ရေဆက်ကြီးနေသော လွိုင်ကော်တွင် စစ်ရှောင်နှင့် ဒေသခံများ စားဝတ်နေရေး ပိုမိုခက်ခဲလာ

ရေဆက်ကြီးနေသော လွိုင်ကော်တွင် စစ်ရှောင်နှင့် ဒေသခံများ စားဝတ်နေရေး ပိုမိုခက်ခဲလာ

ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ရေဆက်ကြီးနေသည့်အတွက် စစ်ဘေးရှောင်များနှင့် ဒေသခံများ၏ နေထိုင်စား သောက်ရေး ပိုမိုခက်ခဲလာနေသည်ဟု ဒေသခံများနှင့် အကူအညီပေးနေသူများ က ပြောသည်။

စစ်ကောင်စီက မိုးဗြဲရေကာတာ ဖွင့်ချခဲ့သည့်အပြင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်လည်း လွိုင်ကော်မြို့ တွင် ရေလွှမ်းမိုးခဲ့ပြီး လက်ရှိအချိန်ထိ ရေကျသွားခြင်းမရှိဘဲ ဆက်လက်မြင့်တက်လာနေသည်ဟု ဒေသခံများ နှင့် အကူအညီပေးနေသူများက ပြောသည်။

နန်းမယ်ခုံမြို့နယ် ပူးပေါင်း အုပ်ချုပ်ရေး ကော်မတီ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ အမျိုးသမီးက “ရေကာတာ စဖွင့် ကတည်းကပဲ အခုထိပဲ ရေကျလာတာ မရှိဘူးနော်။ အဲ့ကြောင့်မို့လို့ ရေက အခုဆိုလို့ရှိရင် ရေကတော့ ၁၂ ပေ ကျော် အခုဆိုလို့ရှိရင် ၁၃ ပေ၊ ၁၄ ပေလောက် ရောက်နေပြီ ထင်တယ်။ အရင်တစ်ရက် နှစ်ရက် အစ်မတို့ သွားတုန်းဆို ၁၂ ပေကျော် ရောက်နေပြီပေါ့နော်။ ရေကတော့ တစ်ရက်တစ်ရက် ဆိုလို့ရှိရင် ၆ လက်မ တက်လာတယ်ပေါ့နော်။ ရေကတော့ ကျတာမျိုး မရှိဘူး။ ပိုပြီး တက်လာတာပဲ ရှိတယ်ပေါ့နော်။ အရင် တုန်းကဆို ဘုရားဖြူ၊ ဘုရားနီ၊ ဖောင်းတောပဲ ရေကြီးတယ်ပေါ့နော်။ အခုဆို လွိုင်ကော်မြို့ပေါ်ထိ ရေကြီး လာ တယ်။ အခုဆိုလို့ရှိရင် နန်းစံခမ်းအောက် အထိတောင် ရေကြီးလာတယ်ပေါ့နော်”  ဟု ပြောသည်။

မိုးဗြဲအခြေစိုက် စစ်ကောင်စီ၏ ခမရ ၄၂၂ တပ်ရင်းမှ ဇူလိုင်လ (၂၅) ရက်နေ့က မိုးဗြဲရေကာတာ တံခါးကို ဖွင့်ချခဲ့ သည်။

ထိုသို့ ဖွင့်ချခဲ့သောကြောင့် ဘီလူးချောင်း ရေမြင့်တက်လာပြီး လွိုင်ကော်မြို့အတွင်းသို့ ရေဝင်ရောက်ရာမှ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ လက်ရှိအချိန်အထိ ရေပြန်လည် ကျသွားခြင်းမရှိဘဲ ထပ်မံ မြင့်တက် လာနေသည့်အတွက် ဒေသခံများ အခက်အခဲနှင့် ကြုံနေကြရသည်ဟု ဆိုသည်။

လက်ရှိတွင် လွိုင်ကော်မြို့ရှိ ပိုးစာခြံရပ်ကွက်၊ ဒေါနိုးကူး၊ မှုံပြာ၊ ဘုရားဖြူ၊ ဘုရားနီ၊ ပလဖ၊ ကယားညေးခူ၊ ဖောင်းတော၊ ဒေါပေါ်ကလဲ (ရွာကြီး/ရွာငယ်)၊ ဒေါဆော်လိနှင့် နန်းစံခမ်း စသည့် ကျေးရွာ၊ ရပ်ကွက်များတွင် ရေကြီးနေသည်ဟု ဒေသခံများက ပြောသည်။

ကျေးလက်မြေအဖွဲ့မှ ဦးဇော်မင်းထိုက်ကလည်း “ရေက လုံးဝကို ကျမသွားဘူး။ တိုးလာ ပါတယ်။ ဘာ့ကြောင့် တိုးလာ လဲဆိုတော့ ဒီမြန်မာနိုင်ငံ နေရာ တော်တော်များများက နေစီးဆင်းလာတဲ့ ရေက အင်းလေးကန်ထဲကို ရောက်တယ်။ အဲဒီ အင်းလေးကန်ထဲမှာ ရေလျှံတဲ့အတွက် ဖောက်ချလိုက်တော့ မိုးဗြဲဆည်ကို ရောက်ပါတယ်။ ဒီမိုးဗြဲဆည်ကနေပြီးတော့ ဖောက်လိုက်တဲ့ ရေက ဘီးလူးချောင်း တစ်လျှောက်မှာ အကုန်စီးဆင်းပြီးတော့ ဒီမြို့ ပေါ် ရပ်ကွက်တွေ ဖြစ်တဲ့ ဒီရပ်ကွက် နေရာအနှံ့အပြားမှာ ဘီးလူးချောင်းဘေးမှာ ရှိတဲ့ နေရာအနှံ့အပြားမှာ ရေကြီးနေတယ်ပေါ့နော်” ဟု ပြောသည်။

မိုးဗြဲရေကာတာ ဖွင့်ချခဲ့မှုနှင့်အတူ မြန်မာနိုင်ငံ၌ ရာဂီမုန်တိုင်း အဖျားခတ်ပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဘီးလူးချောင်းရေမှာလည်း ထပ်မံ မြင့်တက်လာနေပြီး လွိုင်ကော်မြို့ပေါ် ရပ်ကွက် တစ်လျှောက်ရှိ ဒေသခံ  ပြည်သူများ ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းနေကြရသည်ဟု ဦးဇော်မင်းထိုက်က ဆက်ပြောသည်။

“သူတို့တွေကတော့ ရွာမှာနေလို့ကို မရတော့ဘူးပေါ့နော်။ ရွာမှာ နေလို့မရတဲ့အတွက် သူတို့က သူတို့ရဲ့ စိုက်ပျိုး ထားတဲ့ စပါးခင်းတွေ၊ တောင်ယာတွေ နောက်ငါးကန်တွေ၊ ဒီကြက်ခြံတွေ တော်တော်များများ အားလုံးက မြေပြင်ကနေ ရေပြင်ဖြစ်သွားတဲ့အတွက် သူတို့မှာ အခက်အခဲတွေတော့ အများကြီးရှိပါတယ်ပေါ့နော်။ သူတို့ က ရွာမှာနေလို့ မရတဲ့အတွက် သူတို့နဲ့ နီးစပ်ရာ ဆွေမျိုးသားချင်း သို့မဟုတ် ခင်မင်ရင်းနှီးတဲ့ သူတွေဆီမှာ ပြောင်းရွှေ့နေထိုင် ရပါတယ်။ နေရာအနှံ့မှာပေါ့နော်။”

လွိုင်ကော်မြို့အတွင်းက ကျေးရွာ ၃ ရွာနှင့် စစ်ဘေးရှောင်စခန်း တစ်ခုတွင် ရေဘေးသင့် ပြည်သူ ၅,၀၀၀ ခန့် ရှိနေပြီး ရေလွှမ်းမိုးမှု ခံနေရသောကြောင့် ဒေသခံများ စိုက်ပျိုးထားသည့် လယ်ယာစပါး ဧက ၃,၀၀၀ ကျော် ပျက်စီး ဆုံးရှုံးသွားသည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က စက်တင်ဘာလ ၁၄ ရက် နေ့က ထုတ်ပြန်ထားသည်။

ထို့အတူ ဒီးမော့ဆို မြို့နယ်အတွင်းက ရေဘေးသင့် ကျေးရွာနေ ပြည်သူများ အပါအဝင် စစ်ရှောင်ပြည်သူ ၁၀,၀၀၀၊ ဖယ်ခုံမြို့နယ်တွင် စစ်ဘေးရှောင်စခန်း (၃) ခုမှ လူဦးရေ ၂,၆၀၀ ကျော်၊ ဖရူဆိုမြို့ အတွင်းတွင် လူဦးရေ ၁၀,၀၀၀ ခန့်၊ ရှားတောမြို့နယ် (ခ) ဆိုမိုပရေဆိုးလေး မြို့နယ်တွင် လူဦးရေ ၁,၃၀၀ ကျော် ရေဘေးဒဏ်သင့်နေ ကြသည်။

ထို့အပြင် ရေလွှမ်းမိုးခံရမှုကြောင့် စစ်ဘေးရှောင်များနှင့် ဒေသခံပြည်သူများမှာ အရေးပေါ်ရွှေ့ပြောင်းနေရပြီး စပါးစိုက်ခင်းများ၊ အခြား စိုက်ပျိုးထားသည့် ကောက်ပဲသီးနှံနှင့် နှမ်းစိုက်ခင်းများ ပျက်စီး ဆုံးရှုံးသွားသည့် အတွက် အကူအညီများ လိုအပ်နေသည် ဟု (IEC) က ပြောသည်။

ရေဘေးရှောင်နေသူများ အတွက် ဆန်၊ ဆီ၊ ဆား စသည့် အခြေခံ စားနပ်ရိက္ခာများအပြင်  ပြန်လည် ထူထောင် ရေး အတွက် အိုးခွက်၊ ပန်းကန်၊ အမိုးအကာများ၊ အမျိုးသမီး အသုံးအဆောင် ပစ္စည်းများနှင့် ဆေးဝါး ပစ္စည်း များလည်း အဓိက လိုအပ်နေသည်ဟု အကူအညီပေးနေသူများက ပြောသည်။

 

Most read this week

September 24, 2024
စစ်မှုထမ်းရန် စုဆောင်းခြင်း ခံထားရသည့် အမျိုးသမီးများသည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ စားသောက်...
September 23, 2024
ရေကြီး တောင်ပြိုသည့် အချို့သော ပအိုဝ်းဒေသများတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီများ...
September 19, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့က...
September 18, 2024
အောက်တိုဘာလ ၁ ရက်နေ့က စတင်ပြီး ထိုင်းနိုင်ငံတစ်ဝန်း အလုပ်သမား ၂၀၀ အထက် လုပ်ငန်းများရှိ...