ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းရှိ ကရင်တိုင်းရင်းသားများအတွက် ထူးခြားစွာ ဂုဏ်ယူရသည့် နေ့ထူးနေ့မြတ်တစ်ခုရှိသည်။ ထိုနေ့သည်ကား ကရင်အမျိုးသားနှစ်သစ်ကူးနေ့ (သလေထိုင်ခုတ်ဖို၊ ပြာသိုလဆန်း ၁ရက်) ဖြစ်သည်။ ၎င်းကရင်အမျိုးသား နှစ်သစ်ကူးနေ့သည် ဥပဒေအရ တရားဝင် အများပြည်သူ ရုံးပိတ်ရက်၊ တနည်းအားဖြင့် အစိုးရရုံးပိတ်ရက် ဖြစ်သည်။
“ကရင်အမျိုးသားတို့၏ သမိုင်းတွင် ဤနေ့များသည်အကြီးကျယ်ဆုံးသော ပျော်ပွဲရွှင်ပွဲနေ့များ ဖြစ်ကြပေသည်”ဟု ကရင်အမျိုး သားနှစ်သစ်ကူးနေ့ အသိအမှတ်ပြုခြင်း ဥပဒေကြမ်း - ၁၉၃၇ ခုနှစ်ကို ပြုစုခဲ့သူ ထိုစဉ်က တောင်ငူမဲဆန္ဒနယ် အောက်လွှတ် တော်အမတ် စောဂျွန်ဆင်ဒီဖိုးမင်းက ဥပဒေကြမ်း ရှင်းလင်းချက် အပိုဒ်-၂ အဆုံးတွင် ယခုကဲ့သို့ ဆိုထားသည်။
ကရင်အမျိုးသားများအတွက် အကြီးကျယ်ဆုံးသော နေ့ထူးနေ့မြတ် ဖြစ်သည့် နှစ်သစ်ကူးနေ့ကို တရားဝင် စတင်ကျင်းပခဲ့သည့် ၁၉၃၈ ခုနှစ်မှ ယခုနှစ်အထိဆိုလျှင် နှစ် ၈၀ ပြည့်ခဲ့ပြီး ဖြစ်သည်။
သို့သော် အဆိုပါ နေ့ထူးနေ့မြတ်နှင့် ပတ်သက်၍ ဝိရောဓိဖြစ်ဖွယ် ဖြစ်ရပ်တစ်ချို့ ယခုလအတွင်း အစပြု ပေါ်ပေါက်လာခဲ့သည်။
ပြည်ထောင်စုအဆင့် ကောက်သစ်စားပွဲတော်ကို လာမည့် ဒီဇင်ဘာ ၂၈ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ရွာ သစ်ကြီးကျေးရွာ၌ ပြုလုပ်သွားရန် တိုင်းအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက ဦးဆောင်ကာ မြို့ နယ်အသီးသီးရှိ စာပေနှင့် ယဉ်ကျေးမှုကော်မတီများ ပါဝင်သော ကျင်းပရေးကော်မတီကို အောက်တိုဘာ ၁၃ရက်နေ့က ဖွဲ့စည်း လိုက်သည်။
အလားတူ အိမ်မဲမြို့၌ပင် ဇန်နဝါရီ ၆ရက်နေ့တွင် ကျရောက်မည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဧရာဝတီတိုင်းဒေသကြီး အဆင့် ဆက်လက် ပြုလုပ်သွားမည် ဖြစ်သည်။ ထို့အတွက် ပြည်ထောင်စုအဆင့် ကောက်သစ်စားပွဲတော်သည် တရားဝင် သတ် မှတ်ထားသည့် နှစ်သစ်ကူးပွဲတော်ထက် ပိုအလေးပေးရသည့်သဘော ရေရှည်တွင် သက်ရောက်မှုရှိသွားမည်ကို ကရင်လူမှုအ သိုင်းအဝိုင်းတွင် စိုးရိမ်မှု ရှိနေကြသည်။
အဆိုပါ စိုးရိမ်မှုက အရှိန်မြင့်တက်လာခဲ့သည်။ နှစ်သစ်ကူးနှင့် ပတ်သက်၍ အစဉ်အလာ ကြီးမားသည့် ကရင်အမျိုးသား နှစ်သစ် ကူးပွဲတော်ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်)က နှစ်သစ်ကူး ကျင်းပရေး အခြေခံမူနှင့် ပတ်သက်၍ ဆွေးနွေးပွဲတစ်ခုကို အင်းစိန်မြို့နယ်၊ စိန့်ပီတာ၊ စိန်ပေါလ်ကျောင်း၌ အောက်တိုဘာ ၂၁ရက်နေ့တွင် ပြုလုပ်ရသည်အထိ ဖြစ်လာသည်။
ကော်မတီဥက္ကဌ အငြိမ်းစားပါမောက္ခ မန်းရွှေပြည်အေးက “ဒီကနေ့ ကျနော်တို့ ကရင်အမျိုးသားများအတွက် မသိမသာ ဝိဝါဒကွဲ ပြားနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်လာတယ်လို့ ယူဆလို့ရတယ်။ ကောက်သစ်စားပွဲနဲ့ နှစ်သစ်ကူး ဘယ်လိုများ စပ်ဆက်ပြီးတော့ တည်ရှိခဲ့သလဲ။ ကောက်သစ်စားပွဲဟာ ဒီကနေ့ ကရင်အမျိုးသားနှစ်သစ်ကူးရဲ့ အတိတ်က ပုံရိပ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီကောက် သစ်စားပွဲကို အခြေပြုပြီးတော့မှ နှစ်သစ်ကူးနေ့ကို တစ်ဆင့်တက်ပြီးတော့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်”ဟု ဆွေးနွေးပွဲတွင် ပြော ခဲ့သည်။
ထို့အတွက် နှစ်သက်ကူးနေ့နှင့် ကောက်သစ်စားပွဲတော်ကို သီးခြားစီ ဖဲ့ထုတ်၍ မရသလို ထပ်တူပြု၍ မရနိုင်သည့် အခြေအနေ မျိုးတွင် ရှိသည်ဟု မန်းရွှေပြည်အေးက ယခုလို ဆက်လက်၍ ရှင်းလင်းပြောဆိုသည်။
“ကရင်အမျိုးသား နှစ်သစ်ကူးကို ကျင်းပတိုင်း ယနေ့ထက်တိုင် ကြက်သား၊ ဘဲသား မချက်ပါဘူး။ ဘာပဲ စားသုံးလဲဆိုတော့ ကောက်ညှင်းပေါင်း ဒါ ကောက်သစ်စားပွဲရဲ့ ပြယုဒ်ပဲ။ ဒါကြောင့် ကရင်အမျိုးသားနှစ်သစ်ကူး ကျင်းပတိုင်း၊ ကျင်းပတိုင်း ကောက်သစ်စားပွဲကို တစ်ပြိုင်နက်ထဲ လုပ်ဆောင်ခဲ့ခြင်း ဖြစ်တယ်။ ကောက်သစ်စားပွဲွက သီးသန့်၊ နှစ်သစ်ကူးက သီးသန့် ဒီလို ဖဲ့ထုတ်လို့ မရတာဖြစ်တယ်။ သို့သော် ထပ်တူပြုလို့ မရဘူး ဆိုတာကတော့ ကောက်သစ်စားပွဲကို ကျနော်တို့က ရုံးပိတ်ရက်အ ဖြစ် သတ်မှတ်ခဲ့ခြင်း မရှိဘူး”ဟု ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ယခင်က ကောက်သစ်စားပွဲတော်ကို တခမ်းတနား ကျင်းပခဲ့ခြင်း မရှိခဲ့ဖူးကြောင်း ဒေသခံများက ဆိုသည်။ နှစ်သစ်ကူးတိုင်းအဆင့် ကျင်းပရာတွင်လည်း လူစုရန် ခက်ခဲသည်။ အများစုက မိမိတို့မြို့ရွာတို့၌သာ နှစ်သစ်ကူး ကျင်းပလိုသည်။ ထို့အတွက် စည်စည်ကားကား ဖြစ်စေလိုသဖြင့် လူစုရလွယ်ကူရန် ကောက်သစ်စားပွဲကို ယခုလို စီစဉ်ရခြင်း ဖြစ်သည်ဟု ယင်းကောက်သစ်စားပွဲ ဖြစ်မြောက်ရေး အဓိကသွားရောက်ကူညီ စီစဉ်နေသူ စောဘိုဘိုဝေမောင်က ဆိုသည်။
၎င်းက “မြို့နယ်တိုင်း အားလုံး ပါဝင်တဲ့ပွဲတစ်ခု လုပ်ချင်တယ်။ အဲ့တော့ နှစ်သစ်ကူးနေ့မှာ လုပ်မယ်ဆိုရင် ကိုယ့်မြို့နယ်မှာ ကိုယ်လုပ်ကြမှာမို့လို့ လူတိုင်း မတက်လာနိုင်ဘူး။ အောက်ခြေကလည်း မပေးနိုင်ဘူးလို့ ပြောတာရှိတယ်။ အဲ့တော့ နှစ်သစ်ကူး ထက် စောလုပ်မယ်ဆိုတဲ့အမြင်မျိုး ဆွေးနွေးရင်းနဲ့ တက်လာတယ်။”ဟု ဆိုသည်။
သူသည် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်သည့် တိုင်းစာယဉ်ကော်မတီ၏ တွဲဖက်-အတွင်း ရေးမှူး ဖြစ်သလို ပြီးခဲ့သည့် သြဂုတ်လ ၂၈ရက်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီးအဆင့် ကရင်ရိုးရာလက်ချည်ပွဲကို လူငယ် များအား အဓိက ဦးဆောင်လုပ်ကိုင်ခဲ့သူဖြစ်ပြီး နောက်ပိုင်းတွင် အဆိုပါလူငယ်များကို စုစည်းကာ ရန်ကုန်ကရင်လူငယ်အဖွဲ့ကို ဖွဲ့စည်းလိုက်သည်။
နှစ်သစ်ကူး ဗဟိုကော်မတီက အောက်တိုဘာ ၂၁ရက်နေ့တွင် ပြုလုပ်သည့် နှစ်သစ်ကူး အခြေခံမူဆွေးနွေးပွဲ အခမ်းအနားတွင် “ကျနော်တို့ကတော့ ဒီနေ့တက်ရောက်တဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေ၊ လူကြီးသူမတွေကလည်း ပြောတယ်။ ကျနော်တို့က တော့ လုံးဝ ထောက်ခံတယ်။ လုပ်ပြီးတော့ စည်းလုံးညီညွတ်မှု ပြိုကွဲတာမျိုး မဖြစ်သင့်ဘူး”ဟု စောဘိုဘိုဝေမောင်က သူ့အမြင် ကို တင်ပြဆွေးနွေးခဲ့သေးသည်။
ယခုလို ဧရာဝတီတိုင်းဒေသကြီးတွင် ပထမဦးဆုံးအကြိမ် ပြည်ထောင်စုအဆင့် ကောက်သစ်စားပွဲ ပြုလုပ်မည့်အပေါ် ကန့်ကွက် လိုသည့် သဘောထားမရှိသော်လည်း ကရင်တစ်မျိုးသားလုံး သမိုင်းအစဉ်အလာအရ တန်ဖိုးထားသည့် နှစ်သစ်ကူးနေ့ထက် ကောက်သစ်စားပွဲက ပိုအရေးကြီးသည့်ပုံစံမျိုး ဖြစ်နေသည်ကို လက်မခံနိုင်ဘဲ တစ်ရက်တည်း ကျင်းပစေလိုသည်ဟု ကရင်နှစ် သစ်ကူးကျင်းပရေး ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး မန်းသန်းဝင်းဦးက ကေအိုင်စီသို့ ပြောဆိုသည်။
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် နော်ခရစ္စထွန်းက ယခုလို ရိုးရာယဉ်ကျေးမှုကို ပြန် လည် ဖော်ထုတ်သည့် ပွဲတော်များ၊ အခမ်းအနားများကို အားပေးဂုဏ်ယူကြောင်း၊ ခေါင်းစဉ်တစ်ခုအပေါ် ကရင်လူမျိုးအချင်းချင်း စိတ်ဝမ်းကွဲမှုဖြစ်လာမည်ကို စိုးရိမ်သည်ဟု မှတ်ချက်ပြု ပြောသည်။
သူမက “လက်ချည်ပွဲဖြစ်ဖြစ်၊ ဘာပွဲပဲဖြစ်ဖြစ် ခေါင်းစဉ်အကြီးကြီးထားပြီးတော့ ထည်ထည်ဝါဝါ လုပ်တာထက် အနှစ်သာရက ပိုအရေးကြီးတယ် မဟုတ်ဘူးလား။ ကိုယ့်လူမျိုးရဲ့ တရားဝင် အများပြည်သူ ရုံးပိတ်ရက်ရထားတဲ့ နှစ်သစ်ကူးနေ့ကို မထိခိုက် လာဘူးလို့ ပြောလို့မရဘူး။ တကယ်တမ်း နိုင်ငံတော် အသိအမှတ်ပြုထားတာ နှစ်သစ်ကူးပွဲကိုလေ။ ကောက်သစ်စားပွဲက ရုံး ပိတ်ရက်လည်း မဟုတ်ဘူးလေ။ ရိုးရာဓလေ့တစ်ခုကို လုပ်တာပဲလေ။ ပြည်ထောင်စုအဆင့် ခေါင်းစဉ်ကြီးတပ်တာတော့ မကောင်းတာ အမှန်ပဲ။”ဟု ပြောသည်။
ယင်းကောက်သစ်စားပွဲကို စည်စည်ကားကားဖြင့် ပြည်ထောင်စုအဆင့် ပွဲတော်ကြီး ပြုလုပ်လိုသည့်အတွက်ဟု စီစဉ်သူများက ပြောဆိုနေကြသလို နှစ်သစ်ကူးပွဲတော်၏တန်ဖိုး ထိခိုက်မည်ကို မလိုလားဟု ဆိုသည့် ဘက်နှစ်ဖက်အကြား အကျိုးရလဒ်အနေ ဖြင့် စည်းလုံးမှု ပြိုကွဲသွားမည်ကို ဒေသအသီးသီးရှိ ကရင်အမျိုးသားအချို့ကလည်း စိုးရိမ်မှုရှိနေကြသည်။
၂၀၁၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၅၄ (ဃ)တွင် တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး၊ သို့မဟုတ် တိုင်းရင်းသားလူမျိုးအ ချင်းချင်းကိုလည်းကောင်း၊ အခြားဘာသာ သာသနာကိုလည်းကောင်း ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိသည်ဟု ဖော်ပြ ထားသည်။
ဆိုလိုသည်မှာ မိမိတိုင်းရင်းသားလူမျိုး အချင်းချင်းတွင် ထိခိုက်နစ်နာမှု မရှိမှသာ စသည်တို့ကို လုပ်ပိုင်ခွင့်ပေးမည့်သဘော ဖော် ပြထားသလိုဖြစ်ပြီး အငြင်းပွားဖွယ် ကိစ္စရပ်များကိုမူ သတိပြု လုပ်ဆောင်ရမည်ဖြစ်သည်။
စည်းလုံးညီညွတ်ရေးနှင့်ပတ်သက်၍ ဗဟိုကော်မတီ ဥက္ကဌ မန်းရွှေပြည်အေးက အဓိပ္ပါယ်ဖွင့်ဆိုသည်မှာ “ကရင်လူမျိုးတို့ရဲ့စည်း လုံးညီညွတ်မှုကို ဖြစ်စေသော စိတ်ဓါတ်သည် ကရင်အမျိုးသားရေးစိတ်ဓါတ်၊ ကရင်အမျိုးသားများရဲ့ စည်းလုံးညီညွတ်မှုကို ပြို ကွဲစေသော စိတ်ဓါတ်သည် ကရင့်အမျိုးသားရေးစိတ်ဓါတ် မဟုတ်ဘူး။ အားလုံးပဲ ဒီကနေ့ ကရင်အမျိုးသားရေးစိတ်ဓါတ် ပြည့်စုံ ပြီးတော့ စည်းလုံးညီညွတ်မှု ပြိုကွဲမှု မဖြစ်ရအောင် နှိုင်းနှိုင်းယှဉ်ယှဉ် စဉ်းစဉ်းစားစား လုပ်ပေးသင့်ပါတယ်။”ဟု ပြောသည်။
နိုင်ငံတော်အဆင့် ပွဲတော်တစ်ခု ကျင်းပမည်ဆိုလျင် ကျပ်သိန်း ရာထောင်ချီ သုံးစွဲရမည်ဖြစ်သည်။ ထို့အပြင် အချိန်၊ လူအင်အား စသဖြင့် ပေးဆပ်မှုများစွာလိုသလို လူစည်ကားသည်ထက် ယဉ်ကျေးမှုပွဲတော်၏ အနှစ်သာရ၊ ကိုယ့်အမျိုးသားအချင်းချင်း စိတ် ဝမ်းကွဲမှု မရှိရေးကို အဓိက ထားလုပ်သင့်သည်။ ထိုသို့ မဟုတ်ဘဲ အငြင်းပွားမှု၊ စည်းလုံးညီညွတ်မှုထိခိုက်ပြီး ကိုယ့်ပေါင်ကိုယ် လှန်ထောင်းရသည့် ဖြစ်ရပ်မျိုး မဖြစ်သင့်ဟု ယူဆမိသည်။
ထို့အတွက် ပါမောက္ခမန်းရွှေပြည်အေးက မည်သူ့ကိုမှ အနှောက်အယှက်မပေးဘဲ ကိုယ့်ဖာသာကိုယ် အရက်သောက်သည် ဆိုသော်လည်း အရက်က ကိုယ့်ကျန်းမာရေးကို ပြန်ထိခိုက်စေကြောင်း သတိပြုရမည်ဟု ဥပမာ ပေးသည်။ ထို့ကြောင့် မိမိတို့ ရိုး ရာဓလေ့ပွဲတော်ကို စည်းလုံးညီညွတ်မှုဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရန် ပြန်ဖော်ထုတ်ရာတွင် ဒေသတစ်ခုတည်းကို တည်မှီနေ ခြင်း မဖြစ်စေဘဲ သက်ဆိုင်ရာ လူမျိုးစုတစ်ခုကို လှည်းနေလှေအောင်း မြင်းစောင်းမကျန် ကိုယ်စားပြုနိုင်စေရေး ဦးဆောင်သူ များ အချင်းချင်း အမျိုးသားရေး လက္ခဏာ၊ လူမျိုးတစ်မျိုး၏တန်ဘိုးနှင့် ဂုဏ်သိက္ခာကို ငဲ့ညှာကာ အကျေအလည် ထိန်းသိမ်းညှိ နှိုင်း လုပ်ဆောင်သွားကြစေလိုပါသည်။