။ ကျောင်းလာတက်တဲ့ ကျောင်းသူကျောင်းသားတွေကအများအားဖြင့်တော့ (ဘီးလင်းမြို့နယ်မှာရှိတဲ့ ကော်သူးလေအထက်တန်းကျောင်း)ကွီးလေးကျောင်းကဆယ်တန်းအောင်တဲ့သူတွေ များပါတယ်။ကျောင်းလာတဲ့တက်တဲ့သူတွေဟာ သထုံခရိုင်တွေမှာရှိတဲ့ ဘီးလင်းအပြင် ဖားအံ၊ သထုံ၊ ကျိုက်ထိုစတဲ့ မြို့နယ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ဖာပွန်ခရိုင် (ကေအဲန်ယူလူသောမြို့နယ်)က ကျောင်းသားအချို့လည်းပါတယ်။ ကျနော်တို့ ကျောင်းမှာ ယေဘုယျအားဖြင့်တော့ စာသင်နှစ် (၂)နှစ် ထားပါတယ်။

ကေအိုင်စီ။ ။ ကျောင်းစတင်တည်ထောင်ခဲ့တဲ့ နှစ်နဲ့ စတင်လည်ပတ်ခဲ့ရတဲ့ အခြေအနေလေးပြောပြပေးပါလား။

စောမြင့်စိုး။ ။ ကျောင်းကတော့ အစပြုခဲ့တဲ့ အချိန်တုန်းကဆို အကုန်လုံးနီးပါးကအခက်အခဲတွေ ရှိနေတယ်။ စာသင်ဖို့ ကျောင်းဆရာတွေ၊ ကျောင်းတက်ဖို့ ကျောင်းသားကျောင်းသူနဲ့ အဆောက်အဦးတည်ဆောက်ဖို့ စတာတွေပေါ့။ ကျောင်းစတင်တဲ့ ၂၀၁၄ ခုနှစ်ကစာသင်နှစ် တစ်နှစ်လုံးစာမသင်ရတဲ့အတွက် အဲဒီစာသင်နှစ်အတွက် (အကြို) Pre အနေနဲ့ပဲသတ်မှတ်ခဲ့ရပါတယ်။ အကြောင်းကတော့ ကျောင်းဆောက်ရင်းစာသင်ရင်း (သြဂုတ်လ) ရှစ်လပိုင်းလောက်မှ ချောချောမွေ့မွေ့ ကျောင်းစတက်ရတယ်။

အဲဒီအချိန် မိုးတွင်းဘက်လည်း ဖြစ်တော့ လမ်းပန်းဆက်သွယ်ရေးမကောင်းလို့ ကျောင်းအတွက် အသုံးပြုသွားမယ့် စာအုပ်တွေဆိုရင် (ကေအဲန်ယူနောင်ဘို)ဆက်ဆံရေးရုံးမှာ အချိန်အကြာကြီးထားရသေးတယ်။ ဒါကြောင့် ၂၀၁၅ လောက်မှ စာသင်နှစ်ကို ပထမနှစ်အဖြစ် စတင်သတ်မှတ်တယ်။ ကျောင်းသားဦးရေကတော့ ကျောင်းစတင်တဲ့ နှစ်တုန်းက ၁၉ယောက်၊ အခုနှစ်မှာ ၁၆ယောက်။ အားလုံးစုစုပေါင်း ၃၅ ယောက် ရှိပါတယ်။ ဒီနှစ် စာသင်နှစ်ပြီးရင်တော့ ကျောင်းသားတစ်သုတ် ပြီးမယ်ပေါ့။

ကေအိုင်စီ။ ။ ကျောင်းအုပ် စောမြင့်စိုးအနေနဲ့ ဒီကျောင်းကိုဘာကြောင့် စာလာသင်ရတဲ့ အကြောင်းအရင်းပြောပြပေးပါလား။

စောမြင့်စိုး။ ။ ဒီကျောင်းရဲ့ ပထမအစမှာကျောင်းအုပ်ကစောဖိုးထွန်းအေး ဖြစ်ပါတယ်။ ၂၀၁၅ မေလမှာအနားယူသွားတယ်။ သူအနားယူသွားတော့ ကျနော်ကကျောင်းအုပ်အနေနဲ့ ပြန်ပြီးတာဝန်ထမ်းဆောင်ရတာအခုအထိပေါ့။ တကယ်ဆိုရင် ကျနော်ကစာသင်ဖို့ အစီအစဉ် မရှိဘူး။ ကျနော်ကကော်သူးလေစစ်သားလုပ်မှာ။ သို့သော်လည်းပဲကျနော် အခြေခံစစ်သင်တန်းတက်နေတဲ့ တစ်လကျော်ကျော်ကာလမှာ (သထုံခရိုင် ဥက္ကဋ္ဌဟောင်း) ပဒိုစောပဲနုက ကျနော့်ဆီကိုလာပြီးသက်ဆိုင်သူတာဝန်ရှိများနဲ့ စကားပြောတယ်။ တဆက်တည်းမှာပဲခရိုင် ပညာရေးမှူးပဒိုစောလွမ်းအောင်ကလည်း လာရောက်ထပ်မံဆွေးနွေးတယ်။ အဲဒီကစလို့ ကျနော် စစ်သင်တန်းတစ်ဝက်တစ်ပျက်နဲ့ ထွက်ပြီးကျောင်းဆရာတာဝန်ကို ထမ်းဆောင်လာတာ ဖြစ်ပါတယ်။ ကျောင်းဆရာလုပ်ဖို့ စစ်သင်တန်းမှာလာတောင်းဆိုတုန်းကကျနော်နဲ့ ကျနော့်သူငယ်ချင်းတစ်ယောက်ပါ။ နောက်ဆုံးတော့ ကျနော်တစ်ယောက်ကိုပဲခွင့်ပြုခဲ့ပါတယ်။

ဒါ့အပြင် စတင်ခဲ့တဲ့ နှစ်တုန်းကကျောင်းဆရာဦးရေစာရင်းဝင် လေးယောက်ဆိုပေမယ့် တကယ့်တကယ်မှာကျောင်းဆရာ နှစ်ယောက်နဲ့ပဲစာသင်ရပါတယ်။ ၂၀၁၅ စာသင်နှစ် စတင်တော့မှ ကျောင်းဆရာခြောက်ယောက်အထိတိုးလာပါတယ်။ ကျောင်းဆရာအားလုံးနီးပါးကတော့ နယ်စပ်ကနေဆယ်တန်းလွန်ကျောင်း ပြီးမြောက်ထားတဲ့သူတွေ ဖြစ်ပါတယ်။

ကေအိုင်စီ။ ။စာသင်ကျောင်းမှာ ပြန်လာတာဝန်ထမ်းဆောင်တုန်းကဘာတွေ ကြံုတွေ့ ရလဲ။

ဖြေ။ ။ ကျနော် စတင်ပြန်လာထမ်းဆောင်တုန်းကစာသင်လို့ အောက်တိုဘာလအရောက်မှာကျောင်းဆရာတွေ တကွဲတပြားတနေရာဆီသွားတာကို ကြံုခဲ့ရတယ်။ ကျနော် ဘာလုပ်ဘာကိုင်ရမှန်းမသိတဲ့အထိတောင် ခက်ခဲခဲ့ပါတယ်။ ကျောင်းစာမေးပွဲစစ်ရမယ့်အချိန်မှာကျနော်တစ်ယောက်ပဲရှိခဲ့ပါတယ်။ ဆိုလိုတာက (ကျောင်းဆရာတွေ)သူတို့အပြင်မှာဘာတွေ ဖြစ်ကြမှန် ကျနော် မသိလိုက်လို့ အခုလိုအခြေအနေ ဖြစ်သွားရတာပါ။ သူတို့တွေနဲ့ ဘာသာရပ်အစားကျနော် စာမေးပွဲစစ်ပေးရပါတယ်။ စာမေးပွဲ ပြီးတဲ့နောက်မှာ KRCEE တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဆရာမနော်ဖောမူးဆီကိုကျနော် သွားရောက်အကျိုးအကြောင်းပြောပြပြီး တကွဲတပြား ဖြစ်နေတဲ့ ကျောင်းဆရာတွေနဲ့ ပြန်လာနားချခဲ့ရပါတယ်။ တစ်နှစ်တာစာသင်နှစ်ပြီးတဲ့အထိ စာပြန်သင်ပေးဖို့ပေါ့။ ဒါပေမယ့် တစ်ယောက်ကတော့အပြီးထွက်သွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့ အတိုင်းအတာတစ်ခုအထိ အဆင်ပြေသွားတာမှပဲအသက်ရှူရ ပေါ့သွားတယ်။ အဲဒီကာလအတွင်းမှာ ဆရာစောကြည်စိုးဆိုသူနဲ့ ပဒိုစောလွမ်းအောင်တို့ရဲ့ စီစဉ်မှုနဲ့ (Area Teacher Training-ETT)က ဆရာနှစ်ဦးကိုခေါ်ပေးတယ်။ အဲဒီဆရာတွေ တစ်လလောက် ကျနော်တို့ကိုကူညီခဲ့တယ်။

ကေအိုင်စီ။ ။ စာသင်ကျောင်းမှာဘယ်ဘာသာရပ်တွေ သင်ကြားလဲ။

စောမြင့်စိုး။ ။ ကျောင်းစတင်တဲ့နှစ်မှာကွန်ပျူတာ၊ အင်္ဂလိပ်၊ လူမှုရေး(သမိုင်း၊ စီးပွာရေး၊ နိုင်ငံရေး၊ Gender ) စတာတွေ ပါဝင်ပါတယ်။ ဒီနှစ် စာသင်နှစ်မှာတော့ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှု ဘာသာရပ်ကိုပါ ထည့်သွင်းသင်ကြားလျှက်ရှိပါတယ်။ ဆိုတော့ အားလုံးပေါင်းသာသာရပ် လေးဘာသာသင်ကြားပေးနေတယ်ပေါ့။ ကျနော်ကတော့ အစပိုင်းမှာအင်္ဂလိပ်စာသင်ကြားတယ်။ အခုကွန်ပျူတာသင်ကြားပါတယ်။ ဒီလိုစာသင်ကြားတဲ့အခါမှာသတိထားမိတာတစ်ခုတော့ ရှိတယ်။

မြန်မာပြည်တွင်းကျောင်းတက်ခဲ့တဲ့ ကျောင်းသားတွေဟာအများအားဖြင့် အင်္ဂလိပ်စာအားနည်းတာကိုတွေ့ရတယ်။ နယ်စပ်မှာ ပြန်လာတဲ့သူတွေနဲ့ အနည်းငယ် ကွာခြားတယ်။ သိုု့ပေမယ့် ကွီးလေးကျောင်းထွက်တွေကတော့ တော်တဲ့သူတွေ ရှိသလိုတချို့ ပြည်တွင်းကျောင်းထွက်က ကျောင်းသားတွေလိုပါပဲ။

ကေအိုင်စီ။ ။ အခုလိုကိုယ့်ရပ်ကိုယ့်ရွာကစာသင်ကျောင်းမှာစာပြန်လာသင်ကြားရတဲ့အပေါ် ဘယ်လိုခံစားမိလဲ။

စောမြင့်စိုး။ ။ မမျှော်လင့်ဘဲကိုယ့်ဒေသမှာအခုလို စာပြန်လာသင်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ အမှန်အတိုင်းပြောရမယ်ဆိုရင် ဒီလိုအဆင့်မျိုးမှာကိုယ့်ကိုယ်ကိုမထိုက်တန်ဘူးလို့တောင် ခံစားရပါတယ်။ ပညာရေးပိုင်းမှာဆိုရင်လည်း ပြည့်စုံတာတော့ မဟုတ်ပါဘူး။ လိုအပ်ချက်အပေါ် သက်ဆိုင်ရာတွေက ကျနော်တို့ကိုသုံးသလို ကျနော်တို့ကလည်းကိုယ်တတ်စွမ်းသမျှ အကောင်းဆုံး ပြန်အသုံးခံတဲ့ သဘော ဖြစ်ပါတယ်။

ကေအိုင်စီ။ ။ ကျောင်းအုပ်တစ်ယောက်အနေနဲ့ ဒီကျောင်းနဲ့ပတ်သက်ပြီးရှေ့ဆက်ဘာတွေ ဖြစ်စေချင်လဲ။

စောမြင့်စိုး။ ။ ဒီကျောင်းနဲ့ ပတ်သက်ပြီးကောင်းသထက် ကောင်းအောင် သက်ဆိုင်ရာခရိုင်တာဝန်ရှိသူတွေနဲ့ ကျနော်တို့ တိုင်ပင်သွားမယ်။ နယ်စပ်က IHE လိုဆယ်တန်းလွန်ကျောင်းမျိုး ကျနော်တို့ သွားချင်တယ်။ အဲလိုဖြစ်ဖို့ လိုအပ်တဲ့ ကျောင်းဆရာတွေကိုရှာပေးဖို့ တိုက်တွန်းသွားမယ်။ ဒါ့အပြင် ဒီကျောင်းပြီးတဲ့အခါ အခြားပညာရေးအဆင့်အတန်းမြင့်တဲ့ EIP, ACU, Wide Horizon စတဲ့ ကျောင်းတွေကိုတက်ခွင့်ရအောင် လုပ်ဆောင်သွားပေးစေချင်တယ်။ အဲလိုအဆင့်ထိရောက်ဖိုု့လည်း ကျနော်တို့ ခြေလှမ်းစပြင်နေပါပြီ။

ကေအိုင်စီ။ ။ ဒီကျောင်းပြီးသွားတဲ့ ကျောင်းသားတွေကိုဘာတွေ ကြိုတင်ပြင်ဆင်ပေးထားတာရှိလဲ။

ဖြေ။ ။ နောက်ဆုံးနှစ် ကျောင်းပြီးသွားတဲ့ သူတွေအတွက် ကျနော်တို့ ကောင်းကောင်းမွန်မွန် ကျောင်းဆင်းပွဲ အခမ်းအနားလုပ်သွားပေးနိုင်ဖို့ စဉ်းစားပေးထားပါတယ်။ ဒီကျောင်းပြီးသွားတဲ့ ကျောင်းသားတွေဟာပုဂ္ဂလိကနဲ့လာတဲ့သူတွေကတော့ ကျနော်တို့အဖွဲ့အစည်းကိုတစ်နှစ်ပြန်လည် အလုပ်ဝိုင်းကူစေချင်တယ်။ လိုအပ်တဲ့နေရာတွေမှာသူတို့ကို ဖြည့်ဆည်းလုပ်သွားဖို့ ဖြစ်ပါတယ်။ အဖွဲ့အစည်းနဲ့ လာတဲ့သူတွေကတော့ သက်ဆိုင်ရာသူတို့အဖွဲ့အစည်းဆီကို ပြန်သွားရမှာ ဖြစ်ပါတယ်။ တကယ်လို့ ကျောင်းပြီးတဲ့အခါ အခြားကျောင်းတွေ ဆက်တက်ဖို့ ဆန္ဒရှိမယ်ဆိုရင်လည်း သူတို့ကိုခွင့်ပြုထားပါတယ်။ ဒါပေမဲ့ ကျောင်းပြီးရင် တစ်နှစ် ပြန်လာအလုပ်လုပ်ရမှာပေါ့။

ကေအိုင်စီ။ ။ လတ်တလောကျောင်းမှာအရေးတကြီးဘာတွေ လိုအပ်တာရှိလဲပြောပြပေးပါလား။

စောမြင့်စိုး။ ။ ကျောင်းမှာကအထူးသဖြင့် လုပ်ဆောင်သွားဖို့ လိုတာကအဆောက်အဦးပေါ့နော်။ အခုဆိုရင် ကျောင်းဆောင်တစ်ဆောင်၊ အမျိုးသားအတွက် အဆောင်တစ်ဆောင်၊ အမျိုးသမီးအတွက် အဆောင်တစ်ဆောင်နဲ့ ထမင်းရုံတစ်ဆောင် ရှိပါတယ်။ ရုံးနဲ့ ကျောင်းဆရာတွေနေဖို့အတွက်ကတော့ အဆောင်ရယ်လို့တော့ သတ်မှတ်လို့ မရသေးဘူး။ ယာယီဆောက်ထားတာပဲရှိသေးတယ်။ (တဲလေးလိုပုံစံပဲဆောက်ထားတာရှိပါတယ်)။အဲဒါတွေ ဆောက်ရမယ်။ ပြီးတော့ ဟောခန်းတစ်လုံး၊ စာကြည့်တိုက်တစ်လုံးထပ်မံ တည်ဆောက်ဖို့ ရှိပါတယ်။

ကေအိုင်စီ။ ။ ဒီကျောင်းမှာဆရာ၊ ဆရာမတွေ အားလုံးဟာလူငယ်တွေပဲဦးဆောင်တာကိုတွေ့ရပါတယ်။ အဲဒီအပေါ် လူငယ်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးဘာပြောချင်လဲ။

စောမြင့်စိုး။ ။ ကျနော်တို့တွေဟာလူငယ်ဆိုပေမယ့် အရေးကြီးဆုံးကတော့ ကိုယ့်ကိုယ်ကိုအသုံးခံဖို့ပါပဲ။ ပေးဆပ်ရမယ်။ ကိုယ်တတ်ထားတဲ့ ပညာနဲ့ တတ်စွမ်းသမျှ အသုံးခံရင် တိုးတက်မှုကရှိမှာပဲ ဖြစ်ပါတယ်။အလုပ်ဆိုတာလည်း ကျနော်တို့ကိုသင်ကြားပေး သလိုကျနော်တို့ရဲ့ အနာဂတ် ဖြစ်ပါတယ်။ ဘယ်နေရာဒေသမှာရှိတဲ့ လူငယ်တွေပဲဖြစ်ဖြစ် ကျနော်ပြောချင်တာကစိတ်အားငယ်စရာ မလိုဘူး။ အမျိုးသားရေးအတွက် လုပ်သင့်တာတွေ၊ လုပ်စရာရှိတာစိတ်ပါဝင်စားစွာလုပ်သွားစေချင်ပါတယ်။ ရပ်တည်ချက်တွေကိုလည်း ခိုင်ခိုင်မာမာထားမယ်ဆိုရင် သူ့နေရာနဲ့သူတိုးတက်လာမှာပဲ ဖြစ်ပါတယ်။

နောက်တစ်ခု နိုင်ငံခြားမှာရောက်ရှိတဲ့ ကျနော်တို့ သထုံခရိုင် တပ်မဟာ(၁)က လူငယ်တွေကိုအများကြီးရှိပါတယ်။ ကျနော်တို့ဒေသမှာ ဒီလိုကျောင်းမျိုးရှိတယ်ဆိုတာ သူတို့ကိုသိစေချင်တယ်။ ပညာရေးဆိုတာအရေးကြီးတဲ့အတွက် သူတို့တွေ အဆင်ပြေရင် တတ်နိုင်သမျှ ကျနော်တို့ကိုကူညီပေးသွားနိုင်ဖို့ မျှော်လင့်ပါတယ်။ ဥပမာ- ကွန်ပျူတစ်လုံးသော်လည်းကောင်း၊ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်ဖိုးသော်လည်းကောင်းစသဖြင့်ပေါ့။ သူတို့ရဲ့ ပူးပေါင်းပါဝင်မှုတွေကိုလည်းကျနော်တို့ ထာဝရအသိအမှတ် ပြုသွားမှာ ဖြစ်ပါတယ်။

ကေအိုင်စီ။ ။ နောက်ထပ် ဘာများ ဖြည့်စွက်ပြောချင်လဲ။

စောမြင့်စိုး။ ။ ဖြစ်နိုင်ရင် ကေအဲန်ယူခရိုင်တိုင်းမှာ ကျနော်တို့လို ဆယ်တန်းလွန်ကျောင်း အသီးသီးရှိစေချင်ပါတယ်။ ဘာဖြစ်လဲဆိုရင် ကျနော်တို့ ဆက်လက်ပညာသင်ကြားဖို့ နေရာအဝေးကြီးသွားစရာမလိုတော့ဘူး။ အခုဆိုရင် ကေအဲန်ယူဖာပွန်ခရိုင်၊ တပ်မဟာ (၅)ကနေလာရတာရှိတယ်။ အဝေးကြီးပေါ့နော်။

တဖက်မှာကျနော်တို့ အမှန်တကယ် ငြိမ်းချမ်းပြီးဒီမိုကရေစီရရှိသွားမယ်ဆိုရင် ကျနော်တို့ဒေသမှာ International ကျောင်းလို နိုင်ငံတကာအဆင့်မီတဲ့ ကျောင်းအထိရှိစေချင်ပါတယ်။ လောလောဆယ် အနေအထားမှာတော့ တဆင့်ချင်းစီ ကြိုးစားသွားဖို့ပဲ ဖြစ်ပါတယ်။

စောမြင့်စိုး၏ ကိုယ်ရေးအကျဉ်း

စောမြင့်စိုးကို ၁၉၈၇ ခုနှစ်၊ သြဂုတ်လအတွင်းမှာဘီးလင်းမြို့နယ် တာအူနီ (ဒေါင်းဇံကြီး)ရွာတွင်မွေးဖွားခဲ့သည်။ ၂၀၀၁ ခုနှစ်မှစ၍ ထိုင်း-မြန်မာနယ် စပ်ဒေသ မဲခေါင်ခါးဒုက္ခသည်စခန်းတို့တွင် သွားရောက်ကျောင်းတက်ခဲ့ပြီးအထက်တန်းပညာ ပြီးစီးသည့်အထိ ဖြစ်သည်။ ထို့နောက် ၂၀၀၈ ခုနှစ်တွင် ဆယ်တန်းလွန်ကျောင်းတစ်ကျောင်းဖြစ်သည့် Pu Taw Memorial Junior College (PTMJC) ကျောင်းကိုလေးနှစ်တာတက်ရောက်ခဲ့သည်။

အဆိုပါ ကျောင်းပြီးစီး၍ (၂)နှစ်အလုပ်ပြန်ကူခဲ့သည်။ ထိုမှတဆင့် တပ်မဟာ(၁)သို့ ပြန်လာကာ အခြေခံစစ်သင်တန်းတစ်လကျော် တက်ရောက်ခဲ့ ပြီးနောက် သထုံခရိုင် ကော်သူးလေဆယ်တန်းလွန်ကျောင်းသို့ စာသင် ကြားလာကာယခုအချိန်အထိ ဖြစ်သည်။

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...