သျှမ်းနိုင်ငံရေးပါတီတွေ သျှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ သျှမ်းလူမှုအခြေပြုအဖွဲ့အစည်းတွေကနေစုပေါင်း ဖွဲ့စည်ထားတဲ့ သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ဟာ တနှစ်တကြိမ် အလုပ်အမှုဆောင်ကော်မတီနဲ့ ခေါင်းဆောင်ကြီးကို ပြန်လည်ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။ CSSU ရဲ့အလှည့်ကျဥက္ကဌအဖြစ် ပြီးခဲ့တဲ့ ၂၀၁၈ ဖေဖော်ဝါရီလက တာဝန်ကျဆောင်ရွက်လာတဲ့ SNDP ကျားဖြူပါတီဥက္ကဌ စိုင်းအိုက်ပေါင်းဟာ ဒီတနှစ်အတွင်း CSSU ရဲ့လုပ်ငန်းဆောင်တာတွေအပေါ် ဘယ်လိုမြင်ပါသလဲ။ ကျေနပ်အားရမှုရှိပါသလား။ မကြာခင်မှာ အလုပ်အမှုဆောင်ရွေးကောက်ပွဲကျင်းပဖို့ အချိန်ပြန်ကျလာပြီဖြစ်တဲ့အတွက် ဘယ်လိုပြင် ဆင်မှုတွေလုပ်ပြီးပြီလဲ။ အသေးစိပ်သိရအောင်လို့ သျှမ်းသံတော်ဆင့်သတင်းထောက် နန်းဆိုင်မောက်ဟွမ် ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
CSSU ရဲ့အလှည့်ကျဥက္ကဌ ၊ SNDP ကျားဖြူပါတီဥက္ကဌ စိုင်းအိုက်ပေါင်း
မေး။ ။ သျှမ်းပြည်ညီညွှတ်ရေးကော်မတီ ဥက္ကဌအနေနဲ့ လက်ရှိ သျှမ်းပြည်ညီညွတ်ရေးအခြေအနေ နဲ့ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်မှုတွေ လုပ်နေပါသလဲ။
ဖြေ။ ။ကျနော်တို့ သျှမ်းလက်နက်ကိုင် ၂ ဖွဲ့ ရဲ့ပြသနာက တိုက်ပွဲတွေဖြစ်တယ်။ ဒေသခံလူထုက ကောင်းမွန်စွာ အလုပ်မလုပ်နိုင်ဘူး။ လူထု သေကြေဒဏ်ရာရကြတယ်။ ခုချိန်အထိ နှမ်းတွေ ပဲပြောင်းတွေ မဆွတ်ခူးရသေး တာရှိတယ်။ သျှမ်းပြည်လူထုက နဂိုကတည်းက ဆင်းရဲနွမ်းပါးနေပါတယ်ဆိုမှ သျှမ်းပြည်လူထု က လုပ်ကိုင်စား သောက်ဖို့နေရာမရှိတော့ဘူး။ အလုပ်အကိုင်မရှိရင် သျှမ်းပြည်လူထုက တရုတ်ကိုသွားမယ်၊ ထိုင်းကိုသွားမယ်။ အလုပ်သွားလုပ်မယ်လေ။ ကိုယ့်သျှမ်းပြည်သားဘဲနေရာပျောက်သွားမယ်။
ကျနော် CSSU အနေနဲ့လည်း ဗိုလ်ချုပ်ကြီးယွက်စစ် နဲ့ ဗိုလ်ချုပ်ကြီးပန်ဖ ဆီကို စာ ၃ ကြိမ်ရေးသားပြီးပြီ။ ခေါင်းဆောင် ၂ ဦး မဆွေးနွေးရင် ပြသနာရှင်းနိုင်မှာမဟုတ်ဘူး။ သျှမ်းပြည်မှာ သျှမ်းလူမျိုးတခုတည်းရှိတာ မဟုတ်ဘူး။ တခြားသောတိုင်းရင်းသားတွေအများကြီးဘဲ။ သျှမ်းပြည်မှာအရင်ကလူဦးရေ ၅ သန်းထက်မနဲရှိတာအခု သျှမ်းတွေ နေရပ်က စွန့်ခွါကြလို့ လူဦးရေ ၂ သန်းမရှိတော့ဘူး။ ကမ္ဘောဒီးယားလူမျိုးတွေ ဗီယက်နမ်ကနေ ပျောက်ဆုံးသွားသလိုမျိုးဖြစ်တော့မယ်။ အရင်က ဟိုချီမင်းစီးတီးဟာ ခမာလူမျိုးတွေရဲ့နေရာလေ။ အခုက ခမာလူမျိုးတွေ လုံးဝမရှိတော့ဘူး။ မူစယ်မှာ၊ တောင်ကြီး၊ တာချီလိတ်မြို့ကြီးတွေမှာဆိုရင် သျှမ်းတွေ တဖြည်းဖြည်းလျော့နည်းသွားတယ်။ သျှမ်းတွေ ပလဲန်သေချာမရှိရင် အကုန်ရှုံးမှာ။
မေး။ ။ ဒီလုပ်ရပ်အပေါ်ကော ကျေနပ်ဖွယ်ရှိပါသလား။
ဖြေ။ ။ တနှစ်တာကာလအတွင်း နာယက လုပ်လာတာ ကျေနပ်ဖွယ်ရာ မရှိဘူး။ သံဃာတော်နဲ့ လူထုတို့တောင်းဆိုချက်အတိုင်း သျှမ်းပါတီ ၂ ခုပေါင်းစည်းရေး၊ သျှမ်းတပ် ၂ ခုပေါင်းစည်းရေးအတွက် ကျနော်အကြိမ်ကြိမ်ကြိုးစားတောင်းဆိုပေမယ့် တခုမှမဖြစ်လာဘူး။ သျှမ်းပါတီ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ ပေမယ့်လည်း သျှမ်းလူထုက ဘာမှ အားကိုးအားထားပြုလို့မရခဲ့ဘူးလေ။ ဒါကြောင့် ဒီတနှစ်အတွင်းမှာ ဘာမှ ကျေနပ်အား ရစရာမရှိခဲ့ဘူး။
မေး။ ။ CSSU နာယကအနေနဲ့လုပ်ဆောင်မှု အောင်မြင်တာတွေကော်ရှိသလား။
ဖြေ။ ။ဘာမှမရှိဘူး။ ခုနပြောတဲ့အတိုင်းဘဲ စည်းလုံးညီညွတ်မှုအတွက် ကြိုးစားတယ်။ မအောင်မြင်ဘူး။ ဒါကြောင့် သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ဆိုတာကလည်း ဘာမှ ညီညွတ်မှုမရှိတော့ဘူး။ သျှမ်းအချင်းချင်းစည်းလုံးညီညွတ်မှုမလုပ်ဘဲ စစ်ဘဲတိုက်နေမယ်ဆိုရင်တော့ အနာဂတ် သျှမ်းလူငယ်တွေ အခက်အခဲ ရောက်ရပါလိမ့်မယ်။
မေး။ ။ ရှေ့ဆက်မှာကော CSSU ရဲ့လုပ်ငန်းတွေ ဘာရှိသေးလဲ။
ဖြေ။ ။ ဒီလကုန်ရင် ကျနော့တာဝန်ပြီးပြီလေ။ ရက်ပိုင်းဘဲကျန်တယ်လေ။ ကျနော်တာဝန်ယူခဲ့တာ ဖေဖော်ဝါ ရီလလေ။ ကျနော်တာဝန်ကပြီးရင် ဘယ်သူ့တာဝန်ကျမလဲဆိုတာ ကျနော်တို့ မဆွေးနွေး မဆုံးဖြတ်ရ သေး ဘူး။ ၃ ဖွဲ့စုပေါင်းအလှည့်ကျရင်တော့ ကောင်းတာပေါ့။ စုပေါင်းခေါင်းဆောင်မှုပေါ့။ အလုပ်လုပ်ရလွယ်မှာပေါ့။ ခေါင်းဆောင်လုပ်ရင် ရိုးသားမှုရှိမှလေ။ ရိုးသားမှုမရှိရင်မလွယ်ဘူး။ နိုင်ငံရေးအတွက်စီမံကိန်း ဘယ်လိုသွား မလဲ။ တိုက်ယူမယ်ဆိုရင် ကြည့်လိုက် နှစ်ပေါင်း ရ၀ ကျော်ပြီလေ ဘာမှမရလာခဲ့ဘူး ။ တိုးတက်လာမှုမရှိဘူး။
မေး။ ။ အဲလိုဆိုရင် CSSU ခေါင်းဆောင်သစ်ရွေးချယ်ဖို့ နှစ်ပတ်လည်အစည်းအဝေးကဘယ်တော့ဖြစ်မလဲ။
ဖြေ။ ။ဖေဖော်ဝါရီနောက်ပိုင်းလောက်ဖြစ်နိုင်တယ်။ ရက်အတိအကျမသိရသေးဘူး။ တချို့ကလည်း RCSS/SSA ဌာနချုပ် လွယ်တိုင်းလျန်းမှာလုပ်ချင်တယ်။ တချို့က လည်း တောင်ကြီးမှာလုပ်ချင်တယ်။ တကယ် လို့ လွယ်တိုင်းလျန်းမှာလုပ်မယ်ဆိုရင် SSPP/SSA မတက်ဘူးဆိုရင်လည်းမထူးဘူးလေ။ သူမတက်ရင်လည်း ဘာမှမဆွေးနွေးနိုင်တာ။ ဒါကြောင့်သူတို့ ၂ ဖွဲ့ကို ဆွေးနွေးစေချင်တာ ။ ပြန်ကောင်းစေချင်တာ။ အရင်က သျှမ်းအချင်းချင်းတိုက်တယ်ဆိုတာ မကြားဖူးဘူးလေ။ အခုဆို သီပေါမှာ စစ်ဘေးစစ်ဒဏ်ခံနေရတယ်လေ။ လူတွေ ထိခိုက်ဒဏ်ရာရတယ်။ သေကြေကြတယ်။
မေး။ ။ CSSU ဥက္ကဌ သက်တမ်းမကုန်ခင် အခုကျန်တဲ့အချိန်လေးမှာ ဘာလုပ်ချင်သလဲ။
ဖြေ။ ။ကျနော်ပြောပြမယ်။ CSSU ဆိုတာ သျှမ်းပြည်ညီညွတ်ရေးကော်မတီ။ သျှမ်းပြည်တဝှမ်းလုံး ကလူထုပါ၀င်ရမယ်။ သျှမ်းလူမျိုးအတွက်ဘဲမဟုတ်ဘူး။ အခုက သျှမ်းအချင်းချင်းတောင်မှဘဲ မညီညွတ်ရင် တခြားလူမျိုးတွေ ညီညွတ်ရေးရဖို့ဘယ်လွယ်ပါ့မလဲ။ သျှမ်းပါတီ ၂ ခုလည်း မညီညွတ်ဘူး။ သျှမ်းလက်နက်ကိုင် ၂ ဖွဲ့လည်းမညီညွတ်ဘူး။ ဒီနာမည်သုံးနေတာက ဘာမှအကျိုးမရှိဘူးလေ။ ကျနော့်အနေနဲ့ လက်နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့ ထိတွေ့ပစ်ခတ်တိုက်ခိုက်မှုတွေမဖြစ်အောင် ရှောင်ကြားပေးကြပါလို့ အထူးမေတ္တာရပ်ခံချင်ပါတယ်။
သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU မှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေကရက်တစ်ပါတီ SNDP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် RCSS/SSA ၊ ရှမ်းပြည်ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ SSJAC (ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA ) ၊ ရှမ်းပြည်အရှေ့ပိုင်း ဒီမိုကရက်တစ်ဖွံ့ဖြိုးတိုးတက်ရေးပါတီ ESSDDP၊ ရှမ်းလူမှုအခြေပြုအဖွဲ့အစည်း Shan CBOs ၊ ရှမ်းပြည်မျိုးဆက်သစ်များအဖွဲ့ NGSS ၊ ရှမ်းလူငယ်အဖွဲ့ TYO စတဲ့အဖွဲ့တွေပါ၀င်ပါတယ်။
၂၀၁၃ ခုနှစ် နှောင်းပိုင်းက သျှမ်းပြည်တွင်းလူထု ရဲ့ အခွင့်အရေးများကိုကာကွယ်ဖို့၊ သျှမ်းပြည် သူလူထု မိမိကံကြမ္မာ မိမိဖန်တီးနိုင်ဖို့၊ နိုင်ငံရေးဆွေးနွေးရေးအတွက် နိုင်ငံရေးမူဘောင်စုပေါင်းပြင် ဆင်ထားနိုင်ဖို့ အတွက် သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က CSSU ကို ဦးဆောင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။