“ဒီစီမံကိန်းတကယ်ဖြစ်လာပြီဆိုရင် ကျနော်တို့ နေထိုင်လုပ်ကိုင်စားသောက်ဖို့၊ စိုက်စားပျိုးစားဖို့အတွက် မရှိတော့မှာကို စိတ်ပူမိတယ်။ အရေးကြီးဆုံးက ကျနော်တို့ လုပ်ထားခဲ့သမျှတွေကို ရယူသွားမှာကို အစိုးရိမ်ဆုံးပဲ ။ ဘယ်နေ့ ဒီကနေအ မောင်းထုတ်ခံရမလဲမသိဘူး” လို့ ဆိုကာ ဟင်းလှိုင်းဒေသခံ ဌာနေတိုင်းရင်းသား စောစိုးမြက နေ့စဉ်နဲ့ အမျှသောက များနေရ ပါတယ်။
စောစိုးမြနေထိုင်နေတဲ့ ဟင်းလှိုင်းကျေးရွာကလေးဟာ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ဘုတ်ပြင်မြို့နယ်၊ ပြည်ကြီး မဏ္ဍိုင်မြို့နယ်ခွဲ၊ ပြည်ကြီးမဏ္ဍိုင်မြို့နဲ့ မနီးမဝေးမှာရှိတဲ့ လေညာချောင်းကလေး နံဘေးက တောင်ခြေရွာ ကလေးတစ် ရွာဖြစ်ပြီး အိမ်ခြေပေါင်း ၇၂ လုံးခန့်ရှိကာ လူဦးရေ ၃၉၄ ဦးနေထိုင်ကြပါတယ်။
အစိုးရစစ်တပ်နဲ့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအကြားဖြစ်ပွားတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် တောထဲတောင် ထဲ ပြေးလွှာတိမ်းရှောင်နေရင်း ဒေသမတူတဲ့ ဒေသခံတိုင်းရင်းသားတွေဟာ စစ်ရေးပဋိပက္ခကင်း လွတ်နိုင်တဲ့ လက်ရှိဟင်း လှိုင်းတောင်ခြေကျေးရွာကလေးမှာ ၁၉၉၈လောက်ကစလို့ ပြန်လည်စုဝေးနေထိုင် လာခဲ့ကြတာ အခုဆိုရင် ဆယ်စုနှစ် ၂ခုလောက်ရှိနေခဲ့ပါပြီ။
လေညာချောင်းကလေးကိုအမှီသဟဲပြုရင်း ချောင်းမှာဆို ငါးဖမ်း တောင်ပေါ်မှာဆို ယာလုပ်ရင်း ဝမ်းစာစုဆောင်းကြသလို ဥယျာဉ်ခြံထွက် ကွမ်းသီးပင်တွေနဲ့ ကုန်ကူးဖလှယ်ကြပြီး သဘာဝအလျောက် တောင်ပေါ် တောထွက် သစ်ဥသစ်ဖုတွေ ဟင်းသီးဟင်းရွက်တွေနဲ့ စားသောက်နေထိုင်လာခဲ့ကြသူတွေဖြစ်ပါတယ်။
သို့သော် ဆယ်စုနှစ်ကြာ သစ်တောမြစ်ချောင်းတွေအပေါ် မှီခိုရင်း အပူအပင်မရှိ အေးချမ်းစွာနေထိုင် စားသောက် နေနိုင်လာခဲ့ကြပေမဲ့ အခုအခါမှာတော့ တိုင်းဒေသကြီးအစိုးရရဲ့ထိန်းသိမ်းရေးနယ်မြေစီမံကိန်း ကြိုးပမ်းမှုလာမှုထဲမှာ ဟင်းလှိုင်းကျေးရွာလည်းပါဝင်တာကြောင့် စောစိုးမြအပါအဝင် ဟင်းလှိုင်းဒေသခံတွေမှာ စိုးရိမ်မှုတွေ၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ အစိုးရနဲ့ Global Environment Facility (GEF) တို့ပူပေါင်းပြီး မြိတ်နဲ့ ကော့သောင်းခရိုင်တွင်းက မြေဧရိယာ ၁ ဒသမ ၄၅၂ ဟက်တာ(တိုင်းဒေသ၏ သုံးပုံတစ်ပုံ)အကျယ်အဝန်းရှိတဲ့ “တောင်တန်းဒေသမှ သန္တာကျောက်တန်းဆီသို့ ”ဆိုတဲ့ သဘာဝ သစ်တော ထိန်းသိမ်းရေးနယ်မြေ စီမံကိန်းကို အခု ၂၀၁၈ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း (၆)နှစ်တာစီမံကိန်းနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ဖို့ စီမံချက် ရေးဆွဲပြီးကြိုးပမ်းနေကြပါတယ်။
GEFရဲ့ အဓိကထောက်ပံ့မှုနဲ့အတူ အမေရိကန်ဒေါ်လာ (၂၁)သန်းသုံးစွဲပြီး ကုလသ မဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP)ကနေ ဦးဆောင်၍ တိုင်းသစ်တောဦးစီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦး စီးဌာန၊ စိုက်ပျိုး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး Fauna and Flora International( FFI) ၊ Smithsonian Institution စတဲ့ INGOအဖွဲ့တွေ ပူးပေါင်းပြီး အကောင်အထည် ဖော်ဆောင်ရွက်သွားမဲ့ စီမံကိန်း လည်းဖြစ်ပါတယ်။
“ဒီစီမံကိန်းက နိုင်ငံတော်အတွက် တစ်မျိုးသားလုံး ကောင်းဖို့အတွက်ကို သဘာဝပတ်ဝန်းကျင်ကို အရေး တကြီး ထိန်းသိမ်းဖို့လုပ်ထားတဲ့ကိစ္စဖြစ်တယ်။ ဒီတနင်္သာရီတိုင်းထဲမှာ ရှားပါးတဲ့ ဇီဝမျိုးကွဲတွေ သစ်ပင်တွေ မျိုးတုံးပျောက် ကွယ်မဲ့အန္တရာယ်ကရှိနေတယ်။ ဒါကို ဥပဒေကြောင်းအရထိန်းသိမ်းမှုမပြုထားဘူးဆိုရင် နောက်လာမဲ့ ကျနော်တို့ရဲ့မျိုး ဆက်တွေကိုဘယ်လိုပြပေးရမလဲ။ ဒါက ဘယ်ပြည် သူလူထုကိုမှ ဒုက္ခရောက်အောင်လုပ်ဖို့တို့ သူတို့ရဲ့နေရင်း ဒေသတွေကို ပျောက်ပျက်သွားပြီး ဖယ်ရှားအောင်လုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုမှ မပါဘူး။ အခုက ကနဦး လုပ်ဆောင်ဖို့ စီစဉ်နေတုန်းပဲရှိတယ်။ ဘာမှတောင်မလုပ်ရသေးဘူး”လို့ ဇူလိုင်လ ၁၅ရက်နေ့က တိုင်းသစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက ပြောပါတယ်။
ထိုသို့ပြောဆိုထားပေမဲ့ စီမံကိန်းကိုအကောင်အထည်ဖော်ဆောင်ရွက်ဖို့ ကြိုးပမ်းတဲ့နေရာမှာ ပါဝင်ပတ်သက်သူတွေဟာ စီမံကိန်းဧရိယာမှာပါဝင်နေတဲ့ ဒေသခံ ဌာနေတိုင်းရင်းသားတွေအပေါ် ကြိုတင်အသိပေးပြီး သဘောထားရယူမှုတွေမရှိ တာကြောင့် ဒေသခံတွေမှာ သူတို့ရဲ့ မူလနေထိုင်စားသောက်မှုအပေါ် တစ်စုံတစ်ရာ ထိခိုက် လာမှာကို စိုးရိမ်မှုတွေရှိနေခဲ့ တာပါ။
ဒီလိုဒေသခံဌာနေတိုင်းရင်းသားတွေကိုလွတ်လပ်တဲ့့ကြိုတင်အသိပေးသဘောထားရယူမှုတွေမရှိတာ၊ စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံအရပ်ဖက်အဖွဲ့အစည်းတွေကို ပွင့်လင်းမြင်သာစွာချပြဆွေးနွေးခြင်းမရှိတာဟာ ဌာနေ တိုင်းရင်းသားတွေအပေါ် အခွင့်အရေးချိုးဖောက်ရာရောက်တယ်လို့လည်း ဒေသခံအရပ်ဖက်အဖွဲ့အစည်း တွေ က သတိပေးပြောဆိုထားပါတယ်။
တနင်္သာရီထိန်းသိမ်းရေးမိတ်ဖက်အဖွဲ့(Conservation Alliance Tanawthari–CAT)ရဲ့ ညှိနှိုင်းရေးမှူး နော်အယ်ထီးဝါးက “ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ကျမတို့ကို ရှင်းရှင်းလင်းလင်းချပြထားတာမရှိဘူး။ စီမံကိန်း နဲ့ပတ်သက်တဲ့ သတင်းအချက်အ လက်တွေကို တောင်းယူတော့လည်း ငြင်းဆိုကြတယ်။ နောက်ပြီး လွတ်လပ်တဲ့ ကြိုတင်အသိပေးမှုနဲ့ လူထုသဘောထား ရယူခြင်းဆိုတဲ့ (FPIC)မတွေ့ရဘူး။ ဒါက ဒေသခံဌာနေ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ GEFရဲ့လူထုလုံခြုံရေးမူဝါဒကို ချိုးဖောက်နေတာဖြစ်တယ်”လို့ ဇူလိုင်လ ၁၆ရက် နေ့က ထားဝယ်မြို့၊ ကရင်နှစ်ခြင်း ဘုရားကျောင်းတစ်ခုမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
အဲဒီသတင်းစာရှင်းလင်းပွဲမှာပဲ စီမံကိန်းကိုရေးဆွဲအကောင်အထည်ဖော်မဲ့ UNDP ရဲ့ စီမံကိန်း မန်နေဂျာ ဦးမင်းဇော်က တော့ စီမံကိန်း တည်နေရာအတည်ပြုတဲ့အပေါ် မူတည်ပြီး သင့်လျော်တဲ့ လွတ်လပ်စွာကြိုတင်အသိပေး သဘောထားရယူ ခြင်းနဲ့ ဆွေးနွေးညှိနှိုင်းသဘောထား ရယူခြင်းကို စီမံကိန်းလုပ်ငန်းတွေ အမှန်တကယ်အကောင်ထည်ဖော်ဆောင်ရွက်ရင် သေချာလုပ်ဆောင်သွားမှာဖြစ်ကြောင်းနဲ့ လက်ရှိ စီမံကိန်း ရေးဆွဲတဲ့ကာလမှာ ကျေးရွာပေါင်း(၁၉)ရွာနဲ့ ထိန်းသိမ်းရေးနယ် မြေထဲမှာပါတဲ့ KNU-ကရင်အမျိုးသားအစည်းအရုံးနဲ့ (၃)ကြိမ်တိုင်တွေ့ပြီးသွားပြီးလို့ ပြန်လည်ရှင်းလင်းပြောဆိုခဲ့ပါတယ်။
ဒီလိုပြန်လည်ရှင်းလင်းပြောဆိုခဲ့ပေမဲ့ KNU ဗဟို၊ ကော်သူးလေသစ်တောဌာန(KFD)ကနေ ဇူလိုင်လ ၁၆ရက်နေ့က စီမံ ကိန်းကို အဓိကပံ့ပိုးပေးတဲ့ GEFအဖွဲ့ရဲ့ ပဋိပက္ခဖြေရှင်းရေးကော်မရှင်နာဆီကို UNDP အကောင်အထည်ဖော်လုပ်ဆောင်မဲ့ အဲဒီစီမံကိန်းနဲ့ပတ်သက်ပြီးတော့ သူတို့ရဲ့ သဘောထားနဲ့ အကြံပြုချက်ကိုပေး ပို့ခဲ့ပါတယ်။
ပေးပို့လိုက်တဲ့ သဘောထားနဲ့ အကြံပြုချက်ထဲတွေမှာ KNUရဲ့ သစ်တောဌာနအနေနဲ့ ဌာနေတိုင်းရင်းသားအခွင့်အရေး၊ ကရင့်ရိုးရာ ယဉ်ကျေးမှုနဲ့ နိုင်ငံတကာစံနှုန်းအပေါ်အခြေခံထားတဲ့ သစ်တောဥပဒေနဲ့မူဝါဒကို အတည်ပြုထားပြီးသား ဖြစ်ကြောင်း ဘယ်အဖွဲ့အစည်းမဆို KNUနယ်မြေအတွင်းထိန်းသိမ်းရေးလုပ်ငန်းစဉ် တွေအကောင်အထည်ဖော်မယ်ဆိုရင် KNUနဲ့ပူးပေါင်းလုပ်ဆောင်ရမှာဖြစ်သလို ၎င်းတို့ရဲ့ မူဝါဒကို လိုက်နာရမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် UNDPအနေနဲ့ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ဒေသခံလူထု၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့၊ စစ်ပြေးရှောင် IDPsနဲ့ ဒုက္ခသည်တွေပြန်လာပြီးတဲ့တိုင် ဒီစီမံကိန်းကို ရှေ့ဆက် မလုပ်ဆောင် သေးဖို့၊ ဒီစီမံကိန်းကို အကောင်အထည်ဖော်မယ်ဆိုရင် KNUနဲ့ တိုင်ပင်ဆွေးနွေးညှိနှိုင်းဖို့နဲ့ အပစ်ရပ်အခြေအနေသာရှိသေးတဲ့ နိုင်ငံရေး ဆွေးနွေးမှုကြားကာလမှာ KNU နယ်မြေအတွင်းဖော်ဆောင်မဲ့ အစိုးရရဲ့ စီမံကိန်းတွေကို တိုက်ရိုက်(ဒါမှမဟုတ်) သွယ်ဝိုက်သောနည်းနဲ့ ကျယ်ကျယ်ပြန့်ပြန့်မကူညီသင့်ကြောင်းလည်း GEFကို အကြုံပြုထားပါတယ်။
KNUအနေနဲ့ ၎င်းတို့ရဲ့ထိန်းချုပ်နယ်မြေတွေမှာ ဇီဝမျိုးကွဲ ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ လက်တွေ့ပူး ပေါင်းဆောင် ရွက်ခြင်းနားလည်မှုစာချွန်လွှာ(MoU)ကို ကမ္ဘာလုံးဆိုင်ရာသဘာဝ ပတ်ဝန်းကျင်ရံပုံငွေအဖွဲ့ (WWF)နဲ့ပြီးခဲ့တဲ့၂၀၁၆ခုနှစ်၊ နိုဝင်ဘာ ၈ရက်နေ့က လက်မှတ်ရေးထိုးထားပြီးဖြစ်ပါတယ်။
လက်ရှိမှာလည်း KNU နဲ့ အစိုးရအကြား ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်မှာ အပစ်ရပ်ကြားကာလ အခြေ အနေမှာသာရှိနေသေးသလို အပစ်ရပ်ထားတဲ့တိုင် စစ်ရေးတင်းမာမှုအချို့ဖြစ်ပွားနေဆဲဖြစ်ပြီး တစ်စုံတစ်ရာ အာမခံချက်ပေးနိုင်တဲ့ သဘောတူညီချက်ကို ရရှိထားခြင်း မရှိသေးတာကြောင့် ဒေသခံတွေအနေနဲ့ စီမံကိန်းနဲ့ လိုက်ပါဖြစ်ပေါ်နိုင်တဲ့ ပဋိပက္ခအကျိုးဆက်တွေအပေါ်မှာလည်း စိုးရိမ်မှုတွေရှိနေကြပါတယ်။
“ကျနော်တို့နေတဲ့နေရာက KNUရဲ့ထိန်းချုပ်နယ်မြေထဲမှာပါသလို ကြားနယ်မြေလည်းဖြစ်တယ်။ တကယ်လို့ ဒီစီမံကိန်းဝင်လာတဲ့အခါ KNUက လက်မခံဘူးဆိုရင် တိုက်ပွဲတွေပြန်ဖြစ်နိုင်တယ်။ အဲ့ဒါကြောင့်မို့ ကျနော်တို့ ဌာနေတိုင်းရင်းသားတွေက အများကြီးစိုးရိမ်နေပါတယ်။ ကျနော်တို့ဌာနေတိုင်းရင်းသားတွေမှာ အရင်ကတည်း က ပထမအကြိမ်ဒုက္ခသည်ဖြစ်ဖူးပြီးပြီ ဒီစီမံကိန်းကြောင့် တိုက်ပွဲပြန်ဖြစ်မယ်ဆိုရင် ဒုတိယအကြိမ် ဒုက္ခသည် တွေအနေနဲ့ပြန်ဖြစ်နိုင်တယ်။ ကျနော်တို့မှာ အသက်မွေးဝမ်းကျောင်းက ဥယျာဉ်ခြံတွေပဲရှိတယ်။ ကျနော်တို့ ထပ်ပြီး ပြေးလွှာရှောင်ပြေးနေရအုံးမယ်ဆိုရင် ကျနော်တို့ဘာမှလုပ်လို့မရတော့ဘူး" လို့ ဟင်းလှိုင်းရွာက စောမောင်ချစ် ကပြောပါတယ်။
စီမံကိန် ဧရိယာထဲမှာ ကရင်အပြင် မွန်ကဲ၊ ဗမာစတဲ့ ဒေသခံတိုင်းရင်းသားတွေ ရှိနေသလို ကရင်ကျေးရွာပေါင်း (၅၀)ကျော်ခန့်ပါဝင်နိုင်တယ်လို့ ခန့်မှန်းပြောဆိုထားပေမဲ့ ဒီစီမံကိန်း ဧရိယာထဲမှာ ပါဝင်နေတဲ့ကျေးရွာအချို့ကို အစိုးရက ကျေးရွာအနေနဲ့ အသိအမှတ်ပြုထားတာမရှိသလို အဆိုပါ ဒေသခံတွေရဲ့ တောင်ယာခုတ်ထွင် ရှင်းလင်းမှုနဲ့ ဥယျာဉ်ခြံတွေချဲ့ထွင်စိုက်ပျိုးမှုတွေကြောင့် သစ်တောပြုန်းတီးမှုတွေဖြစ်ပေါ်နေရတယ်လို့ အစိုးရဘက် က ပြောဆိုမှုတွေရှိနေခဲ့တာပါ။
ဒါပေမဲ့ ဒေသခံဌာနေကရင်တိုင်းရင်းသားတွေမှာလည်း သူတို့ရဲ့ မိရိုးဖလာယုံကြည်မှုဓလေ့ထုံးတမ်းအရ ထိန်းသိမ်း စောင့်ရှောက်လာခဲ့တဲ့ သစ်တော၊ မြစ်ချောင်း၊ အင်းအိုင်တွေရှိနေသလို လက်ရှိမှာလည်း သူတို့ ကိုယ်တိုင် သစ်တောနဲ့မြစ်ချောင်းတွေကို ထိန်းသိမ်းစီမံထားမှုတွေရှိနေကြောင်းကို ထားဝယ်မြို့မှာပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ရုပ်ပုံပြကွက်တွေနဲ့အတူ ရှင်းလင်ပြောဆိုပြခဲ့ပါတယ်။
“သစ်တောဆိုတာက ကျနော်တို့ ဌာနေတိုင်းရင်းသားတွေ အသက်ရှင်ရပ်တည်ဖို့ အရေးကြီးတဲ့ အသက်သွေး ကြောတစ်ခုပါပဲ။ သစ်တောမရှိရင်တော့ ကျနော်တို့ အသက်ရှင်ရပ်တည်ဖို့ မဖြစ်နိုင်ပါဘူး”လို့ စောစိုးမြက ပြောပါတယ်။
လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ်လောက်ကတည်းက အစိုးရကနေ တနင်္သာရီတိုင်းဒေသထဲမှာ အဆိုပြုအမျိုးသားဥယျာဉ် အနေနဲ့ ထိန်းသိမ်းရေးလုပ်ငန်းကို စတင်ကြိုးပမ်းဆောင်ရွက်လာခဲ့ပေမဲ့့ လက်နက်ကိုင် ပဋိပက္ခအခြေ အနေ တွေကြောင့် အကောင်အထည်ပေါ်မှု အစီအစဉ် ရပ်စဲထားခဲ့ရပါတယ်။ အစိုးရနဲ့ KNUအကြားအပစ်ရပ်စဲမှု လက်မှတ်ရေးထိုးပြီးတဲ့ ၂၀၁၅နောက်ပိုင်းမှာတော့ အစိုးရအနေနဲ့ ၎င်းတို့ကိုယ်တိုင်မဝင်ရောက်နိုင်တဲ့ အခြေ အနေမှာ INGOအဖွဲ့အစည်းတွေနဲ့ နားလည်မှု စာချွန်လွှာလက်မှတ်တွေရေးထိုးပြီးစီမံကိန်းကို ဆက်ပြီး အကောင်အထည်ဖော်ဖို့ ပုံစံအမျိုးမျိုးနဲ့ ကြိုးပမ်းလာခဲ့ပါတယ်။
အလားတူ ယခင်က အစိုးရအနေနဲ့ကချင်ပြည်နယ်က ခါရာပိုရာဇီ တောင်တန်း ဒေသနဲ့ သျှမ်း(ရှမ်း) ပြည်နယ် က အင်းလေးကန်လို မြန်မာနိုင်ငံရဲ့ အထင်ကရဒေသတွေကို ထိန်းသိမ်းရေး စီမံကိန်းအနေနဲ့ INGOအဖွဲ့ အစည်းတွေရဲ့ အကူအညီရယူပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့စဉ်က ထိခိုက်နစ်နာမှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိခဲ့တာကြောင့် ဒီအပေါ်မှာ ဒေသခံ အရပ်ဖက်အဖွဲ့အစည်းတွေက စိုးရိမ်မှုတွေလည်း မြှင့်တက်လျက်ရှိ နေပါတယ်။
တောင်တန်းဒေသမှ သန္တာကျောက်တန်းများဆီသို့ ဆိုတဲ့ ထိန်းသိမ်းရေးစီမံကိန်းကို ၆နှစ်တာ ကာလစီမံကိန်း အနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ စီမံချက်တွေ ရေးဆွဲထားပြီးဖြစ်သလို လိုအပ်တဲ့ သတင်းအချက် အလက်တွေကို လည်း စုဆောင်းထားမှုတွေပြုထားတာကြောင့် ၎င်းစီမံကိန်မှာ ဆက်လက်အကောင်အထည်ဖော်ရန် အလားအလာရှိနေ ပါတယ်။
ဒီစီမံကိန်းအပေါ် စိုးရိမ်မှုမြှင်တက်နေတဲ့ ဒေသခံဌာနေတိုင်းရင်းသားတွေထဲက စောစိုးမြကတော့ “ရွာ တစ်ရွာပျက်စီးသွား တာနဲ့ ဒီရွာမှာရှိတဲ့ ဓလေ့ထုံးတမ်းတွေ ယဉ်ကျေးမှုတွေလည်း အကုန်လုံးလိုက်ပါ ပျက်စီးသွားတာပဲ။ နောက်ထပ်ပြောင်း ရရွှေ့ရ ပြေးရလွှားရမဲ့အခြေအနေမျိုးကိုတော့ ကျနော်တို့တွေ ထပ်မလိုလားတော့ဘူး။ ကျနော်တို့က ပညာလည်းမတတ် ပါဘူး။ ဒီတောဒီတောင်ထဲမှာပဲ စိုက်ပျိုးစားသောက်ပြီး ရှင်သန် ရပ်တည်နေကြရတာ။ ဒါကိုမှ လုပ်ပိုင်ခွင့်မရှိနိုင်တော့ဘူး ဆိုရင် အစိုးရအနေနဲ့ ကျနော်တို့အတွက် ဘာအာမခံ ချက်တွေပေးနိုင်မလဲဆိုတာပဲ မေးချင်ပါတယ်”လို့ ပြောဆိုလိုက်ပါ တယ်။