၂၁ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ် အစည်းအဝေးမှနေ၍ ၂၀၁ရခုနှစ်၊ မေလ ၂၉ရက်နေ့တွင် လက်မှတ်ရေးထိုး ထွက်ပေါ်လာသော ပြည်ထောင်စု သဘောတူစာချုပ် အစိပ်အပိုင်း (၁) ဟူသည့်အပေါ်အခြေခံလျက် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်ပါမည်လား ဟူသောမေးခွန်း ပေါ်ထွက်လာသည်။ ယင်းကိုဖြေကြားရန်မှာ အထူးသဖြင့် ယင်း စာချုပ်အား လက်မှတ်ရေးထိုးလိုက်ကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ရှစ်ဖွဲ့တွင် တာဝန်ရှိပါသည်။ အဘယ် ကြောင့်ဆိုသော် အဆိုပါပြည်ထောင်စုသဘောတူစာချုပ် အစိပ်အပိုင်း(၁)၏ အသက်သွေးကြောမှာ နိုင်ငံရေးကဏ္ဍမူဝါဒသဘော တူညီချက်ဖြစ်ပြီး ယင်းကို ဆွေးနွေးရာတွင် သက်ဆိုင်ရာ အစုအဖွဲ့အတွင်း၌ သဘောထားမကျသေးပါဘဲလျက် ၎င်းတို့က လက် မှတ်ရေးထိုးလိုက်ကြောင်း သတင်းများ ထွက်ပေါ်လာ၍ ဖြစ်သည်။
အထက်ပါမေးခွန်းအား ပထမဆုံးအနေဖြင့် အချုပ်အခြာအာဏာ ရှုဒေါင့်မှ ဖြေကြားသင့်သည်။ အဘယ်ကြောင့်ဆို သော် အဆိုပါ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁) ဟူသည်မှာပင် တို့တာဝန်အရေးသုံးပါးနှင့် ပြန်လည်အစချီ ထားပြီး “အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး” ကြွေးကြော်သံအား ထိပ်ဆုံးတွင် တွေ့နေရသောကြောင့် ဖြစ်သည်။ အချုပ်အခြာအာဏာ ဟူသည်မှာ မည်သူ၏ အချုပ်အခြာအာဏာနည်း။ တိကျစွာ ဖော်ပြထားခြင်းမရှိပါ။ သို့ဖြစ်၍ လက်တွေ့တွင် မြန်မာစစ်တပ်၏ အချုပ်အခြာအာဏာ ဖြစ်နေသည်။
ဖက်ဒရယ်စနစ်အခြေခံတွင် ရှာဖွေကျင့်သုံးရမည်မှာ လူထု၏ အချုုပ်အခြာအာဏာ နှင့် ပြည်ထောင်စု ဖွဲ့စည်းရာတွင် ပါဝင်သော ပြည်နယ်များ၏ အချုပ်အခြာအာဏာ တို ့ဖြစ်သည်။ ထို့အပြင် တိုင်းပြည်၏ အချုပ်အခြာအာဏာကြီး သုံးရပ်ဖြစ် သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့အား ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့်တို့အကြားတွင် မည်သို့ ခွဲဝေမည်နည်း ဟူသည်ကို အနည်းဆုံးအားဖြင့် အဖြေရှာရသောကြောင့် ဖြစ်သည်။
လက်ရှိ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ (၄)တွင် “နိုင်ငံတော်၏ အချူပ်အခြာအာဏာသည် နိုင်ငံသားများ ထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်။”ဟု ပြဌာန်းထားပြီးဖြစ်သည်။ ပြည်ထောင်စုသဘောတူစာချုပ် အစိပ် အပိုင်း(၁)၏ နိုင်ငံရေးကဏ္ဍမူဝါဒ သဘောတူညီချက် အပိုဒ် (၁)တွင် “နိုင်ငံတော်၏ အချူပ်အခြာအာဏာသည် နိုင်ငံသားများ ထံမှ ဆင်းသက်ပြီး ပြည်ထောင်စုတစ်ဝန်းလုံး၌ တည်သည်။”ဟု ပါရှိသည်။ ယင်းနှစ်ခုကို နှိုင်းယှဉ်ကြည့်ပါ။ ‘နိုင်ငံတော်’ ဟူသော ဝေါဟာရအား ‘ပြည်ထောင်စု’သို့ ပြောင်းထားခြင်းမှလွဲ၍ မည်သို့မျှ ခြားနားမှု မရှိ။
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် လွန်စွာအရေးကြီးလှသော အချုပ်အခြာအာဏာ ပြဿနာအား ညှိနှိုင်းဆွေးနွေးအဖြေရှာရန် ကြိုးပမ်းရာ၌ ယင်းသို့ ဝေါဟာရ တစ်လုံးမျှကိုသာ ပြောင်းလိုက်ခြင်းအားဖြင့် မည်သို့လျှင် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာနိုင်မည်နည်း။
‘နိုင်ငံတော်’ ဟူသော ဝေါဟာရအား ‘ပြည်ထောင်စု’ သို့ ပြောင်းလိုက်ခြင်းသည် ဥပဒေသဘောအရ မည်သို့မျှသက် ရောက်မှု မရှိပါ။ အဘယ်ကြောင့်ဆိုသော ‘နိုင်ငံတော်’ကိုလည်းကောင်း၊ ‘ပြည်ထောင်စု’ကိုလည်းကောင်း၊ မည်သည့်နေရာတွင် မျှ အဓိပ္ပါယ်ဖွင့်ဆိုထားခြင်း မရှိသောကြောင့်ပင်။ ပို၍ထင်ရှားသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၄)၌ နိုင်ငံတော်ဟူ သော ဝေါဟာရအား အင်္ဂလိပ်ဘာသာဖြင့် Union ဟု ပြန်ဆိုထားသည်ကို ကြည့်ခြင်းဖြင့် မြန်မာစစ်ခေါင်းဆောင်များအနေဖြင့် နိုင်ငံတော်နှင့် ပြည်ထောင်စုတို့ကို အဓိပ္ပါယ်တစ်ထပ်တည်း ထားရှိကျင့်သုံးနေကြကြောင်း သိနိုင်သည်။ ထို့ကြောင့် ပြည်ထောင် စုသဘောတူစာချုပ်အပိုင်း(၁)ကို ရှစ်ဖွဲ့ကိုယ်စားဟုဆိုကာ တိုင်းရင်းသားခေါင်းဆောင်တစ်ဦးက လက်မှတ်ထိုးခဲ့ခြင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံကိုသာ အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြောင်း ပေါ်လွင်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ လမ်းကြောင်းအတိုင်းသွားမည်ဆိုပါမူ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို မည်သို့တည်ဆောက်သွားနိုင်မည်ဖြစ်ကြောင်း လက်မှတ်ရေးထိုးခဲ့ကြသော အထက်ပါ ရှစ်ဖွဲ့၏ ခေါင်းဆောင်များတွင် လူထုကိုရှင်းပြရန် တာဝန်ရှိပါမည်။ ၂၀၀၈ ဖွဲ့စည်းပုံအား ပြင်ဆင်၍ ရနိုင်မည်မဟုတ်ကြောင်း သဘောပေါက်လာခဲ့ပြီဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်ကိုယ်တိုင်က မကြာမီ ကပင် ဝန်ခံခဲ့ပြီး ဖြစ်သည်။
အချုပ်အခြာအာဏာနှင့်စပ်လျဉ်း၍ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ (၄)ပါ ပြဌာန်းချက် “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်။” ဟူသည်တွင် နှစ်ပိုင်းရှိ သည်။ ပထမပိုင်းမှာ နိုင်ငံသားများထံမှ ဆင်းသက်ခြင်း ဖြစ်သည်။ လူထုထံမှ ဆင်းသက်ခြင်းဟုလည်း နားလည်နိုင်သည်။ လူထု၏ အချုပ်အခြာအာဏာပိုင်မှု Popular Sovereignty ၏ တစိတ်တပိုင်းကို ထင်ဟပ်ခြင်းဖြစ်သဖြင့် ဖက်ဒရယ်ပြည် ထောင်စု၏ လိုအပ်ချက်လည်းဖြစ်သည်။ ယင်းမှာ မှန်ကန်သည်။ သို့ရာတွင် “နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်” ဟူသော ဒုတိယပိုင်းမှာမူ မှန်သလိုလိုနှင့် လွဲနေသည်။
လူထုထံမှ ဆင်းသက်လာသော အချုပ်အခြာအာဏာသည် လူထုထံတွင် မရှိတော့။ ပထဝီနယ်မြေသို့ ရောက်ရှိသွားပြီ ဟု ဆိုလိုခြင်းဖြစ်သည်။ ရွှေဥ ဥလိုက်သော ငန်းနှင့် ဥပမာ ပြုနိုင်သည်။ ငန်းသည် ရွှေဥကို ဥပြီးနောက် ရွှေဥသည် မြေပေါ်သို့ ကျရောက်သွားပြီ။ ငန်းသည် ရွှေဥကို မပိုင်တော့။ အဘယ်ကြောင့်ဆိုသော် မြေပြင်ပေါ်သို့ရောက်သွားပြီဖြစ်သောကြောင့် အခြား တစ်ပါးသူက ကောက်ယူပိုင်ဆိုင်သုံးစွဲခွင့်ရှိသွားပြီဟု ဆိုလိုရာရောက်သည်။ အချုပ်အခြာအာဏာကို နိုင်ငံတော်က ကျင့်သုံး သည်ဟု ဆိုသည်။ နိုင်ငံတော် ဆိုသည်ကို ပုဒ်မ ၄၇ အရ အဓိပ္ပါယ်ဖွင့်ဆိုရာတွင် လွှတ်တော်နှင့် အစိုးရ ဖြစ်နေသည်။ လွှတ် တော်နှင့် အစိုးရနှစ်ရပ်လုံးတွင် မြန်မာစစ်တပ်ခေါင်းဆောင်များက အဓိကနေရာယူ၊ အာဏာကို ချုပ်ကိုင်ထားသောအခါ နိုင်ငံ တော်သည် မြန်မာစစ်တပ်ဖြစ်နေသည်။ လက်တွေ့တွင်လည်း မြန်မာစစ်တပ်သည် နိုင်ငံတော်ဟူသော ဝေါဟာရကို အသုံးပြု လျှက် (သို့မဟုတ်) ယင်းဝေါဟာရအောက်တွင် ခိုလှုံလျှက် အချုပ်အခြာအာဏာကို တလွဲ အသုံးအပြုဆုံးသော အဖွဲ့အစည်း ဖြစ်နေသည်။ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၄၊ ၆ (စ) နှင့် ၄၇ တို့အရ မြန်မာစစ်တပ်က အချုပ်အခြာအာဏာကို ထိန်းချုပ်ခွင့်ရထားသမျှ ကာလပတ်လုံး မည်သည့်အခါတွင်မျှ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မည် မဟုတ်။ ဤသည်ကို အခြားဖက်ဒရယ် နိုင်ငံများနှင့် နှိုင်းယှဉ်သုံးသပ်ပါမည်။
ပြည်ထောင်စုဖွဲ့စည်းရာတွင် ပါဝင်သော ပြည်နယ်များ၏ အချုပ်အခြာအာဏာနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ အမြင့်ဆုံး အပ်နှင်းကျင့်သုံးသော ဖက်ဒရယ်နိုင်ငံမှာ ဆွစ်ဇာလန် ဖြစ်သည်။ ယင်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၃) တွင် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေက ကန့်သတ်ထားချက်များမှလွဲ၍ ကန်တုံပြည်နယ်များသည် အချုပ်အခြာအာဏာပိုင်ဖြစ် ကြောင်း အတိအလင်း ပြဌာန်းထားသည်။
ဤပြဌာန်းချက်ကိုအခြေခံ ကျင့်သုံးသဖြင့် ဆွစ်ဇာလန်နိုင်ငံသည် ကမ္ဘာပေါ်တွင် အဆင့်အမြင့်ဆုံး ဖက်ဒရယ်နိုင်ငံဟုပင် ဆိုနိုင်သည်။ ပြည်နယ်များသည် အချုပ်အခြာအာဏာပိုင်ဖြစ်သည်ဟူ၍ ပြဌာန်းကျင့် သုံးသော ဆွစ်ဇာလန်နိုင်ငံ၏ အချုပ်အခြာအာဏာ သဘောတရားမျိုးကို မြန်မာနိုင်ငံတွင် ကျင့်သုံးပါမူ အသင့်တော်ဆုံး ဖြစ်ပါ မည်။
အဘယ်ကြောင့်ဆိုသော် ပြည်ထောင်စုဖွဲ့စည်းရာတွင် ပါဝင်ခဲ့ကြသော တိုင်းရင်းသားပြည်နယ်များသည် သမိုင်းတွင် လွတ် လပ်စွာ နေလာခဲ့ကြ၍လည်းကောင်း၊ ၁၉၄ရခုနှစ် ပင်လုံစာချုပ်အပေါ် အခြေခံပြီးမှသာ ပြည်ထောင်စုတည်ဆောက်ရာတွင် ပါဝင်လာခဲ့ကြခြင်းကြောင့်လည်းကောင်း ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုနှင့် ဂျာမဏီနိုင်ငံတို့တွင် နှစ်သွယ် ဖက်ဒရယ်စနစ် Dual Federalism ကို သူ့နည်းသူ့ဟန်နှင့် သူ ကျင့်သုံးခဲ့ကြသည်ဟု ပညာရှင်များက သုံးသပ်သည်။ အမေရိကန်ပြည်ထောင်စုတွင် နှစ်သွယ် ဖက်ဒရယ်စနစ်ကို နှစ်ပေါင်း တစ်ရာကျော်မျှ အောင်မြင်စွာ ကျင့်သုံးခဲ့စဉ်ကာလအတွင်း ဥပဒေပြု၊ အုပ်ချုပ်၊ တရားစီရင်ဟူသည့် အချုပ်အခြာအာဏာကြီး သုံးရပ်အနက် အချို့အား ပြည်ထောင်စုအဆင့် တိုင်းပြည်အဆောက်အအုံများကို အပ်နှင်းထားခဲ့သည်။ တချိန်ထဲတွင် အများစု ကိုမူ ပြည်နယ်များတွင် ထားရှိကျင့်သုံးခဲ့သည်။ ရောယှက်ခြင်း မရှိ။ သီးခြားစီဖြစ်သည်။ ကိုယ့်တာဝန် ကိုယ်ယူ၊ ကိုယ့်အလုပ် ကိုယ်လုပ်ကြရုံ ဖြစ်သည်။ ယင်းအနေအထားမှာ ယနေ့အထိလည်း တစုံတရာ ဆက်ရှိနေဆဲပင်။
သို့ရာတွင် ကမ္ဘာတခွင် ဆက်သွယ်ဆောင်ရွက်သည့်ခေတ်ကြီးသို့ ရောက်လာ၊ အပြန်အလှန် မှီခို လက်တွဲပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တစ်နိုင်ငံလုံးအတွက် ပိုမိုအကျိုးရှိမည့် အနေအထားကြုံလာရသောအခါ ပြည်ထောင်စုနှင့် ပြည်နယ်များအ ကြား တနည်းအားဖြင့် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများအကြား တာဝန်မျှဝေမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ များစွာ ပိုမို တိုးတက်လုပ်ဆောင်လာကြရသည်။ Cooperated Federalism ဟု ဆိုနိုင်သည်။
ဂျာမဏီနိုင်ငံ၏ ဖက်ဒရယ်စနစ်တွင်မူ ပြည်ထောင်စုအဆင့်တွင် ဥပဒေပြုရေးအပိုင်းကို ပိုမိုအလေးပေးဆောင်ရွက်ပြီး ပြည်နယ်များအနေဖြင့် ကိုယ့်ပြည်နယ်အတွင်း ကိုယ်အုပ်ချုပ်သည့်အပိုင်းကို အဓိကထား ဆောင်ရွက်ခွင့်ရကြသည်။ အချုပ်အ ခြာအာဏာကြီးသုံးရပ်အနက် ဥပဒေပြုအာဏာကို ပြည်ထောင်စုအဆင့်က ပိုမိုသုံးစွဲပြီး လက်တွေ့အုပ်ချုပ်သည့် အာဏာကိုမူ ပြည်နယ်များက အဓိကကျင့်သုံးကြောင်း ဆိုလိုသည်။ ဥပဒေပြုအာဏာကို ပြည်ထောင်စုအဆင့်က ပိုမို သုံးစွဲသည်ဟု ဆိုရာ တွင်ပင် ပြည်နယ်များ၏ အခန်းကဏ္ဍသည်လည်း ကြီးမားစွာပါဝင်သည်။ ပြည်ထောင်စုအဆင့်တွင် လွှတ်တော်နှစ်ရပ် ရှိသည်။ အောက်လွှတ်တော်နှင့် အထက်လွှတ်တော် (တနည်းအားဖြင့်) ပြည်သူ့လွှတ်တော်နှင့်ပြည်နယ်များ ကိုယ်စားပြုလွှတ်တော်ဟူ၍ ဖြစ်သည်။ ပြည်နယ်များကိုယ်စားပြုလွှတ်တော်တွင် ပြည်နယ်အစိုးရများက ကိုယ်စားလှယ်များအနေဖြင့် သွားရောက်တက်ကြရ သည်။ ယေဘုယျအားဖြင့် လွှတ်တော်နှစ်ရပ်လုံး၏ သဘောထားကိုရယူ၍ ဥပဒေပြုကြသည်။ လွှတ်တော်နှစ်ရပ်အကြားတွင် ကွဲပြားမှုများရှိပါက လွှတ်တော်နှစ်ရပ်မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပူးတွဲကော်မတီတွင် ညှိနှိုင်းဆွေးနွေးကြရ သည်။ သို့ဖြစ်၍ ပြည်ထောင်စုအဆင့်တွင် ဥပဒေပြုရာ၌ပင် ပြည်နယ်များ၏ဆန္ဒနှင့် သဘောထားများကို ထင်ဟပ်ခွင့်ရကြောင်း သိနိုင်သည်။
ဂျာမဏီနိုင်ငံ၏ ဖက်ဒရယ်စနစ်တွင် ပြည်နယ်များက အုပ်ချုပ်ရေးလုပ်ငန်းကို အဓိက လုပ်ဆောင်ကြသည်။ ၎င်းတို့က ပင် ဖက်ဒရယ်ဥပဒေများကို အတည်ပြုကြ၊ အကောင်အထည်ဖော်ကြရသည်။ ယင်းအပေါ်မှသာ ဖက်ဒရယ်အစိုးရက ကြီးကြပ်ရ သည်။ သို့ရာတွင် တိုက်ရိုက် ဝင်ရောက်စွက်ဖက်ခွင့် မရှိ။ ကြီးကြပ်ရာမှာပင် ပြည်နယ်များကိုယ်စားပြုလွှတ်တော်၏ သဘောတူ ညီချက်ကိုရယူပြီးမှ ဖက်ဒရယ်အစိုးရက အထွေထွေအုပ်ချုပ်ရေးစည်းမျဉ်းများကို ထုတ်ပြန်ရသည်။ ကော်မရှင်နာများကို စေလွှတ်၍ ကြီးကြပ်နိုင်သည်။
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ပြည်နယ်လွှတ်တော်နှင့် အစိုးရ ဟူသည်များမှာ သဏ္ဍာန်မျှသာ ရှိသည်။ မည်သည့်အခွင့်အာဏာမျှမရှိ။ အထက်တွင်ဖော်ပြသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံများ၏ အခြေခံများနှင့် လုံးလုံး လျားလျားပင် ဆန့်ကျင်လျှက်ရှိသည်။ တိုင်းရင်းသားပြည်နယ်များတွင် မြန်မာစစ်တပ်က ၎င်းတို့စိတ်တိုင်းကျ ထင်တိုင်းကြဲကာ မြေယာနှင့် သဘာဝသယံဇာတများအား ချယ်လှယ်ချင်တိုင်း ချယ်လှယ်၊ ကျူးလွန်ချင်တိုင်း ကျူးလွန်နေကြသည့်အပေါ် အရေး ယူ အပြစ်ပေးနိုင်ရန် ဝေးစွ၊ ဟန့်တားနိုင်စွမ်းပင်မရှိ။ ပြည်နယ်ဝန်ကြီးချုပ်များသည် အရုပ်သာသာမျှသာ ရှိသည်။ တိုင်းရင်းသား ပြည်နယ်တိုင်းမှာပင် အုပ်ချုပ်ရေးအာဏာကို အဓိက ကျင့်သုံးနေကြသူများမှာ ပြည်နယ်ဝန်ကြီးချုပ်များမဟုတ်။ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာများကို တာဝန်ယူထားကြသော မြန်မာစစ်ခေါင်းဆောင်များနှင့် စစ်တိုင်းမှုးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှူးများသာ ဖြစ်နေသည်။
၂၀၀၈ ဖွဲ့စည်းပုံ၏ ကြီးမားလွန်းလှသော အကန့်အသတ်အောက်တွင် တိုင်းရင်းသားပြည်နယ်များအနေဖြင့် မည်မျှပင် သဘာဝသယံဇာတ ပေါကြွယ်ဝသော်လည်း ကိုယ်တိုင်ခံစားသုံးစွဲခွင့် ရနိုင်ခြေ စိုးစဉ်းမျှမရှိ။ သဘာဝသယံဇာတ ပေါကြွယ်ဝခြင်း အတွက် ဝမ်းသာရမည့်အစား ကျိန်စာတိုက်ခံရသည့် ဘဝမျိုးသို့ ကျရောက်နေသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာစစ် တပ်က အရပ်သားလူထုများအား လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ခြင်း၊ ကရင်နီပြည်နယ်တွင် ကရင်နီစစ်သားသုံးဦးနှင့် အရပ်သား တစ်ဦးအား မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ခြင်း၊ ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်း မြန်မာစစ်တပ်က ကေအိုင်အိုကို ပြင်းထန်စွာ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊ ကရင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးဟု အကြောင်းပြကာ ကေအဲန်ယူ၏ တပ်မဟာ ဒေသအား မြန်မာစစ်တပ်က ကျူးကျော်တိုက်ခိုက်ခြင်းများ၏ နောက်ကွယ်တွင် အဆိုပါဒေသအသီးသီးအတွင်း ပေါကြွယ်ဝ သော သဘာဝသယံဇာတနှင့် ယင်းတို့တည်ရှိရာ မြေယာများအား တိုက်ရိုက်ထိန်းချုပ်ကာ အမြတ်ထုတ်ရန်အတွက်သာ ဖြစ် သည်။
ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁)တွင် ပါရှိသော ၃ရချက်လုံးသည် ယင်းတို့ကို ကျားကန်ထောက်ကူ၊ ၂၀၀၈ဖွဲ့စည်းပုံကို သက်ဆိုးရှည်စေရန်သာ ဖြစ်သည်။ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အုတ် မြစ်ကောင်း တစ်ချပ်တစ်လေမျှ မတွေ့ရ။
ဒေသဖွံ့ဖြိုးရေးအတွက် အကြောင်းပြကာ မြန်မာစစ်တပ်က ထိုးစစ်ဆင်ပြီး တိုင်းရင်းသားနယ်မြေများအား ထိန်းချုပ်ရန် ကြိုးပမ်းမှုများအနက် မကြာသေးခင်ကပင် ကေအဲန်ယူ၏ တပ်မဟာ (၅)ဒေသအား ထိုးစစ်ဆင်လာမှုအပေါ် လူ့အခွင့်အရေးကို ဦးတည်သည့် ဖက်ဒရယ်စနစ်ရှုဒေါင့်မှ ချဉ်းကပ်ပါမူ လုံးဝပင် ဆန့်ကျင်ကွဲလွဲနေကြောင်း တွေ့နိုင်သည်။
၁၉၈၆ခုနှစ် ဒီဇင်ဘာလ ၄ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှ တိုးတက်ဖွံ့ဖြိုးပိုင်ခွင့်ဆိုင်ရာ ကြေ ငြာစာတမ်းကြီးကို အတည်ပြု ထုတ်ပြန်လိုက်သည်။ ယင်းမှာ လူ့အဖွဲ့အစည်းကို ရှေ့သို့ခြေတလှမ်းတိုးသွားစေလောက် အောင်ပင် လူသားများကျင့်သုံးသင့်သော တိုးတက်ဖွံ့ဖြိုးမှုဆိုင်ရာ အခြေခံများကို ချမှတ်ပေးလိုက်ခြင်းလည်းဖြစ်သည်။ ကြေငြာစာတမ်းကြီး၏ နိဒါန်း ဒုတိယပုဒ်တွင် အောက်ပါအတိုင်း ဖေါ်ပြထားသည်။
ကုလသမဂ္ဂ အထွေထွေညီလာခံသည်------
တိုးတက်ဖွံ့ဖြိုးမှုဆိုသည်မှာ တိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများ၌ လူတစ်ရပ်လုံးအနေဖြင့်သော်လည်း ကောင်း၊ လူတစ်ဦးချင်းစီအနေဖြင့်သော်လည်းကောင်း၊ လွတ်လွတ်လပ်လပ်၊ တက်တက်ကြွကြွ၊ အဓိပ္ပါယ်ရှိရှိပါဝင်စေလျှက် လူထုတစ်ရပ်လုံးနှင့် လူတဦးချင်းစီ၏ ကောင်းကျိုးစီးပွားဖြစ်ထွန်းမှုအခြေခံတွင် တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းမှ ရရှိလာသော အကျိုးစီးပွားများကို မျှမျှတတ ခွဲဝေယူရန် ရည်ရွယ်သည့် စီးပွားရေး ၊လူမှုရေး၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးဆိုင်ရာ လုပ်ငန်းစဉ်များ လုပ်ဆောင်ခြင်းကို ဆိုလိုသည်။
-- ဟူသည်ကို အသိအမှတ်ပြုလျှက် အောက်ပါ တိုးတက်ဖွံ့ဖြိုးပိုင်ခွင့်ဆိုင်ရာ ကြေငြာစာတမ်းကြီးကို ထုတ်ပြန်လိုက် သည်။
၃၅ အထက်ပါနိဒါန်းစာပုဒ်ကို အောက်ပါအတိုင်း ထပ်မံပိုင်းခြား လေ့လာလျှင် ပို၍ ရှင်းပါမည်။
(က) တိုးတက်ဖွံ့ဖြိုးမှုကို အဓိပ္ပါယ်ဖွင့်ရာ၌ တိုးတက်ဖွံ့ဖြိုးမှုလုပ်ငန်း ဆောင်ရွက်ပုံနည်းလမ်း၃၆ကို အဓိကထား၍ ဖွင့် ဆိုထားသည်။
(ခ) တိုးတက်ဖွံ့ဖြိုးမှုလုပ်ငန်းတွင် လူထုတစ်ရပ်လုံးအနေဖြင့်သော်လည်းကောင်း၊ လူတစ်ဦးချင်းစီအနေဖြင့်သော်လည်း ကောင်း ပါဝင်ခွင့်ကို ရှင်းလင်းစွာ လမ်းညွှန်ထားသည်။ ဆိုလိုသည်မှာ တိုးတက်ဖွံ့ဖြိုးမှုလုပ်ငန်းတွင် ပါဝင်ခွင့်သည် လူတိုင်း၏ အခွင့်အရေးဖြစ်သည်။ လူထုအနေဖြင့် ပါဝင်ခွင့်ရှိမှာဖြစ်သလို လူတစ်ဦးချင်းစီအနေဖြင့်လည်း ပါဝင်ခွင့်ရှိရမည်။
(ဂ) တိုးတက်ဖွံ့ဖြိုးမှုလုပ်ငန်းတွင် ပါဝင်ပုံပါဝင်နည်းကိုပါ ရှင်းလင်းထားသည်။ လွတ်လွတ်လပ်လပ်၊ တက်တက်ကြွကြွ၊ အဓိပ္ပါယ်ရှိရှိ ပါဝင်စေရန်ဖြစ်သည်။ တိုးတက်ဖွံံ့ဖြိုးမှုလုပ်ငန်းပါဟူ၍ ခေါင်းစဉ်တပ်ရုံံဖြင့် လူထုကိုဖြစ်စေ၊ လူတစ်ဦးချင်းစီကိုဖြစ် စေ အတင်းအကြပ်ပါဝင်ခိုင်း၍ မရချေ။ တိုးတက်ဖွံ့ဖြိုးမှုနှင့် လွတ်လပ်မှုကို ယှဉ်တွဲဖော်ပြထားသည့် သဘောဖြစ်သည်။ လွတ် လပ်မှုမရှိလျှင် စစ်မှန်သော တိုးတက်ဖွ့ံဖြိုးမှု မရှိနိုင်ချေ။
ဦးအောင်ထူး။ ။လူ့အခွင့်အရေးရှေ့နေ၊ ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ
နေ ့စွဲ။ ဧပြီလ (၃၀)ရက်၊ ၂၀၁၈ခုနှစ်။