JMC-S နှင့်တစ်ဆို့နေရသည့် NMSP

JMC-S နှင့်တစ်ဆို့နေရသည့် NMSP
by -
ဗညားအောင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် NMSP ခေါင်းဆောင်များအမှတ်တရဓါတ်ပုံ(Photo/Facebook)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် NMSP ခေါင်းဆောင်များအမှတ်တရဓါတ်ပုံ(Photo/Facebook)

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ် မရေးထိုးခင်တွင် အစိုးရ၊ တပ်မတော်ထိပ်တန်းအကြီးအကဲများနှင့် မွန်ပြည်သစ်ပါတီခေါင်းဆောင်များကြား ဆွေးနွေးမှုများတွင် အဆင်ပြေသလိုရှိခဲ့သော်လည်း အမှတ်တကယ် လက်မှတ်ရေးထိုးဖြစ်သည့်အခါ မျှော်လင့်မထားသည့် တစ်ဆို့မှုများနှင့် ကြုံတွေ့နေရသည်ဟု မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်က ပြောသည်။

နိုင်ထောမွန်က “သမ္မတဦးသိန်းစိန်လက်ထက်က သတ်မှတ်ပေးထားတဲ့ ဇီးနှစ်ပင်၊ ဘုရားတောင် တပ်တည်နေရာတွေကို အစိုးရစစ်တပ် မနှစ်ကဝင်သိမ်းထားတာ ပြန်မအပ်သေးဘူး၊ နောက်တစ်ချက် JMC-S နေရာမှာ ကျနော်တို့တပ်ဖွဲ့တွေရှိတဲ့ တနင်္သာရီနဲ့ ကရင်ပြည်နယ်တွေမှာလည်း ပါဝင်ခွင့်မပြုဘူး၊ မွန်ပြည်နယ် JMC-S တစ်ခုပဲ ပါဝင်ခွင့်ပြုတယ်၊ အဲဒီကိစ္စတွေမှာ ကနေ့အထိ တစ်ဆို့နေတုန်းပဲ” ဟု ဆိုသည်။

ယင်းသို့ ကရင်နှင့် တနင်္သာရီ JMC-S တို့တွင်ပါဝင်ခွင့်မရှိသဖြင့် မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-S) တွင်လည်း မွန်ပြည်သစ်မပါဝင်နိုင်ဟု NMSP ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဆုံးဖြတ်ထားသည့်အတွက် NCA လက်မှတ်ရေးထိုးပြီးလျင် ပြန်အပ်ပေးမည်ဆိုသည့် သံဖြူဇရပ်-ဘုရားသုံးဆူမော်တော်ကားလမ်းပေါ်ရှိ ဇီးနှစ်ပင်နှင့် ဘုရားတောင်တပ်စခန်းကိစ္စသည်လည်း ဆက်လက်တစ်ဆို့နေဆဲဖြစ်သည်။

 

မွန်ပြည်သစ်မှ လက်ခံရရှိခဲ့သောမှတ်တမ်းအရ သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ ပြည်နယ်/ပြည်ထောင်စုအဆင့် Bilateral Agreement လက်မှတ်ရေးထိုးစဉ်က တပ်တည်ဧရိယာ ၁၈ နေရာ တရားဝင်သတ်မှတ်ပေးခဲ့သည်မှာ မွန်ပြည်နယ် ၁၂ နေရာ၊ ကရင်ပြည်နယ် ၅ နေရာနှင့် တနင်္သာရီတိုင်း ၁ နေရာ ဖြစ်သည်။



အကျယ်ချဲ့မည်ဆိုပါက မွန်ပြည်သစ်ပါတီ၏ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA တပ်ရင်းများ အခြေစိုက်လှုပ်ရှားနေသည်မှာ အမှတ် ၁ တပ်ရင်း ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်(အင်းခွရွာ) ခန့်မှန်းမြေပုံညွှန်း(S-703317)၊ အမှတ် ၄ တပ်ရင်း ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်(မင်းရွာ) ခန့်မှန်းမြေပုံညွှန်း(S-509024)၊ အမှတ် ၅ တပ်ရင်း၊ ကရင်ပြည်နယ် (ထိုင်းနယ်စပ်) ဘုရားသုံးဆူမြို့နယ်ခွဲ (ဗလဲ့ဒွန်ဖိုက်) ခန့်မှန်းမြေပုံညွှန်း(D-275057) နှင့် အမှတ် ၂ တပ်ရင်း တနင်္သာရီတိုင်း ရေဖြူမြို့နယ်(ကင်းချောင်းဖျား) ခန့်မှန်းမြေပုံညွှန်း(J-180545)၊ ဆက်လက်ညှိနှိုင်းနေဆဲဖြစ်သည့် အမှတ် ၆ တပ်ရင်း (ထိုင်းနယ်စပ် Prachuap Khiri Khan အနီး) မြိတ်ခရိုင် တနင်္သာရီတိုင်းအတွင်း ဖြစ်သည့်အတွက် မွန်ပြည်နယ်အတွင်းမှာထက် တပ်ရင်းအင်အားပိုများသည်ကို တွေ့ရှိနိုင်သည်။

မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေးက “ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ ကျွန်တော်တို့ မွန်တပ်တွေ ရှိနေတယ်၊ မွန်တပ်တွေက ၁၉၉၅ ကတည်းက အခြေစိုက်ဖို့ သဘောတူညီချက်ရထားတာ ဖြစ်တယ်၊ နောက်ပြီး မွန်ပြည်သူလူထုက အများဆုံးဖြစ်တယ်၊ ဒါကို JMC-S ကရင်နဲ့ တနင်္သာရီထဲမှာ ပါဝင်ခွင့်ရဖို့ ကျွန်တော်တို့ ငြိမ်းချမ်းရေးကော်မရှင် PC ကို အကူအညီတောင်းထားတယ်” ဟု ဆိုသည်။

အဆိုပါတပ်တည်ဧရိယာများသည် နဝတစစ်အစိုးရလက်ထက် ၁၉၉၅ ခုနှစ် ဇွန်လအတွင်း မွန်ပြည်သစ်ပါတီတို့ Gentleman Agreement အပစ်ရပ်သဘောတူညီချက်များကို အခြေခံပြီး သမ္မတဦးသိန်းစိန်လက်ထက်မှာ ပြန်လည်အတည်ပြုပေးခြင်းဖြစ်သည့်အတွက် မွန်ပြည်သစ်တပ်ဖွဲ့ဝင်များသည် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းရှိ မွန်လူမျိုးများ အထူထပ်ဆုံးနေထိုင်လျက်ရှိသည့် ဧရိယာများတွင် အနှစ် ၂၀ ကျော်ကြာ  တရားဝင် အသိအမှတ်ပြုအခြေစိုက်ခွင့်ရှိခဲ့သည်မှာ ယနေ့လက်ရှိအနေအထားတိုင်းပင် ဖြစ်သည်။

ယခင်နိုင်ငံတော်၏ဖွဲ့အစည်းပုံအခြေခံဥပဒေအရ ကရင်ပြည်နယ်နှင့် လက်ရှိတနင်္သာရီတိုင်းတို့၏ ဧရိယာအကျယ်အဝန်းမသတ်မှတ်မီကာလကပင်  ယင်းဒေသများမှာ မွန်နာမည်ဖြင့် မွန်တိုင်းရင်းသားများနေထိုင်သည့် ကျေးရွာ/မြို့များ ဖြစ်တည်ရှိခဲ့ပြီး မွန်တပ်ဖွဲ့များလှုပ်ရှားနေခဲ့သည်မှာလည်း တော်လှန်ရေးအစပိုင်းမှ ရေတွက်ပါလျှင် အနှစ် ၇၀ နီးပါးခန့်ရှိပြီဟု ဆိုရပါမည်။     

အလားတူ မွန်ပြည်သစ်ပါတီ၏ မဟာမိတ်ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး KNU သည်လည်း ကရင်ပြည်နယ်တွင်းသာမက ကရင်တိုင်းရင်းသားများ နေထိုင်လျက်ရှိသည့် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ပဲခူးတိုင်းတို့တွင် အခြေစိုက်လှုပ်ရှားနေသည်ကိုလည်း တွေ့ရပါမည်။

ထို့ကြောင့် NCA လက်မှတ်ရေးထိုးပြီးနောက် KNU အနေဖြင့် ကရင်၊ မွန် ၊ ပဲခူး၊ တနင်္သာရီတို့တွင် တိုင်းဒေသကြီး/ပြည်နယ်အဆင့် (JMC-S) များတွင် ပါဝင်ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ပြည်ထောင်စုအဆင့် (JMC-U) အနေဖြင့် လက်ရှိ မွန်ပြည်သစ်ပါတီ တပ်ဖွဲ့များအခြေစိုက်သည့် အခြေအနေမှန်ကို လေ့လာမှုမရှိခြင်း၊ အမှန်တကယ် မသိရှိခြင်း (သို့တည်းမဟုတ်) ပေါ်လစီအနေအထားအရ ကရင်နှင့် တနင်္သာရီတို့တွင် မွန်ပြည်သစ်အား JMC-S ပါဝင်ခွင့်မပြုဟု ယူဆစရာရှိသည်။  

JMC-U အတွင်းရေးမှူး-၁  ဒေါက်တာရွှေခါးက “ အစိုးရဘက်ကတော့ မွန်ပြည်နယ် JMC-S မှာပဲပါဝင်ဖို့ ပြောတာပေါ့နော်။ ဒါပေမယ့် မွန်(NMSP) ကတော့ ကရင်နဲ့ တနင်္သာရီမှာလည်း ပါချင်တယ်ပေါ့။ အစိုးရဘက် အကြောင်းပြတာကတော့ New Mon State Party က တကယ့်တပ်ဆိုလို့ မွန်ပြည်နယ်မှာပဲ ရှိတယ် ဆိုတာပေါ့။ ဘာဖြစ်လို့ဆိုတဲ့ဟာမျိုး တိတိကျကျ ပြောတာတော့မရှိဘူး။ ကျနော်တို့ JMC-U က ဒီကိစ္စတွေကိုတော့ ကျနော်တို့ ၂ ဖက်စလုံးကနေ အထက်ကိုပဲ တင်ပြတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက တကယ့် ပေါ်လစီပိုင်းကိစ္စကိုး။ အဲဒါမှ မပြေလည်ဘူးဆိုရင်တော့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM မှာပဲ ဆွေးနွေးကြတာပေါ့” ဟု ပြောသည်။

JMC ဆိုသည်မှာ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေးသက်သက်မဟုတ်ဘဲ နှစ်ဖက်ယုံကြည်မှုများ တည်ဆောက်သည့် ယန္တရားတစ်ခုလည်းဖြစ်နေပြီး ပစ်ခတ်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာ လူထုတွေ့ဆုံဆွေးနွေးပွဲများလည်း ရှိနေသည်ဟု ဒေါက်တာရွှေခါးက ဆိုသည်။ 

သို့ရာတွင် မွန်ပြည်သစ်ပါတီ NCA လက်မှတ်ရေးထိုးပြီးသည့်ကိစ္စနှင့်ပတ်သက်၍ မွန်လူထုအများဆုံး နေထိုင်ကြသည့် မုဒုံ၊ ရေး၊ ပေါင်စသည့်မြို့နယ်များအတွင်း မွန်ပြည်နယ် JMC-S အဖွဲ့ဝင်များ ပြီးခဲ့သည့် လပိုင်းအတွင်း လူထုတွေ့ဆုံရှင်းလင်းပွဲများ ခပ်စိပ်စိပ် ပြုလုပ်ခဲ့ရာတွင် မွန်ပြည်သစ်ပါတီကိုယ်စားလှယ် တစ်ဦးကိုမျှ ဧည့်သည်တော်အဖြစ်ပါဝင်ဟောပြောပေးရန် ဖိတ်ကြားခြင်းမရှိသဖြင့် ယုံကြည်မှုကို တည်ဆောက်နေသည့်ကိစ္စတွင် မေးခွန်းများရှိလာသည်။

KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက “NCA အကောင်အထည်ဖော်မှုမှာ ဘယ်လိုပဲ အခက်အခဲ ကြုံရပါစေ၊ အပြန်အလှန် လေးစား အသိအမှတ်ပြုခြင်း၊ ညှိနှိုင်းတိုင်ပင်ခြင်း၊ အကြေအလည် ညှိနှိုင်းခြင်း၊ အင်အားမသုံးခြင်း အစရှိသည်တို့ ပါဝင်တဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ်ကို အခြေခံပြီး ကျနော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေး ရရှိရေးကို အတူတကွ ကြိုးစားကြဖို့ သန္ဓိဌာန်ပြုပါတယ်” ဟု ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ မေ ၉ ရက်နေ့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး အဖွင့်နှုတ်ခွန်း ဆက်စကားမှာ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

NCA ကို မိမိတို့အဖွဲ့အစည်းတစ်ခုချင်းစီကနေ Bilateral အခြေခံပြီး တစ်နိုင်ငံလုံးဆိုင်ရာအဆင့်တွေမှာ အစိုးရ၊ တပ်မတော်နှင့် လက်မှတ်ရေးထိုးထားခဲ့ကြသည့်အတွက် မိမိတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် မိမိအဖွဲ့၏ ရပ်တည်ချက်ကိုယူဆောင်လာ၍ ဘုံရပ်တည်ချက်ရှာကြံကာ အတူတကွအကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်း၊ တူတာများကိုတွဲလုပ်ပြီး မတူတာများကို ခွဲလုပ်သင့်က ခွဲလုပ်ကြရမည်ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ဆိုသည်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး Institute ၏ ဒါရိုက်တာ ဦးအောင်သူငြိမ်းက “ကျနော်သိရသလောက်တော့ စစ်တပ်ကလက်ရှိရေးထားတဲ့ NCA စာသားကိုပဲ ကိုင်သလိုဖြစ်တယ်၊ အကောင်အထည်ဖော်ချင်တဲ့ဟာ ဖော်တယ်၊ မဖော်ချင်တာမဖော်ဘူး၊ နောက်တစ်ခုက အရင်ဆွေးနွေးထားတဲ့ Bilateral Agreement တွေရှိတယ်၊ အဲဒါတွေကလည်း NCA ကဲ့သို့ပင် အကြုံးဝင်တယ်လို့ နှစ်ဖက်သဘောတူထားတာရှိတယ်၊ ဒါပေမယ့် အဲဒါတွေကို သူတို့(စစ်တပ်) ဖက်က အကောင်အထည်မဖော်ဘူး” ဟု သုံးသပ်သည်။

ဥပမာ-တိုးတက်သောကရင်နီအမျိုးသားပါတီ KNPP နှင့် ယခင် Bilateral Agreement အရ သဘောတူညီထားသည့် KNPP သင်တန်းကျောင်းနှင့် နေရာအချို့ကို စစ်တပ်မှပြန်သိမ်းမလို မကြာမီက ရာဇသံပေး ပြောဆိုလာသည့်ကိစ္စကို ဦးအောင်သူငြိမ်းက ထောက်ပြသည်။

လက်ရှိတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံအစည်းအဝေးများ သတ်မှတ်ချိန်အတို်င်း ဆက်လက်မကျင်းပနိုင်ခြင်း၊ KNU နယ်မြေတွင် တပ်မတော်ထိုးစစ်ဆင်ခြင်း၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ လူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပနိုင်ခြင်းက NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရ၊ တပ်မတော်တို့ကြား လက်ရှိပစ္စုပ္ပန်တွင် ကြီးမားသောတစ်ဆို့မှုကြီးဟု ဆိုရပါမည်။

မြန်မာအစိုးရတပ်နှင့် အပစ်ရပ်တိုင်းရင်းသားအဖွဲ့များအကြား အသေးအဖွဲပြဿနာများဟာ လက်နက်ကိုင် ပဋ္ဋိပက္ခအခြေအနေကို တွန်းပို့စေနိုင်သည့်အပြင် ဘာမဟုတ်သည့် အသေးအဖွဲ အပြုအမူများ သည်ပင်လျှင် ရှိပြီးသား ယုံကြည်မှုကို ပျက်ပြားစေနိုင်ပြီး လက်နက်ကိုင်ပဋိပက္ခ အခြေအနေကို ပြန်လည်တွန်းပို့နိုင်ကြောင်း JMC-U ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက ၁၆ ကြိမ်မြောက် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ အစည်းအဝေးမှာ ပြောဆိုခဲ့သည်ကိုလည်း သတိချပ်စေလိုသည်။

ထို့ကြောင့် NCA လက်မှတ်ရေးထိုးပြီးသည့် EAOs (၁၀) ဖွဲ့အနေဖြင့် မထင်မှတ်သော တစ်ဆို့မှုအမျိုးမျိုးကို ကြုံတွေ့နေရပြီဖြစ်ရာ လက်မှတ်မရေးထိုးသေးသည့် ထက်ဝက်ခန့်ကျန်ရှိသေးသော EAOs များ မြန်မာ့ငြိမ်းချမ်းရေးခရီးစဉ်တွင် ဆက်လက်လိုက်ပါနိုင်ရေးမှာ အတော်ရင်လေးစရာဖြစ်နေရပြီး “ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး” ဆိုသည်မှာလည်း NLD အစိုးရလက်ထက်မှာ ဝေးသထက်ဝေးနေဦးမည်ဟု ယူဆရပါကြောင်း။

ညွှန်း-

-အင်တာဗျူး

-သတင်းများ

-မှတ်တမ်းများ

Most read this week

September 19, 2024
မွန်ပြည်နယ်၊ ရေးမြို့ပေါ်နှင့် ကျေးရွာအချို့တို့တွင် စစ်ကောင်စီက...
September 18, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်ရှိ...
September 17, 2024
မွန်ပြည်နယ်၊ ကျိုက်ထိုနှင့် ပေါင်မြို့နယ်အတွင်းရှိ စပါးစိုက်ခင်းများတွင် ဖြုတ်ပိုးအန္တရာယ်...
September 16, 2024
ကရင်ပြည်နယ်အတွင်း အရပ်သားပြည်သူ နေထိုင်ရာနေရာကို စစ်ကောင်စီက ပစ်မှတ်ထားပြီး...