အသက်မသွင်းသေးသည့် စည်ပင်ကော်မတီ

အသက်မသွင်းသေးသည့် စည်ပင်ကော်မတီ
by -
ဟိန်းထက်

မွန်ပြည်နယ် စည်ပင်သာယာ ဥပဒေကို လွှတ်တော်၌ အတည်ပြုခဲ့သည်မှာ တစ်နှစ်ကျော် ကြာပြီ။သို့သော်လည်း ယနေ့အချိန်အထိ ကော်မတီ ရွေးကောက်ပွဲ မကျင်းပနိုင်သေးပါ။ ဥပဒေအရ ပြည်နယ်၊ မြို့နယ် စည်ပင်သာယာကော်မတီများ ရွေးချယ်ရမည်။ထိုသို့ လုပ်ဆောင်ရန် ရှိနေသည့် ကော်မတီ ရွေးချယ် ဖွဲ့စည်းရေးကို အစိုးရအနေဖြင့် မည်သို့သောကြောင့် မလုပ်ဆောင်နိုင်သေးသနည်း။

ဘာကြောင့် လိုအပ်တာလဲ

မွန်ပြည်နယ် စည်ပင်သာယာရေး ဥပဒေကို ၂၀၁၇ ဇွန် ၂၂ ရက်တွင် ပြည်နယ် လွှတ်တော်၌ အတည်ပြု ပြဋ္ဌာန်းခဲ့သည်။ ဥပဒေတွင် အခန်း (၂၁) ၊ ပုဒ်မ ၁၀၅ ချက် ပါဝင်၏။စည်ပင်သာယာရေးအဖွဲ့ဟူသည် ပြည်သူနှင့်ထိ တွေ့ဆက်ဆံမှု အရှိဆုံး ဌာန တစ်ခုဖြစ်သည့်အပြင် မြို့ရွာများ ဖွံ့ဖြိုး တိုးတက်ရေးကိုပါ တာဝန်ယူရသော ဌာန။

ထို့ကြောင့် စည်ပင်သာယာရေးအဖွဲ့များ၏ လုပ်ဆောင်ချက်မှုကို စောင့်ကြည့် ထိန်းကျောင်းရန် ကော်မတီ ရှိဖို့ လိုအပ် သဖြင့် ဥပဒေကို သီးခြား ပြဋ္ဌာန်း၍ လုပ်ဆောင်ရခြင်းပင်။

အဆိုပါ ဥပဒေ၏ ရည်ရွယ်ချက်တွင်လည်း မြို့၊ ရွာများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပြီး လူနေမှု အဆင့်အတန်းမြင့်မားလာစေရန်၊စည်ပင်သာယာရေးဆိုင်ရာ အခွန်၊ အခ၊ အကောက် အပြည့်အဝ ရရှိလာရန်နှင့် ရရှိလာသော ဝင်ငွေ အားလုံးကို စီမံခန့်ခွဲနိုင်ရန် ဖြစ်သည်။

ထို့အပြင် စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်း ပါဝင်မှု ပိုမိုဖြစ်ထွန်းလာစေရန်၊ စည်ပင်သာယာရေး ဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှု အကျိုးသက်ရောက်မှု ပိုမို အားကောင်းလာစေရန် ရည်ရွယ်၍ ရေးဆွဲထားသော ဥပဒေ တစ်ခု ဖြစ်သည်။

မွန်ပြည်နယ်မှာတော့ အဆိုပါ ဥပဒေကို ၂၀၁၂ ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်းခဲ့၍ ၂၀၁၃ ခုနှစ်တွင် တစ် ကြိမ်၊ ၂၀၁၅ တွင် တစ်ကြိမ်၊ ၂၀၁၇ တွင် တစ်ကြိမ် စီ ပြန်လည် ပြင်ဆင်ထားပြီး ၂၀၁၇ ဥပဒေတွင် ကော်မတီဝင်များကို လူထု ရွေးချယ်သော စနစ် ပါဝင်လာသည်။

လုပ်ငန်း ၊ တာဝန်က ဘာလဲ

ဥပဒေအရ ကော်မတီသည် မြို့ရွာများရှိ စည်ပင်သာယာရေး လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် သက်ဆိုင်ရာ ပြည်သူလူထုနှင့် (၃)လတစ်ကြိမ် တွေ့ဆုံညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်ရမည် ဖြစ်သည်။

ဖွံ့ဖြိုးရေးအတွက် မြို့ပြစီမံကိန်းများရေးဆွဲခြင်း၊ ရေဆိုးရေညစ်စွန့်ပစ်ခြင်းနှင့် အခြားသော သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အများနှင့်သက်ဆိုင်သောနေရာများတွင် အဆင့်မြင့်သန့်စင်ခန်းများဆောက်လုပ်ခြင်း၊ ဆောက်လုပ်ခွင့်ပြုခြင်း အချက် အပါအဝင် အချက်ပေါင်း ၄၆ ချက်ကို အကောင်အထည် ဖော်ရမည်ဖြစ်သည်။

ထိုသို့ အကောင်အထည် ဖော်ရာတွင် စည်ပင်သာယာရေး အဖွဲ့များ၏ လုပ်ဆောင်ချက်များကို တည်ဆဲ ဥပဒေများနှင့် အညီ ကြီးကြပ်ကွပ်ကဲခြင်း ပြုရမည် ဖြစ်သည်။

ဘယ်လို ဖွဲ့စည်းရမှာလဲ

ပြည်နယ် စည်ပင်သာယာရေး ကော်မတီကို အဖွဲ့ဝင် ၁၂ ဦးဖြင့် ဖွဲ့စည်းရမည်ဖြစ်သည်။ ကော်မတီတွင် ဥက္ကဋ္ဌ အဖြစ် ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီးက တာဝန်ယူ ရမည်ဖြစ်ပြီး အတွင်းရေးမှူး တာဝန်ကို ပြည်နယ် စည်ပင်သာယာရေး ညွှန်ကြားရေးမှူးက ထမ်းဆောင်ရမည်ဖြစ်သည်။

ကျန် အဖွဲ့ဝင် ၁၀ ဦးမှာ မြို့နယ် စည်ပင်သာယာကော်မတီ ဥက္ကဋ္ဌများ ဖြစ်သည်။ မြို့နယ် ကော်မတီကိုမူ အဖွဲ့ဝင် ရှစ် ဦးဖြင့် ဖွဲ့စည်းထားသည်။

ဘယ်လို ရွေးမလဲ

၂၀၁၇ တွင် ပြန်လည် ပြင်ဆင်ထားသော ဥပဒေအရ မြို့နယ် ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် လေး ဦးကို ပြည်သူများက ရွေးချယ်ရ မည်ဖြစ်သည်။

ထိုသို့ ရွေးချယ်ရာတွင် အိမ်ထောင်စုများ၏ ဆန္ဒမဲဖြင့် ရွေးကောက် တင်မြှောက်ရမည်ဖြစ်သည်။ကျန်ရှိသည့် အဖွဲ့ဝင် နှစ် ဦးမှာ ပြည်နယ် အစိုးရအဖွဲ့မှ ပေးပို့လာသော ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး တစ်ဦးနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန ဒုတိယ ဦးစီးမှူး တစ်ဦး ဖြစ်သည်။

မြို့နယ် စည်ပင်သာယာကော်မတီ၏ အမှုဆောင်အရာရှိမှာ ဥပဒေအရ အတွင်းရေးမှူး ဖြစ်သည်။

မွန်ပြည်နယ် အစိုးရသည် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ၂၀၁၇ ဒီဇင်ဘာတွင် မွန်ပြည်နယ်လွှ တ်တော်သို့ တင်သွင်းထားကြောင်း မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောဆိုသည်။

ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ ရွေးချယ်ရန် မဲဆန္ဒနယ်မြေ၊ မဲရုံအပါအဝင် တာဝန် အသေးစိတ်ကို အစိုးရက ရေးဆွဲဆောင်ရွက်ရမည်ဖြစ်သည်။

ထို့အပြင် ရွေးချယ်ရေးအတွက်လည်း သက်ဆိုင်ရာ မြို့နယ် ထွေအုပ်အပါအဝင် ဌာနဆိုင်ရာများကို တာဝန်ပေးအပ်ရမည်ဖြစ်ပေသည်။

လက်ရှိ အခြေအနေ

ဥပဒေအတည်ပြုလိုက်သော်လည်း ကော်မတီမဖွဲ့ရသေးသည့်အပြင် ယနေ့အချိန်အထိ ယခင် ကော်မတီအဖွဲ့ဝင်ဟောင်း များက ဝင်ရောက် စွက်ဖက်မှုများ ရှိနေသေး၍ မွန်ပြည်နယ် လွှတ်တော်က ဇူလိုင် ၂၃ ရက်တွင် ပြည်နယ် စည်ပင်သာယာရေး ညွှန်ကြားရေးမှူး အပါအဝင် မြို့နယ် အမှုဆောင် အရာရှိများကို ခေါ်ယူတွေ့ဆုံထားသည်။ ထိုအခြေအနေကို မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ယခုလို မှတ်ချက်ပြုသည်။

“ဒီဥပဒေအရဆိုရင်တော့ သက်ဆိုင်ရာ အစိုးရအဖွဲ့က ကော်မတီတွေ ဆက်ရှိမယ် မရှိဘူးဆိုတဲ့ဟာက သူတို့ကတော့ ညွှန်ကြားချက်ပဲဖြစ်ဖြစ် အမိန့်ကြေညာစာပဲဖြစ်ဖြစ် ဥပဒေအရ အမိန့်တစ်ခုပဲဖြစ်ဖြစ် ထုတ်ပြန်ပေးဖို့လိုတယ်လေ ဒါလည်း ဒီကနေ့အချိန်အထိ အစိုးရအဖွဲ့က လုပ်တာမတွေ့ရသေးဘူး”ဟု ဆိုသည်။

ထိုကိစ္စကို ကျိုက်ထိုမြို့နယ် စည်ပင်သာယာကော်မတီ ဥက္ကဋ္ဌဟောင်း ဦးမျိုးဝင်းက ယခုလို ပြောဆိုသည်။

“လက်ရှိအချိန်ထိ တာဝန်တွေထမ်းဆောင်နေတုန်းပဲ ဘာဖြစ်လို့လဲဆိုတော့ ပြန်ပြီး ရွေးချယ်တဲ့ ကော်မတီမှမရှိသေးတာ ပြန်ပြီးရွေးချယ်တဲ့ကော်မတီရှိပြီးဆိုရင်တော့ ကော်မတီနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို လွှဲပေးရမှာပေါ့ တကယ်လို့ ကော်မတီတွေကို ပယ်ဖျက်လိုက်ပြီးဆိုရင်လည်း တရားဝင်စာနဲ့ဖြစ်ဖြစ် ညွှန်ကြားချက်နဲ့ ဖြစ်ဖြစ် ထုတ်ပြန်ပေးသင့်တယ်”ဟု ဆိုပြန်သည်။

မွန်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းကျော်လွင်က ဥပဒေသစ်အရ ကော်မတီများ အားလုံး ပျက်ပြယ်သွားပြီ ဖြစ်သည်ဟု ဆိုသည်။

ထို့အတွက်လည်း မြို့နယ် ကော်မတီ ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင်နေသည့် ကိစ္စရပ်များကို ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပြောဆိုသွားမည်ဟု ပြောသည်။

မရွေးနိုင်သေးသည့်အကြောင်း

စည်ပင်သာယာရေး ကော်မတီများကို မရွေးချယ်ရသေးသော အခြေအနေကို မွန်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းကျော်လွင်က ထိုသို့မှတ်ချက်ပြု၏။

“ကော်မတီတွေက အရင်တုန်းကလို သူ့ဟာသူ သီးခြားရန်ပုံငွေနဲ့ ရပ်တည်လို့ကမရဘူး အဲဒီအတွက်ကြောင့် လာမယ့် ဘတ်ဂျက်ပေါ်မှာ မူတည်ပြီး လာမယ့်နှစ်မှာမှ ပြန်ဆွေးနွေးလို့ရမှာပေါ့ ကော်မတီရှိတာနဲ့ မရှိတာနဲ့ ပတ်သက်လို့တော့ အခုချိန်ထိတော့ အခက်အခဲတော့ မရှိသေးပါဘူး နောက်တို့မြို့က ရန်ကုန်တို့ မန္တလေးတို့လိုလည်း မရှုပ်သေးတော့ လူမှုရေးပြဿနာတွေက အဲ့ဒီလောက်ကြီးကြီးမားမားလည်း မရှိသေးဘူး”ဟု ဆိုသည်။

ထို့အပြင် ကော်မတီဝင်များ ရွေးချယ်ပြီးပါက ၎င်းတို့အတွက် လစာနှင့် စရိတ်စကများအတွက် ဘတ်ဂျက်ထဲ ထည့်ဆွဲရဦးမည်ဖြစ်၍ ရွေးကောက်ပွဲကို သုံးလအတွင်း လုပ်ဆောင်ရန် မဖြစ်နိုင်သေးဟု ဆိုသည်။

ဝန်ကြီး၏ ပြောဆိုမှုကို မွန်ပြည်နယ် လွှတ်တော် ဥပဒေ ပြုရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က ယခုလို ထောက်ပြ၏။

“ဘတ်ဂျက်က ခေါင်းထဲသိပ်ထည့်စရာမလိုပါဘူး ဘာဖြစ်လို့လဲဆိုတော့ ဘတ်ဂျက်မရှိလို့မလုပ်ရဘူးဆိုတဲ့ဟာမျိုးက အရေးကြီးတဲ့ အကြောင်းပြချက်တစ်ခုတော့မဟုတ်ဘူးပေါ့နော် ဘတ်ဂျက်ကမရှိလည်းရှိအောင်လုပ်ရမှာပေါ့”ဟု ဆိုသည်။

ထို့အတူ မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးကလည်း “ဘာဖြစ်လို့ရွေးကောက်ပွဲမလုပ်နိုင်သေးတာလဲ ဆိုတာက လုပ်ထုံးလုပ်နည်းထဲမှာ အပိုဒ်တစ်ခုရှိတယ် ရွေးကောက်ပွဲ ကျင်းပရေး ကြီးကြပ်တဲ့အဖွဲ့ကို အစိုးရ အဖွဲ့ကနေ ဖွဲ့စည်းတာဝန်ပေးရမယ်ဆိုတဲ့အပိုဒ်တစ်ခုရှိတယ် အဲ့ဒီအပိုဒ်အရဆိုရင် အစိုးရအဖွဲ့က အခုချိန်ထိ အဲ့ဒီအဖွဲ့ကို မဖွဲ့ရသေးတာ ညွှန်မှူးနဲ့ အမှူဆောင်အရာရှိတွေ ပြောတာကတော့ ဘဏ္ဍာရေးအခြေအနေကြောင့်လည်း မဟုတ်ဘူး တခြားအခက်အခဲတွေကြောင့်လည်း မဟုတ်ဘူး သူတို့ကတော့ ပေးအပ်လာတဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့အသင့်ပဲ”ဟု ဆိုသည်။

ရွေးကောက်ပွဲပြုလုပ်ရန် အစိုးရအနေဖြင့် စိတ်ကူးရှိပါက ဘတ်ဂျက်လျှောက်ထားနိုင်ခဲ့သည့်အပြင် လျာထားချက် မရှိသော်လည်း တခြား ခေါင်းစဉ်ဖြင့် လုပ်ဆောင်နိုင်သည်ဟုလည်း ၎င်းကထောက်ပြပြောဆိုသည်။

ဘတ်ဂျက်မရှိ၍ ရွေးကောက်ပွဲ မလုပ်ခြင်းကို သံလွင်တိုင်းမ် သတင်းဌာနမှ တာဝန်ခံ အယ်ဒီတာ ကိုကြည်ဇော်လွင်က အခုလို မှတ်ချက်ပြု၏။

“ကိုယ်လုပ်ရမယ့်တာဝန်ကို ပျက်ကွက်ချင်တဲ့အတွက်ကြောင့် ဆင်ခြေပေးတာလို့ပဲ ကျွန်တော်မြင်တယ်”ဟူ၍။

ထို့အပြင် အစိုးရအနေဖြင့် ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ထုံးလုပ်နည်းကို အများပြည်သူ သိအောင် ထုတ်ပြန်ရမည့်အပြင် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များကိုလည်း ထုတ်ပြန်ရလိမ့်မည်ဟု ၎င်းကဆိုသည်။

အဖြစ်အပျက်အားလုံးကိုခြုံငုံ၍ ပေးသည့်ဒေါက်တာ အောင်နိုင်ဦး၏ မှတ်ချက်ကတော့ ယခုလိုပင်။

“စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲလုပ်ဖို့ဆိုရင် ပြည်နယ်အစိုးရအနေနဲ့ စီမံချက်တွေဆွဲ တာဝန်တွေပေးပြီး စလုပ်မယ်ဆိုရင်တော့ တစ်လနှစ်လနဲ့ပြီးတယ် ၊သူတို့က မလုပ်သေးဘူးဆိုရင်တော့ ဒါကကြန့်ကြာနေဦးမှာပဲ”ဟူ၍ ။

Most read this week

မြေရှားသတ္တုစစ်ယူသည့် အက်ဆစ်ရေကန်များ
January 17, 2024
ဆမ်နော် — ကမ္ဘာ့မြေရှားတောင်းဆိုမှုအရ တရုတ်ရဲ့ လိုအပ်မှုအတိုင်း ကချင်မြေရှားတွေကတော့ ဆက်လက်...
March 21, 2023
ရခိုင်ပြည်ထဲက ရထားလမ်းစီမံကိန်းမှာ သံလမ်းမရောက်၊ ရထားမရောက်ဘဲ ခါးပြတ်နေသည့်...
April 27, 2022
“ကျနော်တို့ပြည်နယ်တော့ ပြန်ပြီးငြိမ်းချမ်းမယ်လို့ ထင်တယ်လေ။ မငြိမ်းချမ်းနိုင်တော့ဘူးလား။...
March 28, 2022
“ဒီစစ်အာဏာရှင်တွေနဲ့ ဆွေးနွေးပြီးတိုက်နေလို့ ဘယ်တော့မှအမြစ်ပြတ်မှာ မဟုတ်ဘူး။ စစ်ရေးအရ အပြင်...