ကရင်ပြည်နယ်တွင်တိုင်းရင်းသားစာပေသင်ကြားရေးကိစ္စရပ်များ၊ပညာရေးအခန်းကဏ္ဍမှာဆရာ၊ဆရာမများဦးရေနည်းပါးမှုများ၊ကျောင်းသားနှင့်ကျောင်းဆရာအချိုးမညီမျှမှုများ၊ဝေးလံဒေသမှပညာရေးအခြေအနေများအတွက်ကရင်ပြည်နယ်၊ ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌစောအေးမြအားကေအိုင်စီသတင်းထောက် စောညွှန့့်သောင်းကတွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။
မေး။ ။တိုင်းရင်းသားစာပေသင်ကြားရခြင်းရဲ့ရည်ရွယ်ချက်ကိုရှင်းပြပေးပါ။
ဖြေ။ ။လူမျိုးတစ်မျိုး ရှင်သန်ရပ်တည်နိုင်ဖို့ အဓိကသွေးကြော၃ခုရှိပါတယ်။ ဘာသာစကား၊စာပေနဲ့ယဉ်ကျေးမှု၊ဓလေ့ထုံးတမ်းပါ။ ဒီတော့ တိုင်းရင်းသားလူမျိုးတိုင်းဟာ မိမိတို့ရဲ့ဘာသာစကား၊ယဉ်ကျေးမှု၊ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းနိုင်ဖို့အတွက် စာပေကိုသင်ကြားကြခြင်းဖြစ်တယ်။
မေး။ ။ယနေ့တိုင်းရင်းသားစာပေသင်ကြားနေကြတဲ့အခြေအနေကိုပြောပြပေးပါလား။
ဖြေ။ ။၂၀၁၄ခုနှစ်နောက်ပိုင်းမှာ ဗမာကလွဲပြီး ကျန်တဲ့ တိုင်းရင်းသားကလေးတွေဟာ ဘုန်းကြီးကျောင်း၊ဘုရားကျောင်းတွေမှာ မိမိတို့ရဲ့ စာပေတွေကို သင်ကြားနေကြရတယ်။ နောက်ပိုင်းကျတော့ အခြေခံပညာ မူလတန်းအောက်အဆင့်မှာ သင်ကြားဖို့ ပညာရေးဝန်ကြီးဌာနက ခွင့်ပြုခဲ့တဲ့အတွက် စတင်သင်ကြားနေကြတာပါ။ နွေရာသီကျောင်းပိတ်ရက်တွေမှာ အခြေအနေအရ သင်ကြားကြတာတွေလည်းရှိတယ်။ကိုယ်အစီအစဉ်နဲ့ကိုယ်ပေါ့။
မေး။ ။ကရင်ပြည်နယ်ထဲက အခြေခံပညာမူလတန်း အောက်အဆင့်မှာ တိုင်းရင်းသား ဘာသာစာပေသင်ကြားနေကြတဲ့ ကလေးတွေရဲ့အခြေအနေကိုရှင်းပြပေးပါ။
ဖြေ။ ။လက်ရှိကရင်ပြည်နယ်အခြေအနေကို ပြောပြရမယ်ဆိုရင် အဓိကစိန်ခေါ်မှုက သင်ကြားပြသပေးမယ့် ဆရာမလုံလောက်မှုပေါ့လေ။ ဆရာမရှိတဲ့အတွက် မသင်ဖြစ်တဲ့ကျောင်းတွေရှိသလို ဆရာရော၊ကျောင်းသားပါရှိပါလျှက်နဲ့ မသင်ကြတဲ့ ကျောင်းတွေလည်းရှိတာပေါ့လေ။ သင်ကြားကြတဲ့ ပုံစံကလည်းအမျိုးမျိုးပါ။ တစ်ချို့က ကျောင်းစာသင်ချိန်မှာ သင်တယ်။တစ်ချို့ကျတော့ ကျောင်းချိန်ပြင်ပမှာသင်ကြားကြတယ်။ ချီးမြှင့်ငွေ ထုတ်ပေးရာမှာလည်း အားနည်းချက်အချို့ရှိနေတာကို တွေ့ရှိရတယ်။တစ်လကို၃သောင်း(ကျပ်)ဆိုတော့ တော်ရုံလူတွေမလုပ်ချင်ကြပါဘူး။
မေး။ ။အခြေခံပညာကျောင်းအချို့မှာ တိုင်းရင်းသား ဘာသာစာပေသင်ကြားနိုင်ခြင်းမရှိရတဲ့ အကြောင်းရင်းနဲ့အခက်ခဲတွေကို ရှင်းပြနိုင်မလား။
ဖြေ။ ။သင်ကြားပြသမယ့် ဆရာမရှိတာကအကြောင်းတစ်ခုပါ။ စာပေနဲ့ဘာသာစကားတတ်ကျွမ်းတဲ့ဆရာ၊ဆရာမတွေ နေရာမှန်မှာမရှိကြတာလည်းပါတယ်။ ဥပမာကရင်စာတတ်တဲ့ဆရာတွေ ပအိုဝ်းရွာကိုရောက်ပြီး ပအိုဝ်းစာပေတတ်တဲ့ဆရာတွေ ကရင်ရွာကိုရောက်နေကြတာတွေပေါ့။ အဓိကအကြောင်းရင်းကတော့ ကျောင်းအုပ်တိုင်း တိကျတဲ့ညွှန်ကြားချက်မရကြလို့လား၊ တိုင်းရင်းသား ဘာသာစာပေသင်ကြားရေးလုပ်ငန်းစဉ်ကို သဘောမပေါက်လို့လား။ တချို့သောကျောင်းအုပ်တွေက တိုင်းရင်းသားဘာသာစာပေသင်ကြားခြင်းကို အလေးထားမှုနည်းပါးလို့လားဆိုတဲ့ တစ်ခုခုတော့ဖြစ်မှာပေါ့လေ။
မေး။ ။တိုင်းရင်းသားဘာသာစာပေသင်တဲ့ ဆရာမလုံလောက်မှုကို လောလောဆယ် ဘယ်လိုကူညီလုပ်ဆောင်ပေးနိုင်မလဲ။ ပြီးတော့ တိုင်းရင်းသား ဘာသာစာပေသင်ဆရာ အလုံအလောက်ရရှိဖို့ ဘယ်လိုအစီအမံမျိုးကို စတင်လုပ်ဆောင်သင့်လဲ။
ဖြေ။ ။အခြေခံပညာကျောင်းတွေမှာ တိုင်းရင်းသား ဘာသာစာပေသင်ကြားရေးကို အထောက်အကူပြုနိုင်ဖို့အတွက် နွေရာသီကျောင်းပိတ်ရက်တွေမှာ စာပေသင်တန်းဖွင့်ပြီးတော့ တိုင်းရင်းသားဘာသာစာပေသင်ကြားနိုင်တဲ့ ဆရာတွေကို အတိုင်းအတာတစ်ခုအထိ မွေးထုတ်ပေးနေပါတယ်။
ပညာရေးဋ္ဌာနမှာရှိတဲ့ဆရာ၊ဆရာမတွေကို သက်ဆိုင်ရာတိုင်းရင်းသားစာပေများ တတ်မြောက်ဖို့အတွက် ပညာရေးဋ္ဌာနကတာဝန်ယူပြီး သင်တန်းတွေဖွင့်လှစ်ပေးဖို့လိုပါတယ်။ ပညာရေးကောလိပ်နဲ့ ပညာရေးတက္ကသိုလ်တွေမှာ တိုင်းရင်းသားဘာသာစာပေကို သင်ကြားပေးဖို့လိုပါတယ်။ ဆရာဆရာမများရွေးချယ်ရာမှာလည်း မိမိတို့ရဲ့စာပေကိုတတ်မြောက်ထားတဲ့သူတွေကို ဦးစားပေးရွေးချယ်ဖို့လိုသလို ဒေသခံဘာသာစကားကို တတ်ကျွမ်းသူတွေကိုလည်း ဦးစားပေးရွေးချယ်သင့်ပါတယ်။
မေး။ ။ပညာရေးဌာနရှိ ဆရာဆရာမတွေကို တိုင်းရင်းသားဘာသာစာပေသင်ကြားပေးဖို့အတွက် ကူညီဆောင်ရွက်ပေးနိုင်မလား။
ဖြေ။ ။ကရင်ပြည်နယ်မှာရှိတဲ့ ကရင်၊မွန်၊ပအိုဝ်းစတဲ့စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့တွေ မျှော်လင့်နေတာကြာပါပြီး။
မေး။ ။နိုင်ငံတကာမှာဆိုရင် ဆရာတယောက်ကို ကျောင်းသား၂၀ဦးနှုန်းလောက်ပဲ အများဆုံးနဲ့ သတ်မှတ်ထားတယ်လို့သိရပါတယ်။ကရင်ပြည်နယ်က အခြေခံပညာကျောင်းတွေမှာ ဆရာနဲ့ကျောင်းသားအချိုးဘယ်လိုရှိပါသလဲ။
ဖြေ။ ။ပြည်နယ်၊ခရိုင်၊မြို့နယ်အလိုက် အချိုးကိုသိချင်ရင်တော့ ပညာရေးဌာနကိုမေးရမယ်ထင်ပါတယ်။ ကျနော်သိသလောက်ကတော့ ကျောင်းသားများပြီး ဆရာနည်းတာ။ ကျောင်းသားနည်းပြီး ဆရာများနေတာကိုတွေ့ရတယ်။ အချိုးပြောင်းပြန်တွေပေါ့လေ။ အထူးသဖြင့်တော့ ဝေးလံဒေသရှိကျေးလက်ကျောင်းတွေမှာ ရွာခန့်ဆရာအတော်များများရှိနေရခြင်းကို ကြည့်ရင်သိနိုင်ပါတယ်။
မေး။ ။ဘာကြောင့်အဲလိုအချိုးပြောင်းပြန်ဖြစ်နေရတာလဲ။ရွာခန့်ဆရာတွေဘာကြောင့်ဖြစ်ရတာလဲ။
ဖြေ။ ။ကျောင်းသားနဲ့ဆရာအချိုး ပြောင်းပြန်တွေကို ပြင်ဖို့ဝန်လေးတာရယ်။ ခင်မင်ရင်းနှီးမှုနဲ့ မကင်းရာမကင်းကြောင်းတွေ ပါချင်ပါမှာပေါ့လေ။ ရပ်မိရပ်ဖတွေတချို့ရဲ့ပြောပြချက်အရ ဆရာတောင်းဆိုတဲ့ကျောင်းတွေမှာ သွားရောက် တာဝန်ထမ်းဆောင်မယ်လို့ လျှောက်ထားလာတဲ့ ဆရာတွေရှိရင်ပို့ပေးမယ်တဲ့။ ဒါပေမယ့်ရွှေပြည်တော် မျှော်လေတိုင်းဝေးနေအုံးမှာပဲ။
မေး။ ။ဝေးလံဒေသရှိကျောင်းတွေရဲ့ဆရာလိုအပ်ချက်ကိုဖြေရှင်းပေးဖို့အသင့်တော်ဆုံးနည်းလမ်းကဘာတွေဖြစ်မလဲ။
ဖြေ။ ။ရှားပါးစရိတ်ကို ပိုမိုထုတ်ပေးခြင်းနဲ့ ဒေသအလိုက် အလှည့်ကျတာဝန်ထမ်းဆောင်ခြင်းကို အမှန်တကယ် အကောင်အထည်ဖေါ်ပေးဖို့လိုပါတယ်။ နယ်မြေခံ၊ဒေသခံဆရာများများရှိဖို့ကလည်း အကြောင်းရင်းတစ်ခုပေါ့လေ။
မေး။ ။အခုမြန်မာနိုင်ငံမှာပညာရေးလုပ်ငန်းစဉ်ရဲ့အခြေအနေကိုသုံးသပ်ပေးပါလား။
ဖြေ။ ။အကျဉ်းချုပ်ပြီးပြောရရင် မူကြိုကစပြီးဘွဲ့လွန်အထိ တန်းတူညီမျှဖို့လိုတာပေါ့။ နိုင်ငံတော်က ချမ်းသာတဲ့အတွက်ကြောင့် ကျေးလက်ဒေသတွေမှာဆိုရင် မူကြိုပညာရေးဟာ အိပ်မက်အဆင့်ထက်နဲနဲပဲပိုပါတယ်။ အမှတ်များများရရှိဖို့သာ အာရုံစူးစိုက်နေကြတော့ အတွေးအခေါ်နဲ့ကျင့်ဝတ်သိက္ခာပိုင်းမှာ အားနည်းနေသေးတယ်။ ဘွဲ့ရလူငယ်အများစုရဲ့ အရည်အသွေးကိုသိချင်ရင်တော့ အင်တာဗျူးလုပ်ကြည့်ပေါ့။ အခြေခံပညာအဆင့်မှာ သင်ရိုးညွှန်းတမ်းအသစ်နဲ့ စတင်သင်ကြားမယ်လို့သိရတယ်။ အလွတ်ကျက်အလွတ်ဖြေအဆင့်မှာသာ ရှိနေအုံးမယ်ဆိုရင်တော့ ပညာရေးမြှင့်တင်နိုင်မှာမဟုတ်ဘူး။ အရင်ကလို တွဲဖက်သင်ရိုးဝင်ဘာသာရပ်ကိုပစ်ပယ်ပြီး သင်ရိုးဝင်ဘာသာရပ်ကိုသာ တစ်စိုက်မတ်မတ်အလေးထားရင် အဆင့်တက်လာဖို့ခက်ခဲမှာပါ။
မေး။ ။ပညာရေးနဲ့ပတ်သက်ပြီးအခြားဘာတွေပြောကြားချင်ပါသေးလဲ။
ဖြေ။ ။နိုင်ငံတကာက ပုံစံအမျိုးမျိုးနဲ့ ထိုးဖေါက်ဝင်ရောက်လာတဲ့ အမူအကျင့်၊အတွေးအခေါ်တွေကြောင့် ကိုယ့်အမျိုးသားရဲ့ ပင်ကိုယ်ဟန်တွေ ယိမ်းယိုင်လာနေတာကိုကြည့်ရင် အတွေးခေါ်နဲ့အသိပညာကဏ္ဍမှာ အနုတ်လက္ခဏာပြနေခြင်းလို့ ယုံကြည်တဲ့အတွက် ကလေးသူငယ်များရဲ့ ပညာရေးကို ဂရုပြုပြီးပြုစုပျိုးထောင်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။ ပညာရေးကို စိတ်ဝင်စားတဲ့သူများ အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်းရေးဆွဲသူများနဲ့ အကောင်အထည်ဖေါ်နေကြသူများက ပကတိအခြေအနေကိုလေ့လာဆန်းစစ်ဖို့နဲ့ သုတေသနလုပ်ငန်းမှာ အထောက်အကူပြုနိုင်တဲ့ အချက်အလက်ရရှိနိုင်ဖို့အတွက် ကရင်ပြည်နယ်၊လှိုင်းဘွဲမြို့နယ်၊မြိုင်ကြီးငူက စစ်ဘေးရှောင်ကျောင်းသားကျောင်းသူ လူငယ်များရဲ့ ပညာသင်ကြားနေရတဲ့နေရာကို လာရောက်လေ့လာကြပါလို့ဖိတ်ခေါ်ချင်ပါတယ်။
----------------
- စောအေးမြသည် ကရင်ပြည်နယ်၊လှိုင်းဘွဲမြို့နယ် ဥဒေါင်းကျေးရွာတွင် ၁၉၄၆ခုနှစ်၊နိုဝင်ဘာလ ၁၀ရက်နေ့ကမွေးဖွားခဲ့သည်။ ၁၉၆၆ခုနှစ်တွင် အခြေခံပညာ အထက်တန်းအောင်မြင်ခဲ့ပြီး ၁၉၆၉ခုနှစ်တွင် AGTI (civil) PIP အောင်မြင်ခဲ့သည်။ထို့နောက် ၁၉၇၀ခုနှစ်မှ ၁၉၇၃ခုနှစ်အထိ လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့၊ ရေအားလျှပ်စစ်ဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည်။
- ၁၉၇၅ခုနှစ်မှ ၂၀၀၁ခုနှစ်အထိ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၆၈ခုနှစ်၌ ကျောင်းသားဘဝဖြင့် ဖားအံမြို့ ကရင်စာပေနှင့်ယဉ်ကျေးမှုသင်တန်း အမှတ်စဉ်(၁)တွင် သင်တန်းမှူးအဖြစ်ဆောင်ရွက်ခဲ့သည်။
- ၁၉၇၀ခုနှစ်မှ ၁၉၇၂ခုနှစ်များအတွင်း ကရင်နှစ်သစ်ကူးကျင်းပရေးဗဟိုကော်မတီ(မဟာရန်ကုန်)တွင် ပါ၀င်လုပ်ဆောင်ခဲ့သည်။
- ၂၀၁၀ခုနှစ်မှ လက်ရှိအချိန်ထိ ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်း (ကရင်ပြည်နယ်)၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူလာခဲ့သူ ဖြစ်သည်။