မွန်ပါတီ ပေါင်းစည်းရေး အထူးသတိပြုစရာ

မွန်ပါတီ ပေါင်းစည်းရေး အထူးသတိပြုစရာ
by -
ဟိန်းထက်၊ ဂေထော

မွန်နိုင်ငံရေး ပါတီ နှစ်ခု ဖြစ်သော မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီတို့ မကြာခင် ပေါင်းစည်းတော့မည်ဟု နှစ်ဖက်ပါတီ တာဝန်ရှိသူက ထုတ်ဖော် ပြောဆိုမှုများ ရှိလာခဲ့ပြီ။

တစ်ဖက်တွင်လည်း မွန်အမျိုးသား ကိုယ်စားပြု ပါတီ တည်ထောင်လိုသူများကလည်း ရွေးကောက်ပွဲ ကော်မရှင်၌ တရားဝင် မှတ်ပုံတင်မည့် အရေးကို ဆိုင်းငံ့ ထားသည့် အခြေအနေ။

မွန်ပြည်သူအများစု မျှော်လင့်နေကြသည်မှာ နိုင်ငံရေးပါတီ ပေါင်းစည်းရေးနှင့် မွန်နိုင်ငံရေး ပါတီ တစ်ခုတည်း ဖြစ်ရေး။ထိုအခြေအနေ အားလုံးကို ရွေးကောက်ပွဲ၌ သင်ခန်းစာ ရခဲ့ဖူးသောမွန်ပါတီများက မည်သို့ ပြန်လည် အသုံးချမည်နည်း။

ရွေးကောက်ပွဲ သင်ခန်းစာ

၂၀၁၅ ရွေးကောက်ပွဲသည် မွန်နိုင်ငံရေး ပါတီများကို အကြီးမားဆုံး သင်ခန်းစာ တစ်ခု ပေးနိုင်ခဲ့သည်ဟုဆိုလျှင်မမှား။အရင်းခံမှာ ရွေးကောက်ပွဲကို မွန်နိုင်ငံရေး ပါတီများဖြစ်သော မွန်အမျိုးသားပါတီ (MNP) ၊ မွန်ဒေသလုံး ဆိုင်ရာဒီမိုကရေစီပါတီ (AMDP) ၊ အမျိုးသမီးပါတီ (မွန်) တို့က ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိမှု နေရာ နည်းပါးခဲ့ခြင်း ဖြစ်သည်။အဆိုပါ ပါတီ သုံးခု စလုံးသည် ကိုယ်စားလှယ်နေရာ ၇၄ နေရာအထိ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း မဲဆန္ဒနယ် လေး နေရာသာ အနိုင်ရခဲ့ခြင်းဖြစ်၏။

ထိုရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲချုပ် (NLD ) ပါတီက မွန်ပြည်နယ်တွင် ၉၅ ရာခိုင်နှုန်းအထိ အနိုင်ရသွားခဲ့သည်။မွန်တစ်ပြည်နယ်လုံးရှိ မဲဆန္ဒနယ် ၄၅ နေရာတွင် NLD ပါတီက ၄၀ နေရာ အနိုင်ရရှိခဲ့ပြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီက တစ်နေရာ၊ မွန် အမျိုးသားပါတီက သုံးနေရာနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီက တစ်နေရာသာ အနိုင်ရခဲ့ခြင်းဖြစ်သည်။

အမျိုးသမီးပါတီ (မွန်) ကမူ တစ်နေရာမှ အနိုင်ရရှိခဲ့ခြင်း မရှိပေ။တစ်ဆက်တည်း အားဖြင့် ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲကျင်းပရာ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာကိုကြည့်လျှင်လည်းမွန်ပါတီ နှစ်ခု ဖြစ်သော မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ တို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အနိုင်မရခဲ့ကြ။

ထိုကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က အနိုင်ရသွားသည်။ယင်းကဲ့သို့ အခြေအနေများကြောင့် မွန်နိုင်ငံရေး ပါတီများ ပေါင်းစည်းကြရန် မွန်ပြည်သူများနှင့် ရဟန်းသံဃာများက တောင်းဆိုနေကြခြင်းဟုလည်းဆိုနိုင်သည်။

ကြိုးပမ်းချက်

မွန်နိုင်ငံရေး ပါတီများ ပေါင်းစည်းရေးအတွက် ၂၀၁၂ ခုနှစ်ကတည်းက စတင် ကြိုးပမ်းခဲ့သည်။ သို့သော်လည်း အခြေအနေ အရပ်ရပ်ကြောင့် အောင်မြင်မှု မရရှိခဲ့ဘဲ ၂၀၁၅ ရွေးကောက်ပွဲကို ဖြတ်သန်းရာ အထက်ပါအဖြစ်မျိုးနှင့်ကြုံခဲ့ရသည်။

ထိုအခြေအနေကြောင့် မွန်ပြည်သစ်ပါတီ ဦးဆောင်သော မွန်သံဃာတော်များ၊ မွန်ပညာရှင်များနှင့် ပူးပေါင်း၍ မွန်နိုင်ငံရေးပါတီများ ညီညွှတ်မှု တည်ဆောက်ရေး ညှိနှိုင်းရေးအဖွဲ့ကို ၂၀၁၆ စက်တင်ဘာတွင် ဖွဲ့စည်းခဲ့သည်။

ညှိနှိုင်းရေးအဖွဲ့သည် မွန်နိုင်ငံရေး အင်အားကြီးသော မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီတို့ ပေါင်းစည်းရေးကို အစဉ်တစိုက်ကြိုးပမ်းခဲ့ပြီး၊ ပေါင်းစည်းရေးအတွက်လည်း အကြိမ် ၅၀ ထက်မနည်း ကြိုးပမ်းခဲ့သည်။အဆိုပါ ညှိနှိုင်းရေးအဖွဲ့ကိုမူ မွန်နိုင်ငံရေး ပါတီ နှစ် ခုက အသိမှတ် မပြုခဲ့ပေ။ထို့ကြောင့် ညှိနှိုင်းရေးအဖွဲ့သည် ၂၀၁၇ နှစ်လယ်ပိုင်းတွင် မွန်ပါတီ နှစ်ခု ပေါင်းစည်းရေးကို လက်လျှော့သွားခဲ့သည်။

 

လတ်တလော အခြေအနေ

မွန်နှစ်ပါတီ ပေါင်းစည်းမှု အဆင်မပြေမှုများ ဖြစ်ပေါ်ပြီးနောက် နှစ်ဖက်ပါတီမှ အလုပ်အမှုဆောင်များနှင့် ပါတီဝင် အချို့ နုတ်ထွက်မှုများ ရှိခဲ့သည်။

ထိုသို့ နုတ်ထွက်မှုများ ဖြစ်ပေါ်ပြီးနောက် မွန်နိုင်ငံရေး လှုပ်ရှားသူများနှင့် စိတ်ဝင်စားသူ ရဟန်းသံဃာအချို့က မွန်နိုင်ငံရေး ညီလာခံ ကျင်းပရန် စီစဉ်ခဲ့သည်။

ပထမအကြိမ် မွန်နိုင်ငံရေး ညီလာခံကိုလည်း ၂၀၁၈ ဇန်နဝါရီ ၁၃၊ ၁၄ ရက်တွင် မော်လမြိုင်မြို့ရှိ သာသနာ ၂၅၀၀ ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။

ညီလာခံ၌ မွန်အမျိုးသား ကိုယ်စားပြု ပါတီသစ်တစ်ခု တည်ထောင်ရန်နှင့် မွန်နိုင်ငံရေး ပါတီအားလုံး ပေါင်းစည်းရေးတွင် ပါဝင်လာရန် ကြိုးပမ်းမည်ဟူသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့သည်။

သို့သော်လည်း ထိုညီလာခံကို မွန်နိုင်ငံရေး ပါတီ နှစ်ခု အသိမှတ်မပြုခဲ့သည့်အပြင် ဖိတ်ကြားမှုကိုလည်း တက်ရောက်ခဲ့ခြင်း မရှိပေ။

သို့သော်လည်း မွန်အမျိုးသား ကိုယ်စားပြုပါတီ ဖော်ဆောင်ရေးအဖွဲ့သည် ဒုတိယအကြိမ် မွန်နိုင်ငံရေး ညီလာခံကို မေ ၁၂ ရက်မှ ၁၄ ရက်အထိ သုံး ရက်တိုင်တိုင် ထပ်မံ ကျင်းပခဲ့ပြန်သည်။

ဒုတိယအကြိမ် ညီလာခံတွင်မူ ပါတီသစ်၏ ဖွဲ့စည်းပုံ အတည်ပြုနိုင်ခဲ့ပြီး ရွေးကောက်ပွဲ ကော်မရှင်သို့ တရားဝင် ပါတီအဖြစ် မှတ်ပုံတင်ရန် စီစဉ်ခဲ့သည်။

ထိုအခြေအနေများကြောင့် မွန်နိုင်ငံရေး ပါတီနှစ်ခု ဖြစ်သော မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီတို့သည် ၎င်းတို့ ပါတီ နှစ်ခု ပေါင်းစည်းမှုကို ညှိနှိုင်းရေးအဖွဲ့ မပါဘဲ မိမိတို့ ကိုယ်တိုင် လုပ်ဆောင်သွားမည့်အကြောင်း နှစ်ပါတီ ပေါင်း၍ ကြေညာချက် ထုတ်ပြန်ခဲ့၏။

လက်ရှိ နှစ်ပါတီ ပေါင်းစည်းမှုအခြေအနေနှင့် ပတ်သက်ပြီး မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယိတမက အခုလို မှတ်ချက်ပြုသည်။

“ကျွန်တော်တို့က ပြီးခဲ့တဲ့ တတိယအကြိမ် နှစ်ပါတီဆွေးနွေးပွဲမှာ နှစ်ပါတီပေါင်းစည်းရေးလုပ်ငန်းစဉ်ပြီးမြောက်သွားရင် မွန်မှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေအားလုံးပါဝင်နိုင်ရေးအတွက် ပူးပေါင်းပြီးတော့ သွားမယ်ဆိုတဲ့ သဘောတူညီချက်ချမှတ်ခဲ့တယ်”ဟု ဆိုသည်။

နှစ်ပါတီ ပေါင်းစည်းရေးအတွက်လည်း အမည်သတ်မှတ်ရန်နှင့် လုပ်ငန်း တာဝန်များ ခွဲဝေရန် ဇူလိုင် ၂၁ ရက်တွင် စတုတ္ထအကြိမ် တွေ့ဆုံရန် စီစဉ်ထားသည်။

စတုတ္ထအကြိမ် တွေ့ဆုံပွဲပြီးပါက မွန်ပြည်သူများ မျှော်လင့်နေသော ဆန္ဒပြည့်ဝသွားတော့မည်ဟု နိုင်လယိတမက ပြောဆိုသည်။

နှစ်ပါတီ ပေါင်းစည်းရေး အခြေအနေနှင့် ပတ်သက်ပြီး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ တွဲဖက် အတွင်းရေးမှူး နိုင်စံတင်က အမြန်ဆုံး ဖြစ်အောင် ကြိုးစားသွားမည်ဟု ကတိပြု ပြောဆိုသည်။

ထိုသို့ မွန်ပါတီနှစ်ခု ပေါင်းစည်းရေး လုပ်ဆောင်မှု အောင်မြင်လာခဲ့သဖြင့် မွန်အမျိုးသား ကိုယ်စားပြု ပါတီ တည်ထောင်သူများက ၎င်းတို့ ပါတီ မှတ်ပုံတင်မည့် ကိစ္စကို ဆိုင်းငံ့ထားကြောင်း အဆိုပါ ပါတီ တည်ထောင်လိုသူ အစုအဖွဲ့ ခေါင်းဆောင် နိုင်တလညီက ဆိုသည်။

ထို့အပြင် ဇူလိုင် ၆ ရက်က မော်လမြိုင်မြို့ရှိ Rolay Hinthar Hotel မှာ နှစ်ပါတီ ပေါင်းစည်းရေး ကော်မတီဝင် အချို့နှင့် မွန်အမျိုးသား ကိုယ်စားပြု ပါတီ တည်ထောင်လိုသူ ၂၁ ဦးမှ ကိုယ်စားလှယ် ငါး ဦးတို့ အလွတ်သဘော တွေ့ဆုံသည်အထိ တိုးတက်လာခဲ့သည်။

မွန်အမျိုးသား ကိုယ်စားပြု ပါတီ တည်ထောင်လိုသူ ၂၁ ဦးအဖွဲ့မှ ဒုတိယခေါင်းဆောင် ဒေါက်တာ အောင်နိုင်ဦးကမူ မွန်ပြည်သူများအတွက် ဝမ်းသာစရာ စကား မကြာခင် ကြားရတော့မည်ဟု ဆိုထားသည်။

မွန်ပြည်သစ်ပါတီကမူ မွန်နိုင်ငံရေး ပါတီ တည်ထောင်လိုသူများအနေဖြင့် အားလုံး ပါဝင်ရေးမူကို လက်ကိုင်ထားရန် တိုက်တွန်းထားသည်။

သို့သော်လည်း တစ်ဖက်တွင်မူ အမျိုးသမီးပါတီ(မွန်) ၏ အခန်းကဏ္ဍ တစ်ရပ် ရှိနေပြန်သည်။

မွန်အမျိုးသမီးပါတီ ဥက္ကဋ္ဌ မိသန်းရှင်ကတော့ လာမည့် ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားမည့်အကြောင်း ဟင်္သာမီဒီယာသို့ ဇွန် ၇ ရက်တွင် အတည်ပြု ပြောဆိုထားသည်။

ထိုသို့ ယှဉ်ပြိုင်ရာတွင် ဆန္ဒမဲ မကွဲစေရန်အတွက် မွန်ပါတီများ ရှိသည့် နေရာများ၌ ဝင်ရောက် ယှဉ်ပြိုင်မည်မဟုတ်ဘဲ လွတ်သော နေရာများတွင်သာ ယှဉ်ပြိုင်ရန် စီစဉ်ထားသည်ဟု ၎င်းက ပြောဆိုသည်။

“ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ်၊ ဘာကြောင့်လဲဆိုတော့ မယှဉ်ပြိုင်ဘူးဆိုရင် ဒီပါတီက အဖျက်ခံရမယ်”ဟု မိသန်းရှင်က ဆိုသည်။ပါတီအနေဖြင့် အသစ် ထူထောင်မည့် မွန်အမျိုးသား ကိုယ်စားပြု ပါတီနှင့်လည်း ပူးပေါင်း လုပ်ဆောင်သွားရန် အစီအစဉ် မရှိသေးကြောင်းနှင့် ရွေးကောက်ပွဲဝင်ရန် တခြား ပါတီ နည်းတူ ပြင်ဆင်မှုများပြုလုပ်နေပြီဟု ၎င်းက ပြောဆိုသည်။လက်ရှိအခြေအနေများအရ အင်အားကြီး မွန်နိုင်ငံရေး ပါတီနှစ်ခုနှင့် မွန်အမျိုးသား ကိုယ်စားပြု ပါတီ တည်ထောင်လိုသူတို့ ပေါင်းစည်းရေးကိစ္စသည် အတော်လေး အခြေအနေကောင်းနေသည်ဟု ဆိုနိုင်ပေသည်။

ရခိုင်ပါတီ နမူနာ

မွန်နိုင်ငံရေးပါတီများ ပေါင်းစည်းဖြစ်ပါက ရခိုင်ပါတီနှစ်ခုပေါင်းစည်းခြင်းကို နမူနာ ယူရန်ကိစ္စများစွာရှိနေသည်။အကြောင်းမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) တို့သည် ရခိုင်တစ်အမျိုးသားလုံး၏ ဆန္ဒအရ ရခိုင်အမျိုးသားပါတီ (ANP) အဖြစ် ပေါင်းစည်းရန် ၂၀၁၃ မေ ၁၆ ရက်တွင် သဘောတူခဲ့ကြပြီး ရွေးကောက်ပွဲကိုလည်း ပေါင်းစည်း၍ ယှဉ်ပြိုင်ခဲ့ကာ နေရာ အတော်များများ အနိုင်ရခဲ့သည်။

သို့ဖြင့် နှစ်ပါတီတို့သည် ရခိုင်အမျိုးသားပါတီအဖြစ် ဆက်လက် လှုပ်ရှားခဲ့ကြသော်လည်း မူဝါဒနှင့် လုပ်ငန်းစဉ် မတူညီကြသည့်အတွက် ပါတီအတွင်းတွင် အုပ်စုနှစ်ခုအဖြစ် ဆက်လက်ရှိခဲ့သည်။

အထူးသဖြင့် ရခိုင်အမျိုးသားပါတီ၏ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ၃၉ ဦးတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ (၇) ဦးသာ ပါဝင်ခဲ့သဖြင့် ပါတီ၏ မူဝါဒနှင့် လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ရာတွင် အခက်အခဲများကို ဖြစ်ပေါ်လာစေခဲ့ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

ထိုကြောင့် ရခိုင်အမျိုးသားပါတီအဖြစ် ပူးပေါင်းဖွဲ့စည်းထားသော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့အနေဖြင့် ရှေ့ဆက်၍ ပူးပေါင်း ဆောင်ရွက်သွားရန် မဖြစ်နိုင်တော့ကြောင်း ၂၀၁၇ သြဂုတ် ၂၃ ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ရွေးကောက်ပွဲ ကော်မရှင်တွင် တရားဝင် ပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ခဲ့သည်။

ပါတီအတွင်း အကွဲအပြဲ ဖြစ်ပေါ်ခဲ့သော အခြေအနေကို ရခိုင်အမျိုးသားပါတီမှ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဒေါ်ခင်စောဝေက ဟင်္သာမီဒီယာကို အခုလို မှတ်ချက်ပေးသည်။“အဓိကကတော့ အမြင်မတူမှုတွေကြောင့် ဖြစ်သွားတာပါ”ဟု ဆိုသည်။

သတိပြုစရာ



မည်သို့ပင်ဖြစ်စေ မွန်ပါတီများအနေဖြင့် ပေါင်းစည်းပြီးပါက ရာထူး၊ တာဝန်ခွဲဝေမှုတွင် များစွာ သတိချပ်စရာရှိသည်မှာကား အခြေခံအကျဆုံး သတိထားစရာကိစ္စဖြစ်ကြောင်း ရခိုင်နှစ်ပါတီပေါင်းစည်းမှုက သက်သေပြပြီးဖြစ်သည်။။

ထို့ကြောင့် ဗဟိုကော်မတီဝင်အဖွဲ့နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်တို့ကို မည်သို့ အချိုးကျ ခွဲဝေပေးမည်နည်းဟူသော မေးခွန်း ကို အကျေအလည်ကြိုတင်သဘောတူထားကြရန်လိုသည်။

ရခိုင်ပါတီများတွင်မူ ပါတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် အချိုးမကျခြင်းကြောင့် ပေါင်းစည်းပြီးမှ ပြန်ကွဲခဲ့ရသည်မှာ သာဓကအဖြစ်ရှိနေသည်။

အဓိကအားဖြင့် နောက်ထပ်သတိပြုရမည့်အချက်မှာ အများစုအနိုင်ရပါတီနှင့် မဟာမိတ် ဖွဲ့ရေး ၊ မဖွဲ့ရေးကဲ့သို့ အသေးစိတ်ကိစ္စများပါဝင်သည့် ပါတီမူဝါဒများ၊ ရှေ့လုပ်ငန်းစဉ်များ၊ မျှော်မှန်းချက်များ ကြိုတင်သတ်မှတ်၍ စုစည်းမှုအား စည်းနှောင်ထားရန်ဖြစ်သည်။ ဒါသည်လည်း ရခိုင်ပါတီများက ပြဆိုသော နမူနာပင်။

ထိုအခြေအနေ ကိစ္စရပ် အားလုံးဖြတ်သန်းခဲ့ပြီးသော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ယခုလို မှတ်ချက်ပြုထား၏။

“နိုင်ငံရေး ပါတီတွေ ပေါင်းတယ်ဆိုတာ မျှတမှု အပေါ်မှာ အခြေခံပါလိမ့်မယ်၊ နောက်တစ်ခု နိုင်ငံရေး မူဝါဒအပေါ်မှာ အခြေခံပါလိမ့်မယ်၊ အဲလိုမျိုး မျှတမှုလည်း မရှိဘူး၊ နိုင်ငံရေးမူဝါဒလည်း မတူဘူးဆိုရင်တော့ ပေါင်းရတာ မလွယ်ဘူး၊ ဟန်ဆောင်ရင်လည်း ခဏလေးနဲ့ ပြန်ကွဲသွားမယ်”ဟူ၍ပင်။

Most read this week

မြေရှားသတ္တုစစ်ယူသည့် အက်ဆစ်ရေကန်များ
January 17, 2024
ဆမ်နော် — ကမ္ဘာ့မြေရှားတောင်းဆိုမှုအရ တရုတ်ရဲ့ လိုအပ်မှုအတိုင်း ကချင်မြေရှားတွေကတော့ ဆက်လက်...
March 21, 2023
ရခိုင်ပြည်ထဲက ရထားလမ်းစီမံကိန်းမှာ သံလမ်းမရောက်၊ ရထားမရောက်ဘဲ ခါးပြတ်နေသည့်...
April 27, 2022
“ကျနော်တို့ပြည်နယ်တော့ ပြန်ပြီးငြိမ်းချမ်းမယ်လို့ ထင်တယ်လေ။ မငြိမ်းချမ်းနိုင်တော့ဘူးလား။...
March 28, 2022
“ဒီစစ်အာဏာရှင်တွေနဲ့ ဆွေးနွေးပြီးတိုက်နေလို့ ဘယ်တော့မှအမြစ်ပြတ်မှာ မဟုတ်ဘူး။ စစ်ရေးအရ အပြင်...