ပြည်နယ်ကိုယ်စားပြု ယဉ်ကျေးမှုပြတိုက်ဟူသည်

ပြည်နယ်ကိုယ်စားပြု ယဉ်ကျေးမှုပြတိုက်ဟူသည်

“ကရင်ပြည်နယ် ယဉ်ကျေးမှုပြတိုက်” ဆိုပြီး အနက်ရောင်ကျွဲချို နှစ်ခု ဝန်းရံထားတဲ့ ရွှေရောင်ဖားစည်ပေါ်မှာ ရေးထားတဲ့ ဆိုင်းပုဒ်ကြီးတစ်ခု။

ဆိုင်းပုဒ်နဲ့ကပ်လျက် အုတ်နံရံဝင်းထဲမှာ ပြတိုက်အဆောက်အဦတစ်ခု။

ဒီဆိုင်းပုဒ်ဟာ ကရင်ပြည်နယ်၊ ဖားအံမြို့တော် ဇွဲကပင် ခန်းမအနောက်ဖက်လမ်းကို ဖြတ်သန်းသွားလာသူတိုင်း လှမ်းမြင်ကြရ မှာဖြစ်သလို ပြတိုက်အတွင်းအပြင် လူဝင်လူထွက် သွားလာမှုကလည်း မရှိသလောက် တွေ့နေရတာကြောင့် ဒီပြတိုက်ဟာ ဖွင့် သလား၊ ပိတ်နေလားဆိုတာကို အမြင်နဲ့တော့ ခန့်မှန်းရခက်ပါတယ်။

အမှန်က ဒီယဉ်ကျေးမှုပြတိုက်ဟာ အစိုးရရုံးပိတ်ရက်နဲ့ တနင်္လာနေ့ကလွဲရင် ကျန်ရက်တွေမှာ မနက် (၁၀)နာရီက နေ ညနေ (၄)နာရီအထိ ဖွင့်လှစ်ပေးထားပါတယ်။ လက်ရှိ ပြည်နယ်ယဉ်ကျေးမှှုပြတိုက် တာဝန်ကို လက်ထောက် ညွှန်ကြားရေးမှူးတစ်ဦး အပါအဝင် ပြတိုက်ဝန်ထမ်း စုစုပေါင်း ၅ဦးရှိပြီး ဝန်ထမ်း ၁ယောက်သာ ပုံမှန် အချိန်ပြည့် တာဝန်ယူပေးနိုင်တဲ့အတွက် ပြတိုက် ကြီးကို ဖွင့်တစ်လှည့်၊ ပိတ်တစ်လှည့် လုပ်နေရအခါလည်း ရှိတယ်လို့ ကရင်ပြည်နယ်၊ ပြတိုက်နဲ့ သုတေသနယဉ်ကျေးမှှုဌာနမှ လက်ထောက်ညွန်ကြားရေးမှူး စဝင်းကျော်ကျော်က ဆိုပါတယ်။

“ပြတိုက်ဖြစ်တော့ လူအမြဲတမ်း မလာနိုင်ဘူးလေ။ မြို့ခံလူတွေက လာကြည့်တာ တော်တော်နည်းတော့ စည်ကားတဲ့အချိန်ဆို ရင် လေ့လာရေးခရီးသွားတဲ့ ကျောင်းသားအဖွဲ့တွေ လာတဲ့အချိန်ကတော့ စည်ကားတယ်။ ကျောင်းသားတွေအဖွဲ့ လိုက်လာတဲ့ အချိန်ပဲ။ လူဝင်လူထွက် အမြဲတမ်းမဝင်တော့ ပြတိုက်ကြီးက တိတ်ဆိတ်သွားတယ်။ ကျနော်တို့ ပြတိုက်ဝန်ထမ်းလည်းနည်း တော့ စည်ကားအောင်လုပ်လို့ နည်းနည်း ခက်သွားတယ်။”လို့ လက်ထောက်ညွှန်ကြားရေးမှူးက ပြောပါတယ်။

သာသနာရေးနဲ့ ယဉ်ကျေးမှှုဝန်ကြီးဌာနရဲ့ ရှေးဟောင်းသုတေသနနဲ့အမျိုးသား ဦးစီးဌာနအောက်မှာရှိတဲ့ အဲဒီပြည်နယ်ယဉ်ကျေး မှှုပြတိုက်ကို ၁၉၉၂ခုနှစ် နိုဝင်ဘာလ ၁၁ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကရင်ပြည်နယ်ထဲက ရှေးဟောင်းအမွေအနှစ် တွေကို ဖော်ထုတ်ထိန်းသိမ်းရန်အပြင် ကရင်ရိုးရာနဲ့ သက်ဆိုင်တဲ့ ယဉ်ကျေးမှှု၊ စာပေ၊ ဓလေ့တွေကို ထိန်းသိမ်းနိုင်ဖို့အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

တိတ်ဆိတ်ငြိမ်သက်နေတဲ့ ကရင်ပြည်နယ် ယဉ်ကျေးမှုပြတိုက် အဆောက်အဦးထဲကို ဝင်လိုက်တယ်ဆိုရင်ပဲ ဝင်ဝင်ချင်း အောက်ထပ်အခန်းမှာ ကရင်မျိုးနွယ်စု တစ်စုချင်းစီရဲ့ ဝတ်စားဆင်ယင်မှု ရိုးရာအဝတ်အထည်တွေကို အမျိုးသမီး၊ အမျိုးသား စုံတွဲရုပ်တွေနဲ့ ဝတ်ဆင်ပြီး ပြသထားပါတယ်။ ပြတိုက်ရဲ့ အလယ်ဗဟို အပေါ်ဘက်တည့်တည့် အလယ်နံရံမှာတော့ စတီးလ်နဲ့ ပြုလုပ်ထားတဲ့ ကရင့်တူရိယာ ကျွဲချို၊ ဖားစည်နဲ့ စောင်းကောက်(နားဍိင်) ပုံတူတွေဟာလည်း လာရောက်လေ့လာသူတွေကို ဆွဲ ဆောင်စေတဲ့ အရာတစ်ခုသဖွယ် ဖြစ်နေပါတယ်။

အဲဒီပြတိုက်ထဲမှာက ကရင်ရိုးရာဓလေ့၊ စာပေ၊ ယဉ်ကျေးမှှု၊ တူရိယာ၊ အသုံးအဆောင်၊ ဝတ်စားဆင်ယင်မှှု၊ ရှေးဟောင်း အသုံး အဆောင်ပစ္စည်းတွေ၊ မျိုးနွယ်စု သို့မဟုတ် နေထိုင်ရာ ဒေသအလိုက် ကိုးကွယ်ယုံကြည်မှှုနဲ့ ဘုရားခန်း စုစုပေါင်း ပြခန်း ၉ခန်း ရှိပါတယ်။

ပြတိုက်ရဲ့အပေါ်ထပ်အခန်းမှာတော့ ကရင်ပြည်နယ်အတွင်းက တူးဖော်ရရှိတဲ့ ရှေးဟောင်းအုပ်ချပ်နဲ့ ဘုရားဆင်းတုတော်တွေ၊ တန်ဖိုးရှိတဲ့ ရှေးဟောင်းပလ္လင်လည်း ထားရှိပြီး အဲဒီရှေးဟောင်းအမွေအနှစ်တွေကို လူအများလာပြီး ကြည့်ရှှုလေ့လာနိုင်ဖို့ ပြခန်း ရဲ့ အပေါ်ဆုံးအထပ် ဗုဒ္ဓခန်းမှာလည်း ပြသပေးထားပါတယ်။ ဒါ့အပြင် ပြတိုက်မှာ ကရင်မျိုးနွယ်စုဝင်တွေရဲ့ မတူကွဲပြားတဲ့ ယုံကြည်သက်ဝင်မှှုတချို့ဖြစ်တဲ့ တလာခုံး ဘာသာဝင်နဲ့ လဲဂယ်ဘာသာဝင်တို့ရဲ့ ကိုးကွယ်မှှုပုံစံကိုလည်း ပြသထားပါတယ်။

အဲဒီအထဲမှာ ထူးခြားချက်တစ်ခုကတော့ အများပြည်သူတွေ့ရှိ ဖူးမြင်နိုင်အောင် လဲဂယ်ဘာသာဝင်တွေဟာ သူတို့ယုံကြည်ကိုး ကွယ်ပြီး ထုလုပ်တည်ဆောက်ထားတဲ့ လဲဂယ်တို့ရဲ့ ဘုရားကျောင်းဆောင်ကိုလည်း ယဉ်ကျေးမှုပြတိုက်မှာ လာရောက်ပြသ ထားပါတယ်။ အဲဒီဘုရားကျောင်းဆောင်ကိုတော့ လဲဂယ်ဘာသာဝင်တွေက ၁နှစ်တစ်ခါ ရိုးရာဝတ်စုံအပြည့်အစုံ ဝတ်ဆင်ပြီး လာရောက်ကန်တော့တာမျိုးတွေရှိတယ်လို့လည်း ပြတိုက်တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါတင်မက တန်ဖိုးရှိတဲ့ ဆင်စွယ်နှစ်စုံကိုလည်း ဘုရားခန်းအထပ်မှာ ပြသထားပါတယ်။ ဆင်စွယ်ပေါ်မှာ လက်ရာမြောက်တဲ့ နှစ် ကျိပ်ရှစ်ဆူဘုရားဆင်းတုတော်တွေ ထုဆစ်ထားတာဟာလည်း ကြည်ညိုစရာဖြစ်စေသလို ထုဆစ်သူရဲ့ အနုပညာလက်ရာကို မြင်သာစေပါတယ်။

ဒီဆင်စွယ်တွေကိုတော့ ဘယ်အချိန်ကတည်း ထုလုပ်ထားတာမသိပေမယ့်လည်း တစ်ချိန်က ကရင်ပြည်နယ်မှာ ခေတ်စားခဲ့တဲ့ မှောင်ခိုခေတ်အခါတုန်းက မသမာသူတွေ တစ်ဖက်နိုင်ငံကို ရောင်းထုတ်ဖို့ ကြိုးပမ်းနေချိန် မြန်မာ့တပ်မတော်က ဖမ်းဆီးရမိခဲ့ တာဖြစ်ပြီး ပြည်နယ်ယဉ်ကျေးမှှုပြတိုက် စဖွင့်တဲ့အချိန်နဲ့ တိုက်ဆိုင်တဲ့အတွက် အဲဒီဆင်စွယ်တွေကို ကရင်ပြည်နယ် ယဉ်ကျေး မှှုပြတိုက်မှာပဲ ပြသထားပေးတာဖြစ်တယ်လို့ ညွန်ကြားရေးမှူး စဝင်းကျော်ကျော်က ရှင်းပြပါတယ်။

ကရင်ပြည်နယ်မှာ တစ်ခုတည်းသာရှိတဲ့ ဒီယဉ်ကျေးမှုပြတိုက်ကို ပြည်နယ်ရဲ့ဂုဏ်ဒြပ် တစ်ခုအဖြစ် မှတ်ယူနိုင်သလို ပြည်နယ်အ တွင်းမှာ မှီတင်းနေထိုင်နေကြတဲ့ ကရင်အပါအဝင်အခြားသော တိုင်းရင်းသားတွေရဲ့ ရိုးရာ၊ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေကို ကိုယ်စားပြုရည်ညွန်းပြတဲ့ နေရာဖြစ်တဲ့အတွက် ပြည်တွင်း၊ပြည်ပခရီးသွားတွေ စိတ်ပါဝင်စားတဲ့ မျိုးဆက်သစ်လူငယ်တွေအ နေနဲ့ ယဉ်ကျေးမှှုအထောက်အထားတွေက သိရှိနိုင်အောင် လာရောက်လေ့လာသင့်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

စာပေ၊ သမိုင်း လေ့လာနေသူ ကေအဲန်ယူထိပ်ပိုင်းခေါင်းဆောင် ပဒိုစောသမိန်ထွန်းက “ပြတိုက်ဆိုတာရဲ့ အနှစ်သာရက ဒေသ တစ်ခုဖြစ်စေ၊ လူမျိုးတစ်မျိုးဖြစ်စေ၊ တိုင်းပြည်တစ်ပြည်ဖြစ်စေ အဲဒါတွေရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုကို ဖော်ပြတာပဲ။ ကရင်ပြည် နယ်ရဲ့ပြတိုက်ဆိုရင်လည်း ပြည်နယ်ရဲ့သမိုင်းနဲ့ ကရင်လူမျိုးတွေရဲ့ ဓလေ့ရိုးရာ ယဉ်ကျေးမှုကို ဖော်ထုတ်ပြသထားတာပါပဲ။”လို့ မှတ်ချက်ပြု ပြောဆိုပါတယ်။

ကရင်ပြည်နယ် အလံ အပါအဝင် ကရင်အမျိုးသား အလံတော်ကို ဗီနိုင်းနဲ့မိတ္တူထုတ် နံရပ်မှာကပ်ပြီး အလံပုံနဲ့တကွ အလံဖြစ် ပေါ်လာပုံ၊ ဖြစ်ပေါ်လာတဲ့ ခုနှစ်နဲ့ အနက်အဓိပ္ပါယ်ကို ယဉ်ကျေးမှှုပြတိုက်ထဲမှာတော့ ဖော်ပြထားပါတယ်။ အဲဒါတွေအပြင် ကရင်မျိုးနွယ်စုတွေဖြစ်တဲ့ စကောကရင်၊ အရှေ့ပိုး ၊အနောက်ပိုး၊ ဂယ်ဘာ၊ တလေပွာကရင်၊ ပလေချီးကရင်၊ ကရင်ဖြူ၊ မိုပွာ၊ ဘွဲ၊ ပကူး၊ ထိုးကလိဘောကရင်နှင့် ပအိုဝ်း စတဲ့ မျိုးနွယ်စုဝတ်စုံတွေကိုလည်း ပြသထားပါတယ်။ ဒီလိုပြသထားပေမယ့် ကရင် မျိုးနွယ်စုသတ်မှတ်မှုနဲ့ပတ်သက်လို့ အငြင်းပွားမှုတွေလည်း ရှိနေဆဲပါ။

ကရင်လူမျိုးတွေရဲ့ ဖားစည်အမျိုးမျိုးဖြစ်တဲ့ မင်္ဂလာဖားစည်၊ အမင်္ဂလာဖားစည်နဲ့ စစ်ချီဖားစည်စတဲ့ ဖားစည် ၃မျိုးကို မှန်ဗီဒိုထဲ မှာထည့်ပြီး ပြသထားပါတယ်။ မင်္ဂလာဖားစည်ကိုတော့ ကရင်အများစုက သိပေမယ့်လည်း အမင်္ဂလာ ဖားစည်နဲ့ စစ်ချီဖားစည် ကိုတော့ သိရှိသူနည်းပါးနေပြီလို့ ဆိုရမှာပါ။ အဲဒီဖားစည်၃မျိုးကတော့ အရွယ်အစား၊ အရောင်၊ ပုံသဏ္ဍာန်မတူသလို အသုံးပြု တဲ့နေရာ ဖားစည်တစ်ခုချင်းစီရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို စာနဲ့တကွ ဖော်ပြထားတဲ့အတွက်လည်း ကရင်လူငယ်တွေအနေနဲ့ ဝင်ရောက်လေ့လာသင့်ပါတယ်။

ကရင်ပြည်နယ်ယဉ်ကျေးမှှုပြတိုက်မှာတော့ ကရင်လူမျိုးတွေနဲ့သက်ဆိုင်တဲ့ စာပေ၊ ရိုးရာယဉ်ကျေးမှှု၊ ဓလေ့ထုံးထမ်း အသုံးအ ဆောင်ပစ္စည်းတွေကိုလည်း တတ်နိုင်သလောက် စုံလင်စွာ ပြသထားတာမို့ အကောင်းဘက်က ရှုမြင်ပေးသင့်ပါတယ်။ သို့သော် လည်း ကရင်လူမျိုးတွေရဲ့ ရိုးရာဓလေ့ အစဉ်အလာတချို့ကို ထပ်မံ ဖြည့်ဆည်း ထည့်သွင်းဖို့နဲ့ စနစ်တကျ သေသပ်လှပစွာ မွမ်းမံ ပြင်ဆင် ပြသမှု စတဲ့ လိုအပ်ချက်ရှိသေးတယ်လို့လည်း ကရင့်အရေးအရာ ဆောင်ရွက်နေသူတချို့ကလည်း သုံးသပ် ပြောဆိုပါတယ်။

ကရင်ရေးရာကော်မတီ KAC ရဲ့ အတွင်းရေးမှူး စောကျော်စွာကတော့ “တစ်ခါဝင်ကြည့်တယ်။ သိပ်အဆင်မပြေဘူး။ တချို့ ပစ္စည်းဆိုရင် ပေါက်ကရပဲ ထားတာ တွေ့ရတယ်။ အမှန်တော့ ကရင့်ရိုးရာနဲ့သက်ဆိုင်တဲ့ အမွေအနှစ်တွေ အားလုံး ထားသင့် တယ်။ ဥပမာ ကရင်တွေရဲ့တန်ဖိုးထားတဲ့ စာပေတို့ဘာတို့ အကုန်လုံးဟာ တကယ့် ယဉ်ကျေးမှှုနဲ့တူတဲ့ဟာ ထားမယ်။ အခု ဟာတော့ ဖြစ်သလိုပဲ လုပ်ထားနိုင်တဲ့အခါကျတော့ ဟိုးအရင်တုန်းကလွန်ခဲ့တဲ့ မဆလခေတ်က ကရင်အမျိုးသားအလံတောင်မှ အချိုးအစားမှန်အောင်မထားနိုင်ဘူး။ အဲဒါမျိုးဖြစ်တယ်။ သေချာမှန်အောင်တော့ လုပ်ဖို့လိုတာပေါ့။”လို့ ဝေဖန်အကြံပြုပါတယ်။

လိုအပ်ချက်တွေ မပြည့်စုံမှုတွေ ရှိနေသေးတဲ့ ပြတိုက်ထဲမှာတော့ ကရင်လူမျိုးတို့ရဲ့ အခြားသော ရိုးရာဓလေ့တွေဖြစ်တဲ့ အောင်း ဟယ်၊ အရိုးကောက် စတဲ့ ရိုးရာဓလေ့မျိုးစုံနဲ့ သက်ဆိုင်တဲ့ အသုံးအဆောင် ပစ္စည်းတွေ သို့မဟုတ် အထောက်အထားတွေကို ရုပ်ပုံနဲ့သော်လည်းကောင်း၊ စာနဲ့သော်လည်းကောင်း ထပ်မံဖြည့်စွက် ခင်းကျင်းပြသထားနိုင်မယ်ဆိုရင် အများပြည်သူတွေ လွယ် ကူပြည့်စုံစွာ လေ့လာမှတ်သားထားနိုင်မှာလည်း ဖြစ်ပါတယ်။

ကရင်ပြည်နယ်မှာ ကရင်လူမျိုးအပြင် မွန်၊ ပအိုဝ်း၊ ရှမ်း စတဲ့ တိုင်းရင်းသားတွေလည်း အတူတကွ ယှဉ်တွဲနေထိုင်လာခဲ့ကြတဲ့အ တွက် သူတို့နဲ့ သက်ဆိုင်တဲ့ ရိုးရာယဉ်ကျေးမှှု အမွေအနှစ်၊ ဓလေ့ထုံးထမ်းတွေနဲ့ ပတ်သက်တာတွေကို စုံစုံလင်လင် ဖော်ထုတ် ပြသနိုင်မယ်ဆိုရင် ကိုယ်စားပြုမှှုတစ်ခုအနေနဲ့ ပိုမိုလေးနက် ပြည့်စုံလာမယ်လို့လည်း ယုံကြည်မိပါတယ်။

ပြည်နယ်ယဉ်ကျေးမှှုပြတိုက်ထဲမှာ ကရင်လူမျိုးတွေရဲ့ရိုးရာဓလေ့ ယဉ်ကျေးမှှု ၊ စာပေ စတာတွေကို ယခုထက် ပိုပြီး ဖော်ထုတ် ပေးနိုင်ဖို့ဆိုရင် ကရင်ပြည်နယ် စာယဉ်ရဲ့ ဝိုင်းဝန်း ပါဝင်လုပ်ဆောင်ပေးဖို့လည်း များစွာ လိုအပ်နေသေးတယ်လို့ ကရင်ပြည် နယ်၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဒုဥက္ကဌ စောချစ်သန်း(ခီသင့်)က အခုလို ပြောပါတယ်။

“ဒီယဉ်ကျေးမှှုပြတိုက်ထဲမှာ ပြီးပြည့်စုံဖို့ စည်ကားဖို့ လူစိတ်ဝင်စားဖို့အတွက်က ကျနော်တို့ စာယဉ်ရဲ့ ပူးပေါင်းပါဝင်မှု အင်အား က အများကြီးလိုတယ်။ ဒါပေမယ့် အစိုးရလက်အောက်မှာရှိတဲ့ ပြတိုက်ဖြစ်တော့ ကျနော်တို့တွေ ပူးပေါင်း လုပ်ဆောင်ပေးဖို့ အခက်အခဲ အများကြီးရှိတယ်။ နောက်တစ်ခုက ပြတိုက်ထဲမှာ တစ်ချို့ဟာတွေက အသစ်ရောက်လာတာရှိသလို အဟောင်း တစ်ချို့လည်း ပျောက်သွားတာရှိတယ်။”လို့ စောချစ်သန်းက ပြောပါတယ်။

တကယ်တော့ လူအများ ပညာ၊ ဗဟုသုတ တိုးပွားစေဖို့ စိတ်ဝင်စားတဲ့နေရာတစ်ခု ဖြစ်လာဖို့ဆိုတာ မလွယ်လှတာကြောင့် အများပြည်သူ လာရောက်လေ့လာ လည်ပတ်ချင်လာအောင်၊ စိတ်ဝင်စားမှုရှိရှိ ဆွဲဆောင်နိုင်မယ့် ပြသမှုမျိုးနဲ့ ဆွဲဆောင်ရမယ့် နည်းလမ်းတွေကို တာဝန်ရှိသူတွေအနေနဲ့ စနစ်တကျ စီမံပြီး လုပ်ဆောင်သွားနိုင်မယ်ဆိုရင် အကျိုးထူးတွေ ရှိစေမယ်လို့လည်း သုံးသပ်မိပါတယ်။

ယဉ်ကျေးမှုပြတိုက်ဆိုသည်မှာ လူအများရဲ့ စိတ်နှလုံးကို သိလိုစိတ်၊ အပန်းဖြေလိုစိတ်၊ မှတ်သားလိုစိတ်တွေ မွေးဖွားစေနိုင်တာ ကြောင့် ပြတိုက်ဝင်းကို ယခုထက်ပိုမိုပြီး သစ်ပင်ပန်းမာလ်လေးတွေနဲ့ စိုက်ပျိုးထားပြီး အများပြည်သူ အပန်းဖြေလေ့လာစရာ နေရာအလား ဖန်တီးပြင်ဆင်ခြင်း၊ တိုးတက်လာတဲ့ နည်းပညာပိုင်းအရ ရုပ်သံမှတ်တမ်းများကိုလည်း ပြသဖွင့်လှစ်ပေးထားခြင်း၊ ရိုးရာယဉ်ကျေးမှုနဲ့သက်ဆိုင်တဲ့ အခမ်းအနားတွေ၊ ပွဲတော်တွေကို ပြတိုက်မှာ ပြုလုပ်ကျင်းပစေခြင်းများအပြင် ရှိနှင့်ပြီးသား ရှေး ဟောင်းအမွေအနှစ်များအပြင် ရွေ့လျားကုန်ဆုံးနေတဲ့ ကာလအလိုက် နောက်ထပ် သမိုင်းဝင်အမွေအနှစ်၊ စာအုပ်စာပေ၊ ပရပိုဒ် တွေကိုလည်း ထပ်မံစုဆောင်းကာ ခင်းကျင်းပြသထားသင့်ပါတယ်။

ပြတိုက်ရှိတဲ့ ဖားအံမြို့တော်ဟာ ၂၀၁၂ခုနှစ်နောက်ပိုင်း နိုင်ငံခြားခရီးသွားတွေနဲ့ ပြည်တွင်းခရီးသွားတွေ တစ်နှစ်ထက်တစ်နှစ် လာရောက်လည်ပတ်မှုတွေ ပိုများလာပါတယ်။ အဲဒီခရီးသွားတွေဟာ ကရင်ပြည်နယ်ထဲက ဂူဘုရားတွေနဲ့ ဇွဲကပင်၊ တောင်ဝိုင်း သဘာဝတောင်တွေ စတဲ့ အပန်းဖြေလည်ပတ်စရာ နေရာတွေကို သွားရောက်ကြသလို လွတ်လပ်စွာ လည်ပတ်စားသောက်နိုင် ဖို့ ကန်သာယာတံတားနဲ့ ညဈေးဟာလည်း ဖားအံမြို့ရောက် ခရီးသွားအများစု မသွားမဖြစ် လည်ပတ်ရတဲ့နေရာတစ်ခု ဖြစ်လာ နေပါပြီ။

ပြည်နယ်ယဉ်ကျေးမှုပြတိုက်ဟာ ကန်သာယာညဈေး၊ ကန်သာယာတံတားနဲ့မဝေးတဲ့ ဇွဲကပင်ခန်းမရဲ့ အနောက်ဖက်မှာ တည်ရှိ သလို ပြည်နယ်လွှတ်တော် အဆောက်အဦးနဲ့လည်း အနီးဆုံးမှာ ရှိနေတာပါ။ ဒီလိုပတ်ဝန်းကျင်အနေအထားမှာ ပြည်နယ်ရဲ့ ယဉ်ကျေးမှုပြတိုက် စိုပြေလန်းဆန်းကာ လှုပ်ရှားသွားလာ ဝင်ထွက်သူများလာမယ်ဆိုရင် ပြည်နယ်အတွက် ဝင်ငွေတစုံတရာ ပိုမိုရရှိမှာဖြစ်ပါကြောင်း ရှုမြင်ရေးသားလိုက်ပါရစေ။

Most read this week

October 2, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်ကောင်စီက အောက်တိုဘာ ၁ ရက်နေ့မှစ၍...
October 1, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ သထုံခရိုင်/တပ်မဟာ(၁)၊ ဖားအံမြို့နယ်ထဲရှိ...
October 1, 2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီက အသက် (၁၈)...
September 30, 2024
နိုင်ငံအတွင်း နယ်မြေအများစုကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်အချိန် ဖြစ်နေသည့်အတွက်...