မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာနှင့် တွေ့ဆုံခြင်း

မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာနှင့် တွေ့ဆုံခြင်း

“AA ကလည်း သူ့မဟာမိတ်တွေ ရှိတယ်ဗျ၊ သူ့ကိုချည်းပဲ ဖိတိုက်နေရင် တခြားအဖွဲ့တွေကလည်း ယုံကြည်မှုရှိမှာ မဟုတ်ဘူး”

လက်ရှိ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် နိုင်ငံရေး အခြေအနေ အပါအဝင် ဇန်နဝါရီ ၆ ၊ ၇ ရက်တို့မှာ မွန်ပြည်သစ် ထိန်းချုပ်နယ်မြေ ဝယ်ဇင်စခန်းမှာ ပြုလုပ်ခဲ့သည့် နိုင်ငံရေး သဘောထားအမြင် ညှိနှိုင်းဆွေးနွေးပွဲနှင့် ပတ်သက်သည့် ကိစ္စရပ်များအတွက် မွန်ပြည်သစ်ပါတီ ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာနှင့် တွေ့ဆုံမေးမြန်းမှု အချို့ကို ဟင်္သာမီဒီယာက ပြန်လည် ကောက်နုတ် ဖော်ပြပေးလိုက်သည်။

ဟင်္သာမီဒီယာ ။ ။ ဝယ်ဇင်မှာ လက်ရှိနိုင်ငံရေးအခြေအနေနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲလုပ်တဲ့ဖြစ်တဲ့ အကြောင်းရင်းလေး ပြောပြပေးပါဦး။

နိုင်ဟံသာ ။ ။ နိုင်ငံရေးဆွေးနွေးတဲ့ နေရာမှာ အဓိကအရေးကြီးတဲ့အပိုင်းတွေဖြစ်တဲ့ ဖက်ဒရယ်အခြေခံမူကို မွန်ပြည်သစ်ပါတီ တစ်ခုတည်းအနေနှင့် အဆုံးအဖြတ် မယူချင်ဘူး။ အဲဒီမှာ မွန်ထဲက နိုင်ငံရေးပါတီကိုလည်း ဖိတ်တယ်။

နောက် CBOs, CSOs တွေကိုလည်းဖိတ်တယ်။ ပညာရှင်တွေကိုလည်းဖိတ်တယ်။ အဓိကအားဖြင့် ဖက်ဒရယ်အခြေခံသဘောထားတွေပေါ့နော၊် ကျွန်တော်တို့ မွန်အမျိုးသားထုအတွင်းမှာ ဘယ်လိုသဘောထားရှိလဲ ဆိုတာကိုညှိကြတာပါ။ နောက် တစ်ဆို့နေတဲ့ ခွဲမထွက်ရဆိုတဲ့ကိစ္စရယ် တစ်ခုတည်းသော တပ်မတော်ရယ် ဒါတွေကိုပါ ဆွေးနွေးပါတယ်။

ဟင်္သာမီဒီယာ ။ ။ ဖက်ဒရယ်အခြေခံမူတွေနှင့် ပတ်သက်ပြီးတော့ ဘယ်လိုကဏ္ဍတွေကို အဓိကဆွေးနွေးကြလဲ။

နိုင်ဟံသာ ။ ။ အဓိကအားဖြင့် ပြည်နယ်တွေမှာ ဘယ်လိုအာဏာရှိရမလဲဆိုတဲ့ ကိစ္စတွေပါ။ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိရမယ့် ပုံစံရယ်၊ ဒီမိုကရေစီရှိရမယ့် အခွင့်အရေးတွေရယ် ဒါတွေကို ဆွေးနွေးတယ်။

နောက် နိုင်ငံတကာရဲ့ ဖက်ဒရယ်နိုင်ငံရေးကို လေ့လာတယ်။ သူတို့မှာ အခွင့်အရေးတွေဘယ်လိုခွဲဝေလဲ။ ပြည်ထောင်စုအစိုးရကို ဘယ်လိုကန့်သတ်ပြီးတော့ ပြည်နယ်အစိုးရကို ဘယ်လိုကန့်သတ်ထားတဲ့ ဥပဒေတွေ ပေးထားလဲ စသည်ဖြင့်ပေါ့။ ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာတွေမှာလည်း ဘယ်လိုခွဲခြားထားလဲဆိုတာတွေပါ ညှိနှိုင်းကြတယ်။

ဟင်္သာမီဒီယာ ။ ။ ဒီလိုညှိနှိုင်းလို့ထွက်လာတဲ့အဖြေပေါ်မှာ ဘယ်လိုပုံစံနှင့် လုပ်ဆောင်သွားဖို့ရှိလဲ။

နိုင်ဟံသာ ။ ။ လက်နက်ကိုင် အင်အားစုတွေကြားထဲမှာ အရင်ညှိမယ်။ ပြီးတော့မှ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့လည်း ပြန်ညှိပြီးတော့မှ အားလုံးလက်ခံနိုင်တဲ့ တို့နိုင်ငံ အခြေအနေနဲ့ ကိုက်ညီတဲ့ ပုံစံမျိုးကို ချမှတ်ပြီးတော့မှ အဲဒီအပေါ်မှာ ရပ်တည်ဆွေးနွေးသွားဖို့ပေါ့ဗျာ။

ဟင်္သာမီဒီယာ ။ ။ အဓိက ဒီအစည်းအဝေးက မွန်တစ်မျိုးလုံး လက်ခံထားတဲ့အခြေအနေကို အားလုံးညှိနှိုင်းကြတဲ့ အစည်းအဝေးလို့ ပြောလို့ရလား။ ဘယ်လိုအစည်းအဝေးလို့ ပြောနိုင်လဲ။

နိုင်ဟံသာ ။ ။ ဟုတ်တယ်။ ဖက်ဒရယ်မူရယ် တခြားအရေးကြီးတဲ့ ကိစ္စတွေရယ် ဒါတွေကို ဒီနိုင်ငံရေးဆွေးနွေးပွဲမှာပါတဲ့ လက်နက်ကိုင် မွန်ပြည်သစ်ပါတီရယ် မွန်နိုင်ငံရေးပါတီရယ် ဒီနှစ်ခုတည်းနဲ့လည်း တို့အဆုံးအဖြတ် မလုပ်ချင်ဘူး။ ပညာရှင်တွေ CSO တွေကိုလည်းဖိတ်တယ်။ နိုင်ငံရေးနှင့် နည်းနည်းရင်းနှီးတဲ့ အင်အားစုတွေကို ဖိတ်ပြီးတော့ မွန်တစ်မျိုးသားလုံးရဲ့ အင်အားကို ကိုယ်စားပြုတဲ့ ပုံစံမျိုးနဲ့ ညှိနှိုင်းတာပါ။

ဟင်္သာမီဒီယာ ။ ။ ခွဲမထွက်ရေးကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးတဲ့အခါမှာ အားလုံးရဲ့ သဘောထားက ဘယ်လိုရှိနေပါသလဲ။

နိုင်ဟံသာ ။ ။ ဒါတွေကတော့ ၄၇ ပင်လုံတုန်းက ဗိုလ်ချုပ်အောင်ဆန်းက စာချုပ်မချုပ်ခင်မှာ ကတိကဝတ်ပေးထားတဲ့ ကိစ္စတွေရှိတယ်ဗျ။ အဲဒီကတိကဝတ်တွေနဲ့ ရှမ်းတို့ ကရင်နီတို့မှာ ခွဲထွက်ခွင့်တွေရှိနေတယ်။ အမှန်တော့ ဘယ်သူကမှ ခွဲထွက်ချင်တဲ့ဆန္ဒနဲ့ ရပ်တည်နေတာတော့ မဟုတ်ဘူးဗျ။ အဓိကအားဖြင့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိမယ်။ ဒီမိုကရေစီ အပြည့်အဝရှိမယ်ဆိုရင် စုပေါင်းပြီးတော့မှ ကနေ့အားယူရမယ့် အနေအထားပါ။

နိုင်ငံတကာမှာလည်း ဒီလိုပါပဲ။ တို့နိုင်ငံရဲ့ အနေအထားက ပြည်နယ်တွေကလည်း ခွဲထွက်ဖို့ အလားအလာမရှိကြပါဘူး။ အဓိကအားဖြင့် လွန်လာပြီးတဲ့ကာလတွေမှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးက မရှိသလောက်ဖြစ်နေလို့ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေတယ်။ ဒါကြောင့် တကယ့်အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပုံစံမျိုး တိုင်းရင်းသားတွေ လူမျိုးပျောက်ကွယ်သွားမယ့် အနေအထားတွေ မရှိအောင်ပေါ့ဗျာ။ သူတို့ရဲ့ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုတွေကို ထိန်းသိမ်းနိုင်ဖို့ သူတို့လူမျိုး ရေရှည်ရပ်တည်သွားနိုင်ဖို့ အခွင့်အရေးတွေလည်းရှိဖို့လိုတယ်။ သူတို့ဒေသကိုလည်း ကိုယ်တိုင်စီမံခန့်ခွဲသွားနိုင်တဲ့ အနေအထားမျိုးရှိဖို့လိုတယ် စသည်အားဖြင့်ပေါ့။

ဟင်္သာမီဒီယာ ။ ။ တစ်ခုတည်းသော တပ်မတော်အတွက်လည်း ဘယ်လိုပုံစံမျိုးတွေ ဆွေးနွေးဖြစ်လဲ။

နိုင်ဟံသာ ။ ။ တစ်ခုတည်းသော တပ်မတော်ဆိုတာက အရင်က တို့ရဲ့ရပ်တည်ချက်ကို တို့ရှင်းပြတယ်။ လက်နက်ကိုင်အင်အားစုတွေနဲ့ အစိုးရနဲ့ ညှိနှိုင်းတဲ့အခါမှာ၊ မြန်မာ့တပ်မတော်နဲ့ ညှိနှိုင်းတဲ့အခါမှာ နိုင်ငံတစ်ခုမှာ တပ်မတော်တစ်ခုတည်းရှိရေးကို မူအရလက်ခံတယ်။ ဒါပေမဲ့ တပ်မတော်ကို ဘယ်လိုတည်ဆောက်မလဲ။ တပ်မတော်ကို လူတစ်ဦး နှစ်ဦးကနေပြီးတော့ အားလုံးချုပ်ကိုင်ထားတဲ့ပုံစံ။ နောက် တပ်မတော်ကလည်း အစိုးရအောက်မှာ မရှိဘူး။ သူ့ဟာနဲ့သူ လွတ်လပ်နေတဲ့ပုံစံပေါ့။ အာဏာပုံစံမျိုးနဲ့ လှုပ်ရှားနေတဲ့ အနေအထားမျိုး ၊ဒါတွေ မရှိသင့်ဘူးဗျ။ တပ်မတော်ဆိုတာလည်း နိုင်ငံရေးမှာ ဝင်မစွက်သင့်ဘူး၊ စသဖြင့်ပေါ့။ တို့နိုင်ငံမှာက ပြည်တွင်းစစ်က နှစ် ၇ဝ ကျော်နေပြီ။ တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုမရှိဘူး။ အဲဒီအနေအထားမျိုးမှာ တိုင်းရင်းသားတွေလည်း ယုံကြည်မှုရှိအောင် နောင်အနာဂတ်မှာလည်း စစ်တပ်က အာဏာမသိမ်းနိုင်ဖို့ တပ်တွေ နေရာချထားမှုမှာ ပုံစံတွေပြင်ရမယ်၊ အဲသလိုအမြင်ရှိကြတယ်။

ဟင်္သာမီဒီယာ ။ ။ လတ်တလော AA က ရဲစခန်းတွေကို ဝင်တိုက်တဲ့ကိစ္စမှာ အစိုးရက AA ကို ပြန်ချေမှုန်းနှိမ်နင်းဖို့ သဘောထားပေးလာတာလည်းတွေ့ရတယ်။ လက်ရှိမြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ဘယ်လိုအခြေအနေတွေ ဖြစ်လာမယ်လို့ သုံးသပ်မိလဲ။

နိုင်ဟံသာ ။ ။ အဲဒါတော့ မဖြစ်သင့်ဘူးလို့ မြင်တယ်။ တို့မြင်တာက အခု AA ကဝင်တိုက်တော့မှ မဟုတ်ဘူးနော်။ လွန်ခဲ့တဲ့ ဒီဇင်ဘာ၂၁ တုန်းက တပ်မတော်ဘက်ကကြေညာတယ်။ ဒီမြောက်ပိုင်း ၊အရှေ့မြောက်ပိုင်းတို့၊ အရှေ့ပိုင်းတိုင်းတို့ အလယ်ပိုင်းတိုင်းတို့မှာ လေးလတာလောက် အပြစ်အခတ်ရပ်စဲရေးလုပ်ထားပြီတော့ အနောက်ပိုင်းမှာ လှုပ်ရှားနေတဲ့ AA ကို လာထိခိုက်တဲ့ ပုံစံမျိုးတွေ့နေရတယ်။ ဒါတွေက မဖြစ်သင့်ဘူး။ အားလုံးကို တစ်ပြေးညီဖြစ်ဖို့လိုတယ်။ မတိုက်ခိုက်ဘူးဆိုရင် တစ်ပြည်လုံးအတိုင်းအတာဖြစ်ဖို့လိုတယ်။ တချို့အပိုင်းတွေကို ရပ်ထားပြီးတော့ တချို့အပိုင်းတွေကို တိုက်နေတဲ့ပုံစံမျိုးပေါ့။ နည်းဗျူဟာအရ ချေမှုန်းနိုင်ဖို့ ဗျူဟာသဘောမျိုးဖြစ်နေတယ်လို့ မြင်တယ်။

ဟင်္သာမီဒီယာ ။ ။ အဲဒီအခြေအနေက ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးကို ဘယ်လိုအခြေအနေတွေ ဖြစ်ပေါ်လာနိုင်လဲ။

နိုင်ဟံသာ ။ ။ အဲဒီလို သဘောထားရင် ပြဿနာတွေက ရေရှည် နေမယ်လို့မြင်တယ်။ AA ကလည်း သူ့မဟာမိတ်တွေ ရှိတယ်ဗျ။ သူ့ကိုချည်းပဲ ဖိတိုက်နေရင် တခြားအဖွဲ့တွေကလည်း ယုံကြည်မှုရှိမှာ မဟုတ်ဘူး။ လက်ခံမှာ မဟုတ်ဘူးဗျ။

ဟင်္သာမီဒီယာ ။ ။ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကို ဘယ်လိုမြင်လဲ။ ခွဲမထွက်ရ အပါအဝင် တခြားကိစ္စတွေမှာ တော်တော်လေးတင်းမာထားတော့ ဒီကိစ္စအပေါ်မှာ ဘယ်လိုသဘောထားရှိလဲ။

နိုင်ဟံသာ ။ ။ ဒီတလောပေါ့နော် ၊အရင်တုန်းက တစ်ခါမှ မပြောဖူးတဲ့ လုံးဝခွဲမထွက်ရတို့၊ တစ်ခုတည်းသော တပ်မတော်တို့ ၊တင်းကျပ်လာတဲ့အပေါ်မှာ ဆွေးနွေးပွဲကို ရှေ့တိုးလို့မရအောင် အကျပ်ကိုင်တဲ့ပုံစံများဖြစ်နေမလား။ ဒါမှမဟုတ်ရင် သူတို့ရထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအပေါ်မှာ လုံးဝလက်မလွှတ်ချင်ဘဲနဲ့ တပ်မတော်ရဲ့ ရရှိထားတဲ့ အခွင့်အာဏာကို လုံးဝလက်မလွှတ်ချင်တဲ့ ပုံစံမျိုး၊ အဲဒီအခြေခံစိတ်ဓာတ်တွေက နည်းနည်းတင်းမာနေသလားလို့ တို့ကတော့ အဲလိုမြင်တယ်။

ဟင်္သာမီဒီယာ ။ ။ လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်ပေါ်မှာ အစိုးရရဲ့ အခန်းကဏ္ဍကို ဘယ်လိုမြင်လဲ။

နိုင်ဟံသာ ။ ။ တချို့အပိုင်းတွေက အစိုးရနှင့် ကိုယ်စားလှယ်တွေနှင့် ညှိနှိုင်းပါတယ်။ သူတို့ကလည်း တပ်မတော်ကို မကျော်လွန်ရဲတဲ့ အနေအထားမျိုး ၊အဲသလိုဖြစ်နေတယ်။ အမှန်တော့ သူတို့ကလည်း ရှေ့မဆောင်နိုင်တဲ့ သဘောမျိုးရှိနေတယ်။

ဟင်္သာမီဒီယာ ။ ။ တပ်မတော်ကပဲ ဒီကိစ္စကို ကိုင်တွယ်နေတယ်လို့ ပြောချင်တာလား။

နိုင်ဟံသာ ။ ။ အဲဒီသဘောမျိုးဖြစ်နေတယ်။ ငြိမ်းချမ်းရေးကိစ္စမှာ တပ်မတော်ကပဲ အဓိကလှုပ်ရှားနေတယ်။

ဟင်္သာမီဒီယာ ။ ။ ပြီးခဲ့တဲ့တစ်လောက ရေဖြူဘက်မှာ မြေမြှုပ်မိုင်းတွေကြောင့် ဒေသခံတွေ ဘေးအန္တရာယ်ဖြစ်တာတွေ့ရတော့ ဒီကိစ္စနှင့် ပတ်သက်ပြီး မွန်ပြည်သစ်နှင့် KNU ဘယ်လိုပူးပေါင်း ဖြေရှင်းသွားဖို့ရှိလဲ။

နိုင်ဟံသာ ။ ။ အခုလို ဖြစ်နေတဲ့အပေါ်မှာ KNU ခေါင်းဆောင်တွေနဲ့ ပြန်ညှှိရမယ်။ ဘာကြောင့် ဖြစ်နေတယ်။ လူထုတွေ ထိခိုက်နစ်နာနေတယ်။ နည်းလမ်းရှာနေတာပဲ။ အခုလည်း တို့နည်းတို့ဟန်နဲ့ လိုက်ပြီးတော့မှ ဖြေရှင်းနေတဲ့ ပုံစံတွေရှိပါတယ်။

ဟင်္သာမီဒီယာ ။ ။ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး တခြားဖြည့်စွက်ပြောချင်တာများရှိရင် ပြောပေးပါဦး။

နိုင်ဟံသာ ။ ။ တို့နိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်းက စစ်မှန်တဲ့ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ ကချင်တွေ ချင်းတွေ ရှမ်းတွေ ကရင်နီတွေကို ဟိုတုန်းက အမျိုးမျိုးညှိနှိုင်းခဲ့တယ်။ အဲသလို ညှိနှိုင်းခဲ့လို့လည်း ယုံကြည်မှုတွေရှိလာပြီးတော့မှ ပြည်ထောင်စုကြီးဖြစ်လာတာပါ။ ပြည်ထောင်စုကြီး ဖြစ်လာပြီးတော့ ဗိုလ်ချုပ်မရှိတော့တဲ့အခါမှာ အာဏာရလာတဲ့သူတွေက ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ ကတိပေးခဲ့တဲ့ ပုံစံတွေကို အကောင်အထည်မဖော်ဘူး။ အကောင်အထည်မဖော်တော့ တခြားတိုင်းရင်းသားတွေကို လွှမ်းမိုးထားတဲ့ပုံစံဖြစ်နေလို့ တခြားတိုင်းရင်းသားတွေက မကျေနပ်လို့ ခုလိုပြည်တွင်းစစ်တွေ ဖြစ်နေတယ်။

တကယ်လို့ စေတနာ သန့်သန့်နဲ့ နဂိုဗိုလ်ချုပ်အောင်ဆန်းတို့ အခြေခံပြီးတော့မှ ဗိုလ်ချုပ်အောင်ဆန်းတို့လို သဘောထားမျိုးနဲ့ လိုက်ပြီးတော့ ဖြေရှင်းမယ်ဆိုရင် တို့နိုင်ငံပြဿနာက လွယ်လွယ်နဲ့ပြေလည်နိုင်တယ်လို့မြင်တယ်။ တို့နိုင်ငံက သဘာဝသယံဇာတတွေ တော်တော်လေးရှိတယ်။ သဘောကတော့ စိုက်ပျိုးဖို့မြေအနေအထား ရာသီဥတု အကုန်လုံးကောင်းတယ်။ ဒါပေမဲ့ တို့နိုင်ငံက တော်တော်လေး ခေတ်နောက်ကျနေပြီ။

ပြည်သူတွေလည်း တော်တော်လေးကို ဆင်းရဲငတ်ပြတ်နေကြပြီ။ အဲဒါကို ဒီအတိုင်းပဲ ဆက်လက်ကျင့်သုံးနေမယ်ဆိုရင် အာဏာသုံးပြီးတော့မှ ကျန်တဲ့တိုင်းရင်းသားလူမျိုးတွေအပေါ်မှာ တိုင်းရင်းသားတွေက ဗမာလူမျိုးကြီးဝါဒနှင့် သူတို့အပေါ်မှာ လွှမ်းမိုးနေတယ် ၊ဝါးမြိုနေတယ် ၊အဲလိုမြင်နေတဲ့ အနေအထားမျိုးကို ဖျောက်ဖျက်ပြီးတော့ တကယ့်အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ပုံစံမျိုး ဖက်ဒရယ်ပြည်ထောင်စုကို အကောင်အထည်ဖော်ရင် ဒီပြဿနာဟာ အလိုလိုပြေလည်သွားမယ်။

အဲဒီလိုပြေလည်သွားရင် ၊မကြာဘူး တို့နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်လာမယ်လို့ ယုံကြည်တယ်။ အဲဒီတော့ နှစ်ပေါင်း ၇ဝ ကျော် သင်ခန်းစာတွေ ရထားပြီဖြစ်တော့ ဒီအနေအထားမှာ လုပ်သင့်လုပ်ထိုက်တဲ့ အနေအထားအပေါ်မှာ မြန်မြန်ကောင်အထည်ဖော်ကြဖို့၊ ရဲရဲအကောင်အထည်ဖော်ကြဖို့ တိုက်တွန်းလိုတယ်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 6, 2024
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့...
August 6, 2024
“ဒီပုဒ်မ (၄၆) ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ် တွေဆိုင်ရာ အခြေခံမူ တွေအရ ဧရာဝတီ အမျိုး...