UPDJC အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းကျော်ညွန့် အင်တာဗျူး

UPDJC အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းကျော်ညွန့် အင်တာဗျူး
by -
မွန်သတင်းအေဂျင်စီ
စိုင်းကျော်ညွန့် မိုင်ဂျာယန် EAO’s နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခဲ့စဉ်(Sai Kyaw Nyunt FB)
စိုင်းကျော်ညွန့် မိုင်ဂျာယန် EAO’s နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခဲ့စဉ်(Sai Kyaw Nyunt FB)
“ပြည်စုံမှုမရှိပဲကျင်းပတဲ့ပွဲက ပြည့်စုံတဲ့ရလဒ် ရလာဖို့ဆိုတာ အိပ်မက် ဆန်လွန်းပါတယ်။” လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ထဲထဲဝင်ဝင် ပါဝင်ကာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော် မတီ (UPDJC)အတွင်းရေးမှူးအဖွဲ့ဝင် အဖြစ် တာဝန်ယူ ဆောင်ရွက်နေသော ရှမ်းတိုင်းရင်းသားများဒီမိုက ရေစီအဖွဲ့ချုပ် SNLD တွဲဖက်အတွင်းရေးမှူး(၁) စိုင်းကျော်ညွန့်အား မွန်သတင်းအေဂျင်စီ အလွတ်တန်းသတင်းထောက် ချစ်မင်းထွန်းက တွေ့ဆုံမေးမြန်းထားတာကို စုစည်းတင်ပြထားပါသည်။

MNA  ။       ။ မင်္ဂလာပါ ဆရာ။ အခု UPDJC က အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ် ခင်ဗျာ။ဘယ်ဒေသတွေမှာ အရင်ဆုံး ကျင်းပသွားဖို့ရှိပါသလဲ ဘယ်လိုပုံစံမျိုးတွေနဲ့ ကျင်းပသွားမှာ ပါ သလဲ။

S.K.N ။      ။  NCA လက်မှတ်ထိုးထားပြီးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများတည်ရှိရာ ဒေသ များ အနက် အဆင်သင့်ဖြစ်သည့် နေရာဒေသများတွင် ကျင်းပသွားရန်ဆိုတဲ့ UPDJC အစည်းအဝေး သဘော တူညီချက်ရှိပါတယ်။ ဒါပေမယ့် UPDJC အတွင်းရေးမှူးကတဆင့် ဒုဥက္ကဋ္ဌ (၃) ဦးရဲ့ အတည်ပြုချက် ကိုတော့ ယူရ ပါမယ်။အမျိးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို လူမျိုးအလိုက်၊ ဒေသအလိုက် နဲ့ အကြောင်းအရာအလိုက် ဆိုပြီး ပုံစံ (၃) မျိုးနဲ့  ကျင်းပသွားဖို့ရှိပါတယ်။

MNA  ။         ။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို NCA လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင် အဖွဲ့တွေ ဦးဆောင် ကျင်းပခွင့်မရှိဘူးဆိုတော့ သူတို့ နယ်မြေအတွင်းမှာ  ကျင်းပနိုင်ရေးအတွက် ဘယ်လို ပူးပေါင်း ဆောင် ရွက်သွားဖို့ ရှိပါသလဲ။

S.K.N ။        ။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို NCA လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင် အဖွဲ့တွေ ဦးဆောင် ကျင်းပဖို့ကိစ္စကိုတော့ အစိုးရဘက်က သဘောမတူပါဘူး။ အကြံပြုချင်တာက အစိုးရ အနေ နဲ့ UNFC အပါအဝင် NCA ပြင်ပမှာရှိနေသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ သဘော တူညီ မှု ရရှိအောင် အမြန်ဆုံးညှိနှိုင်းစေချင်ပါတယ်။ ဒါဆိုရင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို ဟိုနေရာ မကျင်းပရ၊ ဒီနေရာမကျင်းပရဆိုတဲ့ မေးခွန်းရှိမှာမဟုတ်တော့ပါဘူး။

MNA   ။        ။ NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ ရှိနေသေးတဲ့အတွက်ကြောင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ နဲ့ NCA စာချုပ်ပါ သဘောတူညီချက်တွေ အကောင်အထည်ဖော်ဆောင်နိုင်ဖို့အတွက် အဆင်ပြေနိုင်ပါ့ မလား၊ ဘယ်လို အခက်အခဲတွေ ရှိနေတယ်လို့ မြင်မိပါသလဲ။

S.K.N  ။        ။ ပြည်စုံမှုမရှိပဲကျင်းပတဲ့ပွဲက ပြည့်စုံတဲ့ရလဒ် ရလာဖို့ဆိုတာ အိပ်မက် ဆန်လွန်းပါတယ်။

MNA    ။        ။ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ထဲမှာ အမျိုးသမီး ရာခိုင်နှုန်း ၃၀  နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်လာနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် ဆိုပြီးတော့ ပါဝင်တာ တွေ့ရပါတယ်။လက်တွေ့မှာ ပါဝင်မှု နည်းနေတယ် ဒီအတွက် UPDJC အနေနဲ့ ဘယ်လို ဆောင်ရွက်ပေးနေပါသလဲ။

S.K.N ။        ။ ဆိုင်ရာဆိုင်ရာ အစုအဖွဲ့များက ပြည့်မှီအောင်ကြိုးစားကြဖို့ အတတ်နိုင်ဆုံး အကြံပြုထား ပါတယ်။

MNA   ။        ။  NCA စာချုပ်ထဲမှာ ပါတဲ့ သဘောတူညီချက်တွေကို ဖောက်ဖျက် ကျူးလွန်ရင် အရေးယူလို့ ရတဲ့ ပြစ်မှု နှင့် ပြစ်ဒဏ်ကို ထည့်သွင်းထားခြင်းမရှိတာ တွေ့ရပါတယ်။ဒါက ဘယ်လိုကြောင့် ပါဝင်လာခြင်းမရှိတာလဲ။ သဘော တူညီချက်တွေကို ဖောက်ဖျက်တဲ့ လူ၊အဖွဲ့အစည်းကို ဘယ်လို ပြစ်မှု ၊ ပြစ်ဒဏ်မျိုးဖြင့် အရေးယူသွားဖို့ စဉ်းစား ထားလဲ ဆိုတာ သိချင်ပါတယ်။

S.K.N  ။       ။ စစ်ရေးကိစ္စဆိုရင် ပြဿနာကို စုံစမ်းစစ်ဆေးဖို့ JMC မှာ စီစစ်အတည်ပြုရေးအဖွဲ့များ (Verification Team)၊ တိုင်တန်းမှုယန္တရားနဲ့ အသေးအဖွဲ ချိုးဖောက်မှုအဆင့် (Minor Violation)လား စိုးရိမ်ရသော ချိုးဖောက်မှု အဆင့် (Major Violation)လားဆိုတဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းခြင်းဖို့နဲ့ အရေးယူ ဆောင်ရွက်ဖို့ ဆိုတဲ့ ယန္တရားတွေရှိပေမယ့် ဘယ်လောက်အထိ ပါဝါရှိသလဲဆိုတာ ပြဿနာဖြစ်ပါတယ်။ အင်အားကြီးသူကပဲ ဆုံးဖြတ်သလိုဖြစ်နေတယ်လေ။ ဒါကို တည့်တည့်မတ်မတ် မျှမျှတတ ဖြေရှင်းပေးနိုင်မယ့် ပါဝါရှိတဲ့ ဘက်မလိုက်တဲ့ တတိယ အဖွဲ့အစည်းလိုပါတယ်။

MNA ။        ။ အခုဆိုရင် UNFC က အချက် ၈ ချက်ကို တင်ပြ တောင်းဆိုနေတယ်။ဒါကို အစိုးရဘက်က လိုက်လျောပေးရင် NCA မှာ လက်မှတ်ထိုးမယ်။ သို့သော် အစိုးရအတွက် တချို ့ အချက်တွေက အခက်အခဲတွေ ရှိနေတယ်လို့ သိရတယ်။ဒီအတွက် တခြားဘယ်လို နည်းလမ်းဖြင့် အစိုးရဘက်က စေ့စပ် ညှိနှိုင်းမှုလုပ်နိုင်ရင် အဆင်ပြေလာ နိုင်မယ်လို့ မြင်ပါသလဲ။

S.K.N ။       ။ UNFC နဲ့ ညှိနှိုင်းနေမှုမှာ ရှိနေတဲ့အခက်အခဲက တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့များ အားလုံး အပစ်အခတ်ရပ်စဲရေးကြေငြာဖို့ ဆိုတာပါတယ်။ NCA  လက်မှတ်ထိုးပြီးမှတော့ အပစ်အခတ် ရပ်စဲရေး ကြေငြာတာ ဘာများအခက်အခဲရှိပါသလဲ။ ညှိနှိုင်းလိုက်ရင် အဆင်ပြေသင့်ပါတယ်။ နောက်တစ်ချက်က ပြဿနာ ဖြေရှင်းရာမှာ ကြားနေ အဖွဲ့အစည်း (နိုင်ငံတကာ) ကိုပါဝင်ခွင့်ပေးတာ။ ဥပမာ JMC လို နေရာမျိုးမှာ။ ဒီအချက်ကတော ကွဲလွဲနိုင်ပါတယ်။ နိုင်ငံတကာကို ပါဝင်ခွင့်ပေးတာက ပိုကောင်းသလား။ ဆိုးသလား ဆိုတာ ကို အသေအချာ ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။ အစိုးရနဲ့ UNFC နဲ့ များများတွေ့ပါ။ များများဆွေးနွေးညှိနှိုင်းပါ။ ညှိနှိုင်းမှုနဲ့အတူ မြေပြင်မှာဖြစ်နေတဲ့ စစ်ပွဲတွေကိုလဲ ရပ်တန့်ဖို့လိုပါတယ်။ ဒီလိုပဲ အကြံပြုချင်ပါတယ်။

MNA ။          ။  NCA စာချုပ်ထဲမှာ ပါဝင်တဲ့ နိုင်ငံရေးလမ်းပြမြေပုံ နဲ့ ပြီးခဲ့တဲ့လ NCA စာချုပ် လက်မှတ်ထိုးပွဲ နှစ်ပတ်လည် အခမ်းအနားမှာ အစိုးရက ထုတ်ပြန်ခဲ့တဲ့ မူဝါဒ (၇) ချက် ကွဲလွဲမှု ရှိတယ်ပြောကြသလို အတူတူ ဘဲလို ပြောသူများလည်း ရှိတယ်။ဒီအပေါ်မှာ ဘယ်လို သဘောထားရှိပါသလဲ။

S.K.N  ။       ။ NCA စာချုပ်ထဲမှာ ပါဝင်တဲ့ နိုင်ငံရေးလမ်းပြမြေပုံမှာ ပြည်ထောင်စုသဘောတူစာချုပ်ကို အကောင် အထည်ဖော်ခြင်းဆိုတဲ့ ဖော်ပြချက်သာလျှင်ပါဝင်ပါတယ်။ NCA အခြေခံမူမှာကလည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက် သွားရန် ဆိုပြီးတော့ပါပါတယ်။ NCA စာချုပ် လက်မှတ်ထိုးပွဲ နှစ်ပတ်လည် အခမ်းအနားမှာ အစိုးရက ထုတ်ပြန်ခဲ့တဲ့ မူဝါဒ (၇) ချက်အနက် နံပတ် ၅၊ ၆၊ ရ ကတော့ ပြည်ထောင်စုသဘောတူစာချုပ်နဲ့အညီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ်။ အဲဒီဥပဒေအတိုင်း ရွေးကောက်ပွဲကျင်းပမယ်။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုတဲ့ ရှင်းလင်းတိကျတဲ့ မူဝါဒကို ဖော်ပြထားတာပါပဲ။ NCA မှာက ရှင်းရှင်းလင်းလင်း မပြောထားဘူး။ အစိုးရကတော့ ရှင်းရှင်းလင်းလင်းပြောတယ်။ ဒါကကြီးမားတဲ့ ကွာခြားချက်ပါပဲ။

MNA-ယခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျား။

Most read this week

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...