အတ္ထရံမြစ်ရေကို နိုင်ငံတကာခေတ်မီစက်ကြီးဖြင့် စနစ်တကျသန့်စင်၍ ဒေသအတွင်းရှိ ပြည်သူများကို သက်သာသော နှုန်းထားဖြင့် ထုတ်လုပ်ဖြန့်ဖြူးရန် ကုမ္ပဏီနှစ်ခုက လာရောက်ဆွေးနွေးထားကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
“ဘယ်လိုဝန်ဆောင်မှုတွေ ပေးနိုင်မလဲ၊ ဘယ်ကုမ္ပဏီက ဝန်ဆောင်မှုတွေ ဘယ်လိုပေးမလဲဆိုတာ အစိုးရအဖွဲ့ (ကက်ဘိနက်) အစည်းအဝေးထိုင်ပြီးမှ ဒီကုမ္ပဏီနှစ်ခုထဲက ဘယ်ဟာကို ရွေးချယ်မလဲဆုံးဖြတ်မယ်”ဟု ဗမာတိုင်းရင်းသားရေရာဝန်ကြီး ဦးရွှေမြင့်က ဆိုသည်။
ရေကောင်းရေသန့်ထုတ်လုပ်ပြီးပါက မော်လမြိုင်မြောက်ဘက်ခြမ်းကို ဦးစားပေးဖြန့်ဖြူးမည်ဖြစ်ကြောင်း၎င်းက ရှင်းပြသည်။
“အခုထုတ်လုပ်မယ့် ရေသန့်က PH 7 အပြည့်ထုတ်လုပ်မယ်။ သန့်သန့်ရှင်းရှင်း သောက်သုံးနိုင်တဲ့ အဆင့်မျိုး ချက်ပြုတ်စားသောက်နိုင်တဲ့ ရေသန့်ရရှိအောင်ပေါ့၊ တချို့ရေတွေ အဆီကွက်တာတို့ အဲ့လိုမျိုးမဖြစ်စေရဘူး”ဟု ၎င်းက ထပ်မံပြောကြားသည်။
ရေအရင်းအမြစ်များဖြစ်သည့် အတ္ထရံမြစ်ရေကို မိုးရာသီတွင်ရယူ၍ ခြောက်သွေ့သည့် နွေရာသီတွင်မူ ရွှေနတ်တောင် ရေလှောင်တမံမှ ဘုံဘိုင်ခေါင်းဖြင့် ရေပေးဝေရန်လည်း စီမံထားကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။