“သံတောင်သူ” အမှတ်တံဆိပ် ကော်ဖီထုတ်လုပ်သူ နော်မာမာချိုနှင့် တွေ့ဆုံခြင်း

“သံတောင်သူ” အမှတ်တံဆိပ် ကော်ဖီထုတ်လုပ်သူ နော်မာမာချိုနှင့် တွေ့ဆုံခြင်း

“ကွာလတီကောင်းကောင်းရှိရင် ဈေးကောင်းရဖို့က ပြောစရာကို မလိုပါဘူး”

ကရင်ပြည်နယ်၊ မြောက်ပိုင်း၊ သံတောင်ကြီးမြို့နယ်အခြေစိုက် “သံတောင်သူ”အမှတ်တံဆိပ် ကော်ဖီထုတ်လုပ် ရောင်းချနေသည့် သံတောင်သူ အမျိုးသမီးအဖွဲ့မှ ဒါရိုက်တာ နော်မာမာချိုအား ၎င်းတို့ အဖွဲ့ပေါ်ပေါက်လာပုံနှင့် ထုတ်ကုန်များအကြောင်းကို ကေအိုင်စီက တွေ့ဆုံမေးမြန်းခဲ့သည်များကို စုစည်းဖော်ပြလိုက်ပါသည်။

မေး။ ။ အဖွဲ့ဖြစ်ပေါ်လာပုံကို ပထမဦးဆုံး ရှင်းပြပေးပါ။

ကျမတို့ အဖွဲ့က ၂၀၁၂ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တယ်။ သံတောင်ကြီး ကရင်အမျိုးသမီး အဖွဲ့အနေနဲ့ပဲ။ ဘာဖြစ် လို့လည်းဆိုတော့ အဲ့အချိန်တုန်းက ကျမတို့ ဒေသက ကရင်အမျိုးသမီးတွေ ရှေ့မထွက်နိုင်ဘူး။ ကြောက်ကြ တယ်၊ စစ်ဘေးစစ်ဒဏ်ခံနေရတော့။ အဲ့ဒီအချိန်တုန်းကဆိုရင် ကရင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ဘွဲကရင်တို့၊ ဂေဘား ကရင်လူမျိုးတို့ကို သိသူနည်းတယ်။ ကျမက တောင်ပေါ်ဒေသမှာ ကရင်အမျိုးသမီးတွေရှိတယ်။ သူတို့ ကိုလည်း ကူညီဖို့လိုတယ်။ စစ်ဘေး စစ်ဒဏ်ခံနေရတော့ ခက်ခဲမှုတွေရှိတယ်။ အဲ့ဒီအချိန်တုန်းက ကျမအရမ်း ကြိုးစားခဲ့ရတယ်။ အမျိုးသမီး ၃၀ နဲ့စဖွဲ့ခဲ့တယ်။ အခု ရာနဲ့ချီအဖွဲ့ဝင်တွေရှိပြီး။ ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့ အမျိုးသမီးတွေက နိမ့်ကျကျန်ခဲ့တာကို ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ ငြိမ်းချမ်းစေချင်တယ်။ အဲ့ထဲက အမျိုးသမီး တွေကို ကူညီနိုင်အောင် ဒီအဖွဲ့လေးကိုစပြီး ကျမတည်ထောင်ခဲ့တယ်။

နောက် NCA ထိုးပြီးနောက်ပိုင်း တိုက်ပွဲတွေ မရှိတော့ဘူး။ အဲ့ဒီအချိန်မှာ ဒီလုပ်ငန်းလေးကို လုပ်နိုင်ခဲ့တယ်။ အထူးသဖြင့် ပြည်တွင်းစစ်ဒဏ် ကြောင့် အမျိုးသမီးတွေဟာ ပညာမတတ်ဘူး။ ထွက်ပြေးတိမ်းရှောင်နေရ တာကိုး။ ဘာမှမလုပ်တတ်တော့ဘူး။ အဲ့တော့ လုပ်တတ်တာနဲ့ စမယ်ဆိုပြီးတော့ ကျမတို့ ထုတ်ကုန်တွေကို ရောင်းဝယ်ဖို့ စလုပ်ခဲ့တာဖြစ်ပါ။

ကျမတို့ ကရင်ပြည်နယ်မြောက်ပိုင်းက အထူးသဖြင့် သံတောင်ဒေသပေါ့နော်၊ အော်ဂဲနစ် စားသောက်ကုန်တွေ ထွက်တယ်။ ကော်ဖီ၊ ပျားရည်၊ မျှစ်ခြောက် စသဖြင့်ပေါ့၊ ဒါတွေကို ဘယ်သူ့ဆီမှာ ဘာကုန်တွေရှိလဲ စုစည်း ပြီး တော့ သေသေသပ်သပ်ထုတ်ပိုးပြီး “သံတောင်သူ” အမှတ်တံဆိပ်နဲ့ ထုတ်ကုန်တွေကို စရောင်းခဲ့တာပါ။

မေး။ ။ အနော(အစ်မ)တို့ ” သံတောင်သူ” အဖွဲ့ရဲ့ ထုတ်ကုန်တွေကို အကြောင်းကိုလည်း ပြောပြပေးပါဦး။

ကျမတို့ရဲ့ အဓိက ထုတ်ကုန်ကတော့ ကော်ဖီပေါ့နော်၊ ကော်ဖီက နံပါတ် ၁ ရထားတယ်။ သူ့စံနှုန်းက ၈ ဒသမ ၆ ရှိတယ်။ လက်ရှိပြည်တွင်းမှာ အများသုံးနေတာပေါ့၊ နောက်ထိုင်းကိုလည်းပို့တယ်။ နောက်တစ်မျိုးက လက်ဖက် ခြောက်၊ လက်ဖက်က ကျမတို့ ဒေသမှာ အင်္ဂလိပ်ခေတ်ထဲက ထွက်တာ အခုထိပေါ့၊ နောက် မျှစ်ချဉ်၊ ပျားရည်၊ အိမ်တွင်းမှာပဲ လုပ်တဲ့ ပိန်းဥခြောက် (ခူးလားမူ) ဒါက ဘာစက်မှ မသုံးဘဲ လက်နဲ့လုပ်တာပေါ့။

မေး။ ။ အနောတို့ အဖွဲ့က အခုလို ကုန်ပစ္စည်းတွေ စထုတ်ခဲ့တာ ဘယ်တုန်းကလဲ။

၂၀၁၂ ခုနှစ်စဖွဲ့တုန်းက တော့ ကုန်ပစ္စည်းတွေ မထုတ်ဖြစ်သေးဘူး။ အဲ့တုန်းက အကြောက်တရားရှိနေတော့ ရှေ့ ထွက်လာအောင်လုပ်ရတာပေါ့။ ကုန်ပစ္စည်းစထုတ်ဖြစ်တာကတော့ ၂၀၁၇ ခုနှစ်တုန်းကပါ။ နှစ်နှစ်အတွင်းမှာ အတော်လေးအောင်မြင်တယ်လ့ိုတော့ ပြောနိုင်တာပေါ့။ ဘာလို့လည်းဆိုတော့ ကမ္ဘာမှာလည်း အောဂဲနစ် ထုတ်ကုန် အစားအသောက်တွေကို စားသောက်ချင်ကြတော့ နာမည်ရလာတာပေါ့။ နောက်တစ်ခုက အမျိုးသမီးတွေ စုလုပ်တော့ အားပေးချင်ကြတာလည်း ပါတာပေါ့။

မေး။ ။ သံတောင်သူ အမှတ်တံဆိပ်က တစ်ဦးတည်းမူပိုင်လုပ်ငန်းလား၊ အဖွဲ့အနေနဲ့လား၊ အကျိုးအမြတ်တွေကို ဘယ်လို ခွဲဝေတယ်ဆိုတာကို ရှင်းပြပေးပါ။

စုလုပ်တာတော့ အမျိုးသမီးတွေပဲပေါ့၊ ဒါပေမဲ့ ဒီနာမည်လေးကတော့ သံတောင်ဒေသက ကရင်အမျိုးသမီးတွေ စုလုပ်တာဖြစ်တဲ့အတွက် သံတောင်သူဆိုပြီး ကျမနာမည်ပေးလိုက်တာပေါ့။ ဒါပေမဲ့ ကျမကတော့ ဦးဆောင် သူအနေနဲ့ပေါ့ လာပို့တဲ့ ကုန်ပစ္စည်းတွေကို ကျမတို့က ဈေးပိုပေးဝယ်တယ်။ ဥပမာဆိုရင် ကုန်သည်တွေဆီမှာ ကော်ဖီ တစ်ပိဿာကို နှစ်ထောင့်ငါးရာဆို၊ လေးထောင်ထိ တိုးပေးနိုင်တယ်။ အားလုံးလာပို့ လို့ရတယ်။ သုံးရာ ခိုင်နှုန်းကိုတော့ အဖွဲ့ ရံပုံငွေထဲ ပြန်ထည့်ရတယ်။ အားလုံးအကျိုးအမြတ် အတူတူရတယ်။ ကိုယ်ရင်းနှီးမြှုပ်နှံ ထားတဲ့ ကုန်ပစ္စည်းပေါ်မှာ တစ်ဈေးထဲ ခံစားရတယ်။ ရလာတဲ့ ရံပုံငွေလေးကို အမျိုးသမီးတွေ အကြမ်းဖက်မှု ကာကွယ်မှုအတွက်သုံးတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အမျိုးသမီးတွေ ပါဝင်ဖို့အတွက်သုံးတယ်။ ကျန်းမာရေး၊ ပညာရေးတို့မှာ အသုံးပြုပါတယ်။

မေး ။ ။ အခု အနောတို့ ထုတ်ကုန်တွေကို ကြည့်တဲ့အခါမှာ ကော်ဖီဆိုရင်လည်း ပြည်ပက ဝင်တာလည်းရှိ တယ်။ ဒီတော့ ဈေးကွက်မှာ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်လာဖို့ ဘယ်လိုထိုးဖောက်နေလဲ။ ဘာတွေ ဆက်လုပ် သွားဖို့ရှိလဲ။

ကျမတို့ အခုကုမ္ပဏီလိုင်စင်တင်ဖို့ လုပ်နေတယ်။ “သံတောင်သူ”တံဆိပ်နဲ့ပဲ။ ပြီးတဲ့အခါမှာကျမတို့ ဒီအသေး စား၊ အလတ်စား လုပ်ငန်းလေး လုပ်နေတယ်ဆိုတာ ပြည်နယ် ဝန်ကြီးချုပ်လည်း သိပါတယ်။ နောက် ကုမ္ပဏီ လိုင်စင်ရတဲ့ အခါ Export၊ Import လိုင်စင်တွေရအောင် ဆက်ကြိုးစားမယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကရင်ပြည်နယ်က အခွန်ကင်းလွှတ်ခွင့်ရှိတော့ ဒီလိုင်စင်တွေရရင် အမျိုးကြီးလုပ်နိုင်တာပေါ့နော်။ ဘာဖြစ်လို့ လည်းဆိုတော့ သံတောင်ကြီး ကော်ဖီက အင်္ဂလိပ်လက်ထက်ကတည်းက ရှိတယ်။ နံပါတ် တစ်ရခဲ့ဖူး တယ်။ ပြန်ရအောင်ကြိုးစားသွားမယ်။ ထူးခြားတာက သံတောင်ကြီးရဲ့ ကော်ဖီက ဓာတုပစ္စည်းမပါ ဘဲနဲ့ အော်ဂဲနစ် စစ်စစ်ဖြစ်တဲ့အတွက် နိုင်ငံတကာထိ ထိုးဖောက်နိုင်အောင်ကြိုးစားသွားမယ်။ ကျမတို့ အခု FDA တင်ထားတယ်။ အဲ့ဒါ ကျလာရင် ဈေးကွက် ပိုချဲ့ထွင်နိုင်အောင် လုပ်ဆောင်သွားမယ်။

မေး။ ။ အနောတို့ သံတောင်သူ အမျိုးသမီးအဖွဲ့ဝင် အရေအတွက်နဲ့ လုပ်ဆောင်ချက်တွေကိုလည်း ပြောပြပါ ဦး။

အဖွဲ့ဝင်ကတော့ တစ်ရပ်ကွက်ကို ၂၅ ယောက်နဲ့ လေးရပ်ကွက်ဆိုတော့ ၁၀၀၊ ရွာတွေပါမယ်ဆိုရင် ၂၀၀ ဝန်း ကျင်အဖွဲ့ဝင်ရှိတယ်။ ရွာကကျတော့ စိုက်တဲ့ တောင်သူတွေ၊ မြို့ပေါ်ကတော့ ထုပ်ပိုးတဲ့သူတွေပါ။ ကော်ဖီစေ့ ရွေးတဲ့ အမျိုးသမီးတွေရှိတယ်။ နေ့စဉ် အလုပ်လာလုပ်တဲ့ အမျိုးသမီးတွေလည်းရှိပါတယ်။ အဖွဲ့ဝင်ကတော့ ၂၀၀ နီးပါရှိတယ်။ ကုန်ပစ္စည်းထုတ်ကုန်တွေအတွက် လုပ်ဆောင်နေသူတွေကတော့ အယောက် ၃၀ လောက် ရှိပါတယ်။ တချို့က လစာနဲ့လုပ်တာရှိတယ်။ နေ့တွက်နဲ့လုပ်သူတွေကိုတော့ တစ်ရက် ၅,၀၀၀ ကျပ်နှုန်း စရိတ် ငြိမ်းပေးတယ်။ ကျမတို့နေရာက သံတောင်ကြီး မိန်းလမ်းမရပ်ကွက်လေးမှာဖြစ်ပါတယ်။ သံတောင်သူ ကော်ဖီ စစ်စစ်ဆိုပြီး ဆိုင်လည်းဖွင့်ထားပါတယ်။ ကျမတို့အဖွဲ့က ဘယ်ဒိုနာ(အလှူရှင်)ရဲ့ ပိုက်ဆံမှ မယူဘဲ ကိုယ့်ထုတ်ကုန်တွေကရတဲ့ ရံပုံငွေနဲ့ရပ်တည်နေတာပါ။

မေး။ ။ တစ်နိုင်တပိုင်လုပ်ငန်းစချင်တဲ့ ကရင်အမျိုးသမီးတွေကို ဘာများအကြံပေးချင်လဲ။

အဓိကတော့ ဦးဆောင်မဲ့ အမျိုးသမီးရှိဖို့လည်း လိုတယ်။ လုပ်ငန်းကျွမ်းကျင်တဲ့ အမျိုးသမီးတွေရှိဖို့လည်းလို မယ်။ နောက် တောင်သူတွေလည်းလိုမယ်။ ဖြစ်နိုင်ရင် စုစုစည်းစည်းလုပ်ကြပါလို့ ကျမပြောချင်တယ်။ ဘာဖြစ် လို့လည်း ဆိုတော့ သူတတ်နိုင်တဲ့ အားကို သူလုပ်ကြတာ။ ဒါက တစ်ယောက်နဲ့ တစ်ယောက်မတူဘူး။ ကျမဆို ကော်ဖီမစိုက်တတ်ဘူး။ ဒါပေမဲ့ ဈေးကွက်ရှာတတ်တယ်။ ဒါက ကျမအားသာချက်၊ ကျန်တဲ့ အမျိုးသမီးတွေမှာ ကော်ဖီကောင်းကောင်းထွက်အောင်စိုက်တတ်တဲ့သူတွေရှိတယ်။ ထုပ်ပိုးတတ်သူတွေရှိတယ်။ ဒါတွေကို စုလိုက်ပါ ရေရှည်သွားနိုင်အောင် ကြိုးစားဖို့လိုမယ်။ ဘာလို့လည်းဆိုတော့ ကွာလတီ(အရည်အသွေး) ကောင်းမှလည်း ရေရှည်သွားနိုင်မှာ။ အဓိကသည် QC လို့ခေါ်တဲ့ ကွာလတီကောင်းအောင်ထိန်းထားပါ။ ကွာလတီကောင်းကောင်းရှိရင်ဈေးကောင်းရဖို့က ပြောစရာကို မလိုပါဘူး။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...