မိုးညနေခင်းဖြစ်၍ တိမ်စိုင်မဲအဆုပ်လိုက် လေနှင်ရာ ဟိုဒီတစ်စမျောလွင့်နေပါသည်။ တစ်နှစ်ထက်တစ်နှစ် တိုး၍ဖောက်ပြန်လာသော ဥတုရာသီနောက် ရှင်သန်ရသည့်သက်ရှိများမှာ စိုးထိတ်မှုများစွာနှင့်။ မွန်းကြပ်မှုအောက် အစိုးမရတဲ့စိတ်သည် ဖမ်းဆုပ်ရန် ပိုမိုခက်ခဲနေတတ်သည်။ စိတ်အလိုမကျမှုကြား ဘဝကိုပျော်ရွှင်အောင် ဖန်တီးနေထိုင်ခြင်းသည် စိတ်ထွက်ပေါက်ပေးမှု တစ်ခုပင်ဖြစ်သည်။
မိုးညနေခင်းသည် လွမ်းစရာအငွေ့အသက်များ ပြည့်နှက်နေသည်။ အောက်ပြည်အောက်ရွာ ဝါဆိုမိုးသည် ဘောင်ဘင်ခတ်သည့်တိုင် သည်းမည်းစွာ ရွာသွန်းတတ်သည်။ ဝါဆိုမိုးနှင့်အပြိုင် အဆိုတော် "ခိုင်ထူး" ၏ "သိဟ်ရာသီ ဝါခေါင်မိုးနဲ့လှမ်းလာခဲ့တော့ ခတ္တာရေ" ခတ္တာတေးသီချင်း တစ်ပိုင်းတစ်စကို တိုးတိုးလေး ညည်းဆိုမိသည်။ ယခုတစ်လော မြို့ကို လွမ်းဆွတ်တမ်းတသည့်အကြောင်း ကျွန်တော့်စိတ်တွင် ပိုမိုနေရာယူနေသည်။ မုဒုံမြို့နှင့်ပတ်သတ်သည့် အမှတ်တရစာတစ်ပုဒ် ရင်ဘတ်ထဲမှ ကျွန်တော် ဆွဲထုတ်ချင်လာမိသည်။ ထို့ကြောင့် ငယ်ဘဝအမှတ်ရချက်နှင့်အတူ မြို့အလွမ်းပြေစာစုလေး ရေးဖြစ်ခဲ့ပါသည်။
အမှန်စင်စစ် ကျွန်တော်သည် မုဒုံသားတစ်ယောက် မဟုတ်ပါ။ သို့သော် မုဒုံမြို့၌ ကျွန်တော့်၏အချိန်အတော်များများ ကုန်လွန်ခဲ့သည်။ မုဒုံရင်ခွင်ကိုခိုလှုံ၍ အိပ်မက်များပုံဖော်ရန် ကြိုးစားခဲ့သည်။ မုဒုံညများကို စက်ဘီးတစ်စီးဖြင့် ဖြတ်သန်းစီးမျောဖူးသည်။ စာအုပ်အငှားဆိုင် ယဉ်ကျေးမှုနှင့်အတူ စာပေနှင့်ထိတွေ့ခွင့် ရခဲ့သည်။ လက်ဖက်ရည်ဆိုင်ထိုင်ခြင်း ဝိသေသများအကြောင်း နားလည်ခဲ့သည်။ မုဒုံမြို့လမ်းမပေါ် စိတ်လေလွင့်လျက် အိပ်မက်များ ကျပျောက်ခဲ့ဖူးသည်။
ကျရှုံးမှုများစွာဖြင့် လဲကျ၍ပြန်မထနိုင်သည့် အခိုက်အတန့်များလည်း ကြုံခဲ့ဖူးသည်။ ယိုင်နဲ့သောခြေလှမ်းဖြင့် ရေဆန်ကို ဆန်တက်ခဲ့ဖူးသည်။ ကျရှုံးမှုအတွက် မခံချင်စိတ်ကို တွန်းအားအဖြစ်မွေးဖွား အရှုံးနွံမှရုန်းထခဲ့သည်။ ပြန်လည်တည့်မတ် လမ်းထလျှောက်နိုင်ခဲ့သည့် အတိတ်ကန့်လန့်ကာပေါ်က ပုံရိပ်ဟောင်းများသည် ဆယ်စုနှစ်တစ်ခုတိုင်ခဲ့ပြန်ပေါ့။
ကျွန်တော် ထိန်းချုပ်နယ်မြေတွင် မွေးဖွားခဲ့သော်လည်း မုဒုံ၌ရှိနေချိန်သည် ရွာတွင်နေရသည်ထက် ပိုပါသည်။ ယနေ့ထိ ကျောင်းတက်ခဲ့သည့်ကာလများ၊ တခြားအလုပ်ကိစ္စနှင့်ရှိနေချိန်တွင် မုဒုံသည် ကျွန်တော့်၏ ဒုတိယအိမ်ဖြစ်ခဲ့သည်။ ဆယ်စုနှစ်တစ်ခုကျော် ဖြတ်သန်းခဲ့ပြီးဖြစ်သောကြောင့် မုဒုံနှင့်ပတ်သက်၍ အမှတ်တရများ ပြည့်နှက်လျက်။ အဖြူ၊ အစိမ်း ကျောင်းသားဘဝ၏ အစိမ်းရောင်နေ့စွဲအောက် အမှတ်ရချက်များ။ မုဒုံမြို့၏ ညပုံရိပ်များသည် မျက်ကြည်လွှာပေါ် တရိပ်ရိပ်ပြေးလွှားလျက် ခေတ်ဟောင်း အဖြူ၊ အမည်းရုပ်ရှင် ပြနေသကဲ့သို့ပင်။
မုဒုံမြို့ဆီသို့ ရင်ခုန်တတ်စ လူပျိုဖော်ဝင်စအရွယ်တွင် နယ်မှကျောင်းတက်ဖို့ရောက်ခဲ့သည်။ တစ်ဖက်ပိတ် ပညာရေးစနစ်ကြီးအောက် စက်ရုပ်လူသားဆန်ဆန် ဖြတ်သန်းခဲ့ကြသည်။ သမာရိုးကျ လမ်းဟောင်းကြီးအတိုင်း နင်းလျှောက်ခဲ့ကြသည်။ မုဒုံရင်ခွင်၌ သူမသိကိုယ်ကြိုက်ဇာတ်လမ်းတွေ၊ တိတ်ဆိတ်စွာမြိုသိပ်လိုက်ရသည့် တစ်ဖက်သတ်အချစ်များ မွေးဖွားဖူးခဲ့သည်။ အသည်းကွဲဖီလင်ကို ဇွတ်အတင်းထည့် ကဗျာလိုလို ဒိုင်ကြောင်ရည်းစားစာများ ဒိုင်ယာရီမှတ်စုစာအုပ်ထဲ ရေးခြစ်ဖူးခဲ့သည်။ စာအိပ်အပြာများ လွယ်အိပ်ထဲထည့်သည့် ကာလများဖြစ်သည်။ တစ်ဖက်ကျောင်းသူမှ မကျေနပ်လို့ ဆရာများဆီတိုင်ကြားလျှင် အရှက်ဖြန်းဖြန်း ကွဲခဲ့ဖူးသည်။
ညနေတိုင်း ရပ်ကွက်ပေါင်းစုံဘောလုံးပွဲတွင် အရိုင်းဆန်ဆန် အော်ဆဲခဲ့ကြသည်။ ဘောလုံးပွဲကို အကြောင်းပြုလျှက် (PS-2) ဘောလုံးဂိမ်းများ ကျောင်းပြေးကစားခဲ့ကြသည်။ (PS-2)ဂိမ်းဆိုင်များက ရပ်ကွက်အနှံ့။ (PS-2)ဘောလုံးဂိမ်းကို ဘိန်းစွဲသလိုစွဲခဲ့သည့် သက္ကရာဇ်များ ဖြစ်သည်။ ဂိမ်းနှင့်ဆက်စပ်ပြီး ကျောင်းမုန့်ဖိုးများ၊ ကျောင်းချိန်များ အလာဟသပြုန်းတီးခဲ့သည်။ အဖြူရောင်ပေါ် အရောင်ခြားများ ဆေးဆိုးဖို့ ဖန်လာသည့် အကြောင်းတရား ဖြစ်ခဲ့သည်။ ဆေးလိပ်၊ ကွမ်းယာ၊ အရက်များ စူးစမ်းတတ်ခဲ့သည်။ မူးယစ်ဆေးဝါးအစပျိုးရာ နေရာတစ်ခု ဖြစ်ခဲ့သည်။
ကျောင်းအိမ်သာ၊ အပေါ့ခန်းများတွင် စီးကရက်ဖင်စီခံများ ပြည့်နှက်လျက်။ စီးကရက်တစ်လိပ်ကို တစ်ယောက်တစ်လှည့် ဖွာရှိုက်ရင်း ကျောင်းစည်းကမ်း ဖောက်ခဲ့ကြသည်။ ကျောင်းအုတ်တံတိုင်းကျော် ကျောင်းပြေးခဲ့ကြသည်။ ခွင့်တိုင်စာအတု၊ လက်မှတ်အတု၊ မိဘအတုများ ခေါ်ခဲ့ကြသည်။ လွယ်အိပ်သေးသေးကြိုးထုံးလွယ် လုံချည်ခါးပေါင်စ ထုတ်ဝတ်ထားသည်။ အာမွှေးစုံကွမ်းယာကို ပါးစပ် ရဲပဒေါင်းခတ်အောင်ဝါး၊ နားတွင် နားကွင်းသေးသေးလေးပန် ဂျလေဘီဟန် ဖမ်းတတ်ကြသည်။ ဗိုလ်ထီး(စိုင်းထီးဆိုင်) သီဆိုခဲ့သည့် "ပျောက်ဆုံးသွားသည့်နိဗ္ဗာန်ဘုံ" တွေပေါ့။
ကန်တော်ကြီး၊ ဂျုံးဂျုံးကျတောရကျောင်း ရေတံခွန်တွင် ပျော်စေပြက်စေ အတွဲလိုက်ချောင်းခဲ့ကြသည်။ ဗျိုင်းနှစ်ကောင်တွင် အုပ်စုလိုက်ရေဆော့၊ ထန်းရည်မော့ခဲ့ကြသည်။ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင် ထမင်းဟင်းမေ့ ဘောလုံးချိန်းပွဲများ ကန်တတ်ကြသည်။ တစ်ခါတရံ အချင်းချင်းကြား မကျေနပ်ချက်များဖြင့် ချိန်းဆိုသည့် ရန်ပွဲများလည်း ရှိခဲ့သည်။ တစ်ဦးနှင့်တစ်ဦး မကျေနပ်ချက်များကို စိတ်ကျေနပ်လောက်အောင် ထိုးကြိတ်ပြီးလျှင် ပြဿနာလည်းပြီးဆုံးသွားစမြဲပင်။ ရှည်ကြာနေသည့် ပြည်တွင်းစစ်ပွဲကဲ့သို့ အငြိုး၊ အဃာတမရှိ။
လူငယ်များကြား မူးယစ်ဆေးဝါး(မြင်းဆေး) ကနဦးစိမ့်ဝင်သည့် ကာလဖြစ်သည်။ အချင်းချင်းကြား အာပေါင်အာရင်းသန်သန် မူးယစ်ဆေးဝါးအဘိဓမ္မာ မရှက်မကြောက် ဖွင့်ဆိုခဲ့ကြသည်။ မူးယစ်ဆေးဝါးသုံးဖူးမှ ခေတ်မီကျောင်းသားဖြစ်သည်ဟု ထင်ယောင်မှား ဖြစ်ခဲ့ဖူးသည်။ အရာရာကို စူးစမ်းသည့်အရွယ်များ ဖြစ်သောကြောင့် လူငယ်ဘဝ တံလျပ်ရေထင် ခဲ့ကြသည်။ ကျူရှင်လခ၊ မေးခွန်းစာရွက်ဖိုး အကြောင်းပြ၍ အိမ်မှ ပိုက်ဆံလိမ်တောင်းခဲ့ကြသည်။ အရိုးထိအောင်ရူးသွပ်ခဲ့ရသည့် ထိလွယ်ရှလွယ် ကျောက်ရိုင်းတုံးများ။
အသိုင်းအဝိုင်း၊ သတ်မှတ်ချက်များဖြင့် ခြားနားမှုကိုယ်စီရှိခဲ့သည့် ကာလဖြစ်ခဲ့သည်။ စာတော်လျှင် ဆရာများ၏ချစ်တပည့်ဖြစ်ခွင့်ရပြီး အလေးပေးဆက်ဆံခြင်း ခံရသည်။ လူကောင်းလူမွန်အဖြစ် သမုတ်ခံရပြီး အခြားသူများထက် အခွင့်အရေးပိုရသည်။ တချို့က မိဘ၏ရာထူးအရှိန်အဝါကြောင့် "အခွင့်ထူးခံ" ကျောင်းသားဖြစ်ခွင့်ရသည်။ ဓနရှင် မြို့မျက်နှာဖုံးများ၏ သား၊ သမီးများ ကျောင်း၌အလေးပေးမှု ခံရသည့် သက္ကရာဇ်များ ဖြစ်ခဲ့သည်။
အဆောင်နှင့်ဝိုင်းကျူရှင်များ ခေတ်စားသည့် ကာလဖြစ်သည်။ ပိုက်ဆံရှိအသိုင်းအဝိုင်းများက နာမည်ကြီးဘော်ဒါဆောင်များတွင် သူထက်ငါအပြိုင်အဆိုင် ဂုဏ်ဓနပြိုင်သည့် ကာလဖြစ်ခဲ့သည်။ ပိုက်ဆံသိန်းဆယ်ဂဏန်းအထက် ပုံအော၍ နာမည်ကြီးအဆောင်များ၌ စက်ရုပ်လူသားဆန်ဆန် အသုံးတော်ခံခဲ့ကြသည့် ကာလဖြစ်သည်။ မိမိတို့ သား၊သမီးများ၏ ဉာဏ်ရည်ဉာဏ်သွေးကို ဆန်းစစ်ခြင်းမရှိ။
ဖိအားဒဏ်မခံနိုင်သည့် ကျောင်းသားများမှာ စိတ်ထွက်ပေါက်ရှာဖွေလျှက် မူးယစ်ဆေးဝါးကို စမ်းသပ်သုံးစွဲမိခဲ့သည်။ တချို့မှာ ကျောင်းတောင် ဆက်လက်သင်ကြားနိုင်ခြင်းမရှိပဲ စိတ်လေလွင့် ဘဝပျက်ခဲ့ကြသည်။ သံသရာပြေးလမ်းပေါ် ဘဝအနိမ့်အမြင့်၊ အတက်အကျများပင် ဖြစ်သည်။
ဓလေ့ရိုးရာဆန်သည့် ပွဲတော်ညများလည်း တစ်နှစ်တစ်ခေါက် ပုံမှန်ရောက်လာတတ်သည်။ မိုးလေကင်းလွတ် သီတင်းကျွတ်မှစ၍ ပွဲတော်များဆက်တိုက်လိုလိုပင်။ တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့်အပြိုင် စည်းကားသိုက်မြိုက်လွန်းသည့် မြို့ရွှေဒုံ၏ပြယုဂ်ဖြစ်သော ကျိုက်ကမော့လေးဘုရားပွဲ။ ဗျိုင်းနှစ်ကောင် ဝင်းစိန်တောရကျောင်း ဆရာတော်မွေးနေ့ပွဲ။ ထိုမျှမက ရပ်ကွက်အလိုက်ကျင်းပသော ပွဲများလည်း ရှိပါသေးသည်။ မုဒုံသည် ရိုးရာအမွေအနှစ်များကို လက်ဆင့်ကမ်း ထိန်းသိမ်းထားဆဲပင် မဟုတ်ပါလား။
မိခင်ဘာသာအခြေပြုစကားများ တဖြည်းဖြည်း ဆိတ်သုဉ်းလာသည်။ မြို့ပြဆန်သည့် နိမိတ်ပုံများ ထင်ဟပ်လာသည်။ မျက်နှာဖုံးတုများ တပ်ဆင်လာကြသည်။ အော်ဂလီဆန်စရာအငွေ့အသက်များ ထုံမွှန်းလာသည်။ အတုကိုခင်တွယ်သည့် ဝင်ကစွပ်များ နေရာရလာသည်။ မုဒုံသည် မြို့ပြဆန်တတ်ခဲ့သည်မှာ ကြာပေါ့။
မိုးတဖွဲဖွဲကျနေသည့် မုဒုံညနေခင်းထဲ ပြန်လည်စီးမျောရန် လမ်းမပေါ်ထွက်ခဲ့သည်။ ကျွန်တော့်အား စာပေပိုးသွင်းပေးခဲ့သည့် စာအုပ်အငှားဆိုင်လေးဆီ။ ယခင်က ညနေခင်းတိုင်း အလုအယက်ငှားဖတ်ရခဲ့သော "ကဗျာစာပေ" စာအုပ်အငှားဆိုင်လေး မရှိတော့။ စာအုပ်အငှားဆိုင်လေးနေရာတွင် စာရေးကိရိယာအရောင်းဆိုင်အဖြင့် အစားထိုးနေရာယူထားလေပြီ။ ဆိုင်ရှင်က အပြုံးဖြင့်နှုတ်ဆက်ရင်း "စာအုပ်အဟောင်းတွေဖတ်ချင်ဝင်ယူသွား" ။ မဂ္ဂဇင်းများ တဖြုတ်ဖြုတ်ကြွေလွင့်နေချိန်တွင် ဝါသနာဖြင့် စာအုပ်အငှားဆိုင်ဖွင့်သူများ မည်သည့်နည်းနှင့် ကြာရှည်တောင့်ခံနိုင်မည်နည်း။
ဟိုင်းဝေးလမ်းမနံဘေး ကျွန်တော်ထိုင်နေကျ လက်ဖက်ရည်ဆိုင်ထဲ ဝင်ထိုင်မိသည်။ ဥဒဟိုပြေးလွှားနေသည့် ယာဉ်တန်းများကို အဓိပ္ပါယ်မဲ့ငေးမောလျက် တစ်ကိုယ်ရည်အတွေးစကြား နစ်မျောနေမိသည်။ ပြန်လည်မဆန်းသစ်နိုင်တော့သည့် နံနက်ခင်းများအကြောင်း ။ ရောသမမွှေနှောက်ခံရပြီ မြို့ပြဆန်သွားသည့် မြို့ရွှေဒုံအကြောင်း။ အလွှာများ ပိုင်းခြားခံနေရဆဲ ပညာရေးအကြောင်း။ ပျောက်ကွယ်မတတ်ဖြစ်သွားသည့် တစ်ချိန်က မုဒုံမြို့နှင့်ဒွန်တွဲမြင်ခဲ့ရသော နာမည်ကျော် လက်မှုပညာ ရက်ကန်းရုံအကြောင်း။ သောက်လက်စ လက်ဖက်ရည်ကို ကျွန်တော်လက်စသတ်လိုက်သည်။ ဤညသည် နွမ်းလျမှုဖြင့် ကျွန်တော်ဖြတ်သန်းရတော့မည် ထင်ပါသည်။
ကျေးဇူးတင်ပါသည်။