မြန်မာသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးအောင်လှထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

မြန်မာသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးအောင်လှထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း
by -
ကေအိုင်စီ
ပဥ္စမအကြိမ်မြောက် မြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်ရေးညီလာခံ (Myanmar Media Development Conference)ကို ၂၀၁၆ခု နှစ်၊ နိုဝင်ဘာလ ရရက်နှင့် ၈ရက်နေ့များတွင် ရန်ကုန်မြို့၊ ချက်ထရီယံဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာသတင်းအချက်အလက် ရရှိပိုင်ခွင့် (Right to Information) ဆွေးနွေးခန်းတွင် ပါ၀င်ခဲ့သူ မြန်မာသတင်းမီဒီယာကောင်စီ၏ ဒုတိယဥက္ကဋ္ဌ ဦးအောင်လှ ထွန်းနှင့် ကေအိုင်စီတွေ့ဆုံမေးမြန်းထားသည်။

မေး။      ။Right to Information ရဲ့အနှစ်သာရလေးဆရာနားလည်သလောက်လေးရှင်းပြပေးပါလား။

ဖြေ။       ။အနှစ်သာရကတော့သတင်းသိရှိပိုင်ခွင့်ပေါ့လေ။ဒါပေမယ့်တစ်ချို့ဒီမှာအများစုနားလည်ထားတာက သတင်းစာဆရာတွေ မီဒီယာသမားတွေအတွက်ပဲလို့ ထင်နေကြတယ်။ ဒါဟာအားလုံးနဲ့ဆိုင်ပါတယ်။နိုင်ငံသားတိုင်းနဲ့ဆိုင်တယ်။ဒါတောင်မကဘူး။နိုင်ငံသားမဟုတ်သူတွေနဲ့လည်းဆိုင်တယ်။လူသားအားလုံးနဲ့ဆိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့ International Media တွေရှိတာကိုး။International Media တွေကိုကိုယ်စားပြုတာက နိုင်ငံခြားသားတွေ အများကြီးဖြစ်နေတယ်။သူတို့လည်း အဲဒါကိုမေးမြန်းပိုင်ခွင့်သိရှိပိုင်ခွင့်ရှိတယ်လို့ ကျနော်ထင်တယ်။

မေး။      ။အခုခေတ်ကာလမှာရောအဲဒီ Right to Information ကဘယ်လောက်အထိလွှမ်းခြံုနိုင်ပြီလဲပေါ့ဆရာ။

ဖြေ။       ။ကျနော်ထင်တာ တော်တော်လေးကိုနည်းနေတာတွေ့တယ်။ နိုင်ငံသားဖြစ်တဲ့ သာမန်လူတွေတောင်မပြောနဲ့ သတင်းသမားတွေမှာ တချို့လေကိုယ်ရေးထားတာတွေကို ကိုယ်မသိနိုင်ဘူးပေါ့။နောက်တစ်ခုအဆိုးဆုံးက Right to Information ကိုပေးရမယ့်အရာရှိပိုင်းက ပထမကျနော်ပြန်ကြားရေးဝန်ကြီးဌာနက workshop နှစ်ခါရှိသွားပြီလုပ်ခဲ့တာ။ ပထမတစ်ခါတုန်းက တစ်ချို့ပုဂ္ဂိုလ်တွေဆိုရင် လက်သင့်မခံချင်ဘူး။ ဘာလို့ပြောရလဲဆိုတော့ ဒီမိုကရေစီနိုင်ငံမှာ ပြည်သူကအစိုးရကို တင်မြှောက်ပါတယ်။အခွန်အခကိုပြည်သူတွေကပေးပါတယ်။

ကိုယ်တင်လိုက်တဲ့အစိုးရဟာ ကိုယ့်တိုင်းပြည်ကို ဘယ်လိုအုပ်ချုပ်နေလဲဆိုတာ ပြည်သူတွေမှာသိပိုင်ခွင့်ရှိပါတယ်။ အဲဒီလိုပဲ အခွန်ထမ်းပေးလိုက်တဲ့ ပုဂ္ဂိုလ်တွေမှာ သူတို့အခွန်ထမ်းလိုက်တဲ့ငွေကို နိုင်ငံတော်က ဘယ်လိုစီမံလိုက်လဲဆိုတာ သိပိုင်ခွင့်ရှိပါတယ်။အဲဒီလိုပဲနိုင်ငံတစ်နို်င်ငံရဲ့အစိုးရဟာ အဲဒီနိုင်ငံကို ဘယ်လိုအုပ်ချုပ်နေလဲဆိုတာ နိုင်ငံတကာအစိုးရကလည်း သိပိုင်ခွင့်ရှိပါတယ်။ ကျနော်တို့မှာ နိုင်ငံတကာအစိုးရတွေ၊ နိုင်ငံတကာအသိုင်းအဝိုင်းတွေ အဖွဲ့အစည်းတွေရှိပါတယ်။ အားလုံးကို ထင်သာမြင်သာရှိအောင် သိသင့်သိထိုက်တာတွေကို ကျနော်တို့ပြောပြဖို့တော့လိုပါတယ်။

မေး။      ။အခုအခြေအနေက အားလုံးကိုမလွှမ်းခြံုနိုင်သေးဘူးဆိုတော့ ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်မယ်ဆို ဘာတွေ က အဟန့်အတားဖြစ်စေမလဲဆရာ။

ဖြေ။       ။ဒီ Right to Information နည်းနေလို့ရှိရင် ကျနော်တို့ဆိုးကျိုးတွေက ပိုများတာပေါ့နော်။ miss information ဆိုတဲ့ သတင်းအချက်အလက်လွဲမှားတာတွေဖြစ်လာရင် လူတွေနားလည်မှုလွဲမှားလာမယ်။နောက်ပြီး Disinformation ဆိုတာရှိတယ်။ တမင်ကိုအလွဲတွေထည့်တာ။ နိုင်ငံတော်ရဲ့ အရေးကြီးကိစ္စတွေမှာ သတင်းအလွဲအမှားတွေ၊လော်ဘီတွေဝင်ပြီးတော့ ပိုဆိုးသွားတာပေါ့။ အဲဒီတော့စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်ပေါ်မှုကို အဟန့်အတားဖြစ်စေတာပေါ့။

KIC1601

မေး။      ။ဒီထက်ပိုမိုကောင်းမွန်လာဖို့ ဘယ်လိုနည်းလမ်းတွေရှိနိုင်မလဲဆရာ။

ဖြေ။       ။အဓိကကတော့ အစိုးရပိုင်းမှာပေါ့လေ။ အစိုးရပိုင်းက ဒီဟာကို အားလုံးကနားလည်သဘောပေါက်သွားပြီဆိုရင် ဥပဒေနဲ့ပြဋ္ဌာန်းစရာမလိုဘူးပေါ့။ တစ်ချို့နိုင်ငံကြီးတွေမှာလည်း အဲဒါနဲ့ပတ်သက်ပြီး ဥပဒေပြဋ္ဌာန်းတာမရှိဘူး။ ဒါပေမယ့် ကမ္ဘာ့နိုင်ငံတွေမှာ ပြဋ္ဌာန်းတာတွေလည်းရှိပါတယ်။ ကျနော်တို့နိုင်ငံမှာကျတော့ ပြဋ္ဌာန်းရမယ့်နိုင်ငံတွေထဲမှာပါပါတယ်။ဒီ Right to Information law ရှိတယ်ဆိုရင် ဘယ်သူတွေမှာတာဝန်ရှိတယ်။ ဘယ်သူတွေမှာ သိပိုင်ခွင့်ရှိတယ်။ ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းဥပဒေတွေပြဋ္ဌာန်းဖို့လိုပါတယ်။

ပေးသင့်ပေးထိုက်တဲ့သတင်းက ဘယ်လို၊ မပေးသင့်မပေးထိုက်တဲ့သတင်းက ဘယ်လိုလည်းဆိုတာကို ခွဲခြားသတ်မှတ်ဖို့လိုပါတယ်။ ပြီးတော့ကျနော်တို့က အချိန်လည်းလိုပါတယ်။ သတင်းကိုပြန်ကြားရမယ့်အချိန်၊ပေးရမယ့်အချိန်က အကန့်အသတ်နဲ့ရှိသင့်ပါတယ်။ တချို့ကိစ္စတွေက ချက်ချင်းဖြေရှင်းရမယ်။ တစ်ချို့ကိစ္စတွေကျတော့ အချိန်ယူရမှာဖြစ်ပါတယ်။ နောက်တစ်ခုက တချို့အချက်အလက်တွေဟာ မမေးရင်တောင်မှအစိုးရဘက်ကသူတို့ ထုတ်ပြန်ပေးရမယ့်သဘောရှိပါတယ်။ တချို့အချက်တွေကျတော့ မေးလာတဲ့အခါထုတ်ပြန်ပေးရမယ်။ ဒါကြောင့် အဲဒီလို အချိန်ယူပြုလုပ်ရမယ့်ဟာလည်းရှိပါတယ်။ ပြောရရင်တော့ အစိုးရပိုင်ရော၊မီဒီယာပိုင်းဘက်ကရော လုပ်ဖို့လိုပါတယ်။

မေး။      ။ဒီ(၅)ြှကိမ်မြောက် မီဒီယာဖွံ့ဖြိုးရေးညီလာခံမှာ ဌာနဆိုင်ရာပိုင်းက ပြောရေးဆိုခွင့်ရှိတဲ့လူကြီးတစ်ဦးကနေပြီးတော့ သူတို့အနေနဲ့ Right to Information ကိုပြောဆိုတာက မီဒီယာကိုလည်းမေးတဲ့အခါမှာ မီဒီယာကလည်းကျင့်ဝတ်ရှိပါတယ်ဆိုပြီး မဖြေတဲ့အပေါ်မှာ ငြင်းခုန်မှုလေးတွေဖြစ်တာပေါ့နော်။ အဲဒီအပေါ်မှာရော ဆရာ့အနေနဲ့ဘယ်လိုသုံးသပ်မိပါလဲ။

ဖြေ။       ။ကျနော်တို့မီဒီယာမှာ ကျင့်ဝတ်ရှိပါတယ်။ ဘယ်လိုဖြစ်ဖြစ် ကျနော်တို့ရဲ့သတင်းအရင်းအမြစ်ကို ဖော်ပြခွင့်မရှိဘူး။ အဲဒါကိုကျနော်တို့ကို မကြာခဏအမေးခံရတာရှိပါတယ်။ ဥပမာဝန်ကြီးဌာနတစ်ခုကို ကိုးကားပြီးသတင်းရေးလိုက်တယ်။ “အမည်မဖော်လိုသည့်အရာရှိကြီးတစ်ဦး”ကဆိုပြီးတော့ ရေးလိုက်တယ်။ အဲဒီကလူကြီးတစ်ယောက်က ကျနော့်ကိုမေးတယ်။ ဘယ်သူကမေးတာလဲပြောပါ။မပြောလို့မရဘူး။ဒါအရေးယူရမယ်ဆိုပြီးတော့ပေါ့။ ကျနော်ကတော့ ဒါကပြောလို့မရဘူး။ အခုအစိုးရလက်ထက်တောင်မကဘူး။ဟိုးအရင်စစ်အစိုးရလက်ထက်တုန်းကကျနော်ခဏခဏ အခြိမ်းခြောက်ခံရဘူးတယ်။ အဲဒါကတော့ နိုင်ငံရေးထူးခြားမှုသတင်းတွေနဲ့ပတ်သက်ပြီး ကျနော်ရေးခဲ့တုန်းကပေါ့။ ဒါကိုလည်း အစိုးရအရာရှိပိုင်းကနားလည်ပေးဖို့လိုပါတယ်။ မေးသင့်မေးထိုက်တဲ့မေးခွန်းတစ်ခုကို ဖြေသင့်ဖြေထိုက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကသာ ဖြေလိုက်မယ်ဆိုရင်ဒီဟာတွေဖြစ်လာစရာ အကြောင်းကိုမရှိပါဘူး။

မေး။      ။အခုကလည်း အဲဒီလိုအမြင်တွေဖြစ်နေတဲ့အခါကျတော ့မီဒီယာကလည်းမီဒီယာကျင့်ဝတ်တွေ၊ အစိုးရပိုင်းကလည်းသူတို့ရဲ့စည်းမျဉ်းစည်းကမ်းတွေ၊ ပေါ်လစီတွေနဲ့ပြန်ကာနေကြမယ်ဆိုရင် ရှေ့အလားအလာဘယ်လိုဖြစ်လာနိုင်ပါလဲ။

ဖြေ။       ။အဲဒါကတော့ပြဿနာသိပ်မရှိဘူး။ အဲဒါကိုကျနော်တို့ပွင့်လင်းမြင်သာစွာနဲ့ ဆွေးနွေးဖို့လိုပါတယ်။ အဲဒါကြောင့်ကျနော်ပြောတာပေါ့။ Information တိုင်းဟာ လျှိ့ဝှက်မဟုတ်ဘူး။တစ်ချို့ Information တွေက လျှိ့ဝှက်ချက်ဖြစ်မယ်။ ကျနော်တို့အဲဒါကို အတိအကျသတ်မှတ်ဖို့လိုပါတယ်။ လျှိ့ဝှက်ချက်ဆိုတာမှာလည်း ထာဝရလျှိ့ဝှက်ချက်ဆိုတာမရှိဘူး။ အကန့်အသတ်ဆိုတာရှိပေမယ့် တစ်ချိန်ကျရင်အားလုံးက ထုတ်ဖော်ပြောဆိုရမှာချည်းပါပဲ။ နောက်တစ်ခုက ခုနပြောသလိုပေါ့။ ဖြေကြားပေးမယ့်ပုဂ္ဂိုလ်ကိုလည်း တာဝန်ကိုသေချာသတ်မှတ်ပေးဖို့လိုပါတယ်။ အဲဒါဆိုရင်တော့ ဒီကိစ္စက အဆင်ပြေသွားမှာဖြစ်ပါတယ်။

မေး။      ။ဆရာ့အနေနဲ့၅ကြိမ်မြောက်ကွန်ဖရင့်နဲ့ပတ်သက်ပြီး သူ့ရဲ့ဆောင်ပုဒ်နဲ့ဆက်စပ်ပြီး ဆရာဘာများ Comment ပေးချင်ပါလဲ။

ဖြေ။       ။ကျနော်ကတော့ တဖြည်းဖြည်းထူးခြားလာမှု ရှိမယ်ထင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ အခုအစိုးရကလည်းအသစ် New Media, New Democracy ကျနော် အဲဒါကိုပြောတာပါ။ ပြီးခဲ့တဲ့ဦးသိန်းစိန်အစိုးရတုန်းက Military Government လို့ပဲသတ်မှတ်တာကိုး။ အခုအစိုးရကတော့ ပြည်သူတွေ တကယ်ရွေးလိုက်တဲ့အစိုးရပါပဲ။တိုင်းပြည်ကို Run လုပ်တာကလည်း တကယ့်ပြည်သူတွေ ကြိုက်တဲ့ပါတီကပါပဲ။ ကျနော်တို့မီဒီယာဆိုတာကလည်း အင်မတန်နုနယ်ပါသေးတယ်။ လွတ်လပ်ခွင့်ရတာက၂နှစ်၊၃နှစ်လောက်ပဲရှိသေးတယ်လေ။အစိုးရကလည်းနုနု၊မီဒီယာကလည်းလုံးဝ ပေါက်စဆိုတော့လေ။ အဲဒီနှစ်ခုကြားမှာ သဟဇာတလေးဖြစ်အောင် ပြီးတော့ကမ္ဘာကြီးရဲ့ပြောင်းလဲမှုကလည်း အရမ်းမြန်တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ မီဒီယာနဲ့ပတ်သက်တဲ့Telecommunication Technology ဆိုတဲ့ဆက်သွယ်ရေးနည်းပညာတွေ အရမ်းတိုးတက်မြန်ဆန်လာတယ်။အဲဒီမှာ Social Media တွေဖြစ်တဲ့ Online Media ပိုင်းက အရမ်းတိုးတက်လာတယ်။အဲဒါနဲ့ Main Stream မီဒီယာတွေကြားမှာလည်း တိုက်ပွဲတွေရှိတယ်။ ကျနော်ကတော့ တော်တော်ကျေနပ်ပါတယ်။ နောက်နှစ်မှာလည်း ဒီထက်ကောင်းလာပြီး ကျယ်ကျယ်ပြန့်ပြန့် ပိုဆွေးနွေးနိုင်လာလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။

*          ဦးအောင်လှထွန်းသည် ရခိုင်ပြည်နယ်၊ စစ်တွေဇာတိဖြစ်သည်။ ရန်ကုန်တက္ကသိုလ်မှ ဓာတုဗေဒဘာသာဖြင့် ဘွဲ့ရရှိခဲ့သည်။ လူထုအခြေပြု မီဒီယာဖွံ့ဖြိုးမှုပညာ၊ စီးပွားရေး၊ ဥပဒေရေးရာနှင့် သတင်းစာပညာဘွဲ့လွန်သင်တန်းများကိုရန်ကုန်၊ နယ်သာလန်၊ ဟောင်ကောင်၊ ဘန်ကောက်နှင့် စင်ကာပူတို့တွင် လေ့လာသင်ယူခဲ့သည်။ ၁၉၈၃ခုနှစ်မှ ၁၉၉၄ခုနှစ်အထိ ပြန်ကြားရေးဝန်ကြီးဋ္ဌာနလက်အောက်ရှိစာပေဗိမ္မာန် ဘုတ်အဖွဲ့တွင် အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၄ခုနှစ်မှစ၍ ယခုအချိန်ထိ ရိုက်တာသတင်းဋ္ဌာန မြန်မာပြည်ဌာနေသတင်းထောက် ဖြစ်သည်။ ၂၀၀၇ခုနှစ်အတွက် အကောင်းဆုံး ရိုက်တာသတင်းသမားဆုရရှိခဲ့သည်။

မြန်မာနိုင်ငံသတင်းစာဆရာများအသင်း (၂၀၁၂-၂၀၁၅)၏ နိုင်ငံခြားဆက်သွယ်ရေးမှူးနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ပေးခြင်း ခံရပြီး မြန်မာသတင်းမီဒီယာကောင်စီ-ယာယီ(၂၀၁၂-၂၀၁၅)၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ၂၀၁၅ခုနှစ်၊ အောက်တိုဘာလတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ မြန်မာသတင်းမီဒီယာကောင်စီဝင်အဖြစ် အဆိုပြုခြင်းခံရပြိးဒုတိယဥက္ကဋ္ဌအဖြစ် ယနေ့တိုင် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...