ချီဖွေပြည်သူ့ဆေးရုံုတွင် ဆေးဝါးများ လိုုအပ်နေ

ချီဖွေပြည်သူ့ဆေးရုံုတွင် ဆေးဝါးများ လိုုအပ်နေ
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
ကချင်ပြည်နယ် မြောက်ပိုင်းချီဖွေမြို့ရှိ ပြည်သူ့ဆေးရုံတွင်ဆေးဝါးများအထူးလိုအပ်နေ သည်ဟုသိရသည်။

ချီဖွေပြည်သူ့ဆေးရုံတွင် ၀မ်းပျက်ဝမ်းလျှော၊ အအေးမိ၊ ချောင်းဆိုး၊ တုတ်ကွေး၊ပန်းနာရင်ကြပ်၊ အရေပြားရောဂါ အစရှိသည့်ရောဂါများအဖြစ်များသည့်အတွက် ၎င်းရောဂါများနှင့်သက်ဆိုင်သည့် ဆေးဝါးများ အထူးလိုအပ်နေခြင်းဖြစ်သည်။

“ဘယ်လိုဆေးဝါးလိုအပ်လဲဆိုတော့ ဒီမှာကျတော့မြို့နဲ့လည်းမြစ်ကြီးနားမြို့နဲ့ပေါ့နော် အရမ်းဝေးတဲ့အခါကျတော့ ဆေးဝါးတွေကတော့ လိုအပ်တာတော့အမှန်ပဲနှာစေး၊ ချောင်းဆိုး ဖြစ်တာတွေကအစ ရင်ကြပ်တာတွေကအစပေါ့နော ကလေးတွေအတွက်ဆိုတော့ တော်တော်လေးလိုအပ်တယ်ရှင့်။ကလေးတွေကများသောအားဖြင့် သူက IDPs လေ၊ Refugee Camp လည်းရှိတော့လေအများ ဆုံးလာဖြစ်တယ် ဆေးရုံကို”ဟု ချီဖွေပြည်သူ့ဆေးရုံမှ သူနာပြုဆရာမကြီးဒေါ်အိအိဖြူမှပြောသည်။

အလားတူ မွေးလူနာများနှင့်သက်ဆိုင်သည့် ဆေးဝါးများလည်း လိုအပ်လျက်ရှိသည်ဟု သိရသည်။

ချီဖွေပြည်သူ့ဆေးရုံတွင် လတ်တလောအနေအထားအရ လူနာများအားခွဲစိတ်ကုသရန် ပစ္စည်းကိရိယာအစုံအလင်မရှိသောကြောင့် အဆင်မပြေသည့်အတွက် ခွဲစိတ်ကုသရမည့် လူနာများသည် မြစ်ကြီးနားဆေးရုံကြီးသို့ သွားရောက်ခွဲစိတ်ကုသနေရကြောင်းသိရသည်။

မိမိအနေဖြင့် ဧပြီလအတွင်းမှ ချီဖွေပြည်သူ့ဆေးရုံသို့ ရောက်ရှိလာခြင်းဖြစ်ပြီးယခင်နှစ်တွင် ဆေးဝါးလုံလောက်မှု ရှိမရှိမသိရသလို မည့်သိုဖြေရှင်းကြကြောင်း အခြေအနေကိုမသိရှိရသော်လည်း ယခုနှစ်အတွင်း ဆေးဝါးလုံလောက်မှု မရှိကြောင်း၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ဆေးဝါးထောက်ပံ့မှုအခြေအနေများ မည်သို့ လုပ်ဆောင်ပေးနေသည်ကိုလည်း မိမိအနေဖြင့် အတိအကျ မသိရကြောင်းဒေါ်အိအိဖြူမှ ဆက်ပြောပြသည်။

ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ဆေးဝါးထောက်ပံ့မှုအခြေအနေ မည်ကဲ့သို့ရှိသည်ကိုသိရှိနိုင်ရန် တာဝန်ခံ ဆရာဝန်အား မေးမြန်းရန် ကြိုးစားခဲ့သော်လည်း တာဝန်ခံ ဆရာဝန်မှာ ချီဖွေမြို့နယ်အတွင်းရှိကျေးရွာများသို့ ကာကွယ်ဆေးသွားရောက် တိုက်ကျွေးနေသည့်အတွက် အခြေအနေကိုမေးမြန်းခွင့်မရခဲ့ပေ။

ဆေးရုံတွင် ဆေးဝါးများ မလုံလောက်မှုကြောင့် ဆေးရုံသို့လာရောက် ကုသသောလူနာများအနေဖြင့် ပြင်ပဆေးဆိုင်များတွင်သာ ဆေးဝါးများ ၀ယ်ယူကာ ကုသနေရသည့်အတွက် မိမိတို့အနေဖြင့် အလွန်ခက်ခဲနေသည်ဟုဒေသခံများကပြောသည်။

“တစ်ရက်ကျမတူလေးနေမကောင်းလို့ ဆေးရုံသွားလိုက်တဲ့အချိန်မှာတူလေးက ၀မ်းပျက်ဝမ်းလျှောဖြစ်ပြီးမှ အန်လည်းအန်တယ် အဲဒီအချိန်မှာဆရာမတို့ကိုနေမကောင်းတဲ့ အကြောင်းပြောပြတဲ့ အချိန်မှာဆရာမက ဆေးဝါးမရှိဘူး ကလေးအတွက် သောက််ဆေးမရှိဘူးလို့ ကျမကိုပြောခဲ့ပါတယ်။ နောက်ပြီးမှ ကျမကို အပြင်မှာသွားဝယ်ပါဆိုပြီး မှ ကျမကိုပြောပြီးမှ လွှတ်လိုက်ပါတယ်။ ဆေးမရှိဘူးဆိုတော့ ကလေးဝမ်းပျက်ဝမ်းလျှောကအရေးကြီးတဲ့အချိန်မှာဆေးတစ်မျိုးတောင် မရှိဘူးဆိုတော့  အဲဒီချိန်မှာကျမစိတ်ထဲမှာကျတော့ တော်တော်လေးခံစားမိပါတယ်။ ဘာကြောင့်လဲဆိုတော့ မြို့နယ်တစ်ခုဆိုတော့ ကလေးလူကြီးလူငယ် ဆေးရှိမယ် ဆိုပြီးမှ ကျမအားကိုးတကြီးနဲ့ ရောက်ခဲ့တာ၊ အဲဒီချိန်မှာဆရာမကဒီလိုပြောခဲ့တဲ့အချိန်မှာ ကျမစိတ်ထဲမှာမြို့နယ် ရွာတိုင်းပေါ့နောရွာကလာတဲ့လူတိုင်းဒီလိုပဲခံစားရမှာပဲ။”ဟုချီဖွေမြို့ ဒေသခံတစ်ဦးကပြောသည်။

ယခင်အချိန်များတွင် ချီဖွေပြည်သူ့ဆေးရုံမှ ဆေးဝါးများကို ဆေးရုံတွင် အသုံးမပြုပဲဆေးရုံရှိ ၀န်ထမ်းအချို့မှ ကိုယ်ပိုင် ဆေးဆိုင်ဖွင့်ကာ ဆေးဝါးများကို ဒေသခံများအား ပြန်လည် ရောင်းချခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်ဟုဒေသခံများကပြောသည်။

ချီဖွေမြို့သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်မြို့တစ်မြို့ဖြစ်ပြီးဆေးရုံဝန်ထမ်းမလုံလောက်မှု၊ ဆေးဝါးမလုံလောက်မှု၊ ဆေးကုသရန် ခွဲစိတ်ရန် ပစ္စည်းကိရိယာမလုံလောက်မှုတို့ ကြောင့် ဒေသခံများသည် မြစ်ကြီးနားမြို့ အထိလာရောက် ဆေးကုသမှုများကို ပြုလုပ်နေရသည်ဟုသိရသည်။

ချီဖွေပြည်သူ့ဆေးရုံသည် လူနာကုတင် ၂၅ ကုတင် ၀င်ဆံ့သည့် ဆေးရုံဖြစ်ပြီးကျန်းမာရေး ၀န်ဆောင်မှုများကို တာဝန်ခံ ဆရာဝန် အပါအဝင် ကျန်းမာရေးဝန်ထမ်း ၁၀ ယောက်ခန့်သာ တာဝန်ထမ်းဆောင် ၀န်ဆောင်မှု ပေးနေသည်။

Most read this week

October 2, 2024
ကရင်နီပြည်နယ်တွင် ကုန်းစျေးနှုန်းများ အဆမတန် မြင့်လာသောကြောင့် စစ်ဘေးရှောင်များနှင့် ဒေသခံများ...
September 25, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ရေဆက်ကြီးနေသည့်အတွက် စစ်ဘေးရှောင်များနှင့် ဒေသခံများ၏ နေထိုင်စား...
September 24, 2024
စစ်မှုထမ်းရန် စုဆောင်းခြင်း ခံထားရသည့် အမျိုးသမီးများသည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ စားသောက်...
September 23, 2024
ရေကြီး တောင်ပြိုသည့် အချို့သော ပအိုဝ်းဒေသများတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီများ...