“အသက်နဲ့လူလုပ်တာ မဟုတ်၊ အရှက်နဲ့လူလုပ်တာ”၊ “အရှက်ကို အသက်ထက် တန်ဖိုးထားတယ်” ဆိုတဲ့ စကားများဟာ ခပ်ပေါပေါ ဗွီဒီယို၊ ရုပ်ရှင်ဇာတ်လမ်းတွေထဲက ပေါ့ပေါ့တန်တန် ပြောလိုက်တဲ့ ဒိုင်ယာလော့တွေ မဟုတ်ပါဘူး။ ဒီစကားတွေက မြန်မာ့ လူ့အဖွဲ့အစည်းက အသက်နဲ့အရှက်အပေါ် ထားရှိတဲ့ တန်ဖိုးကို ဖော်ပြနေတာဖြစ်ပါတယ်။
အသက်နဲ့အရှက်အပေါ်ထားတဲ့ တန်ဖိုးလို့ဆိုလိုက်တော့ ဆရာမြသန်းတင့်ရဲ့ “တမာနုချိန်စစ်တမ်း” ကို ချက်ချင်းပဲ သတိရမိပါ တယ်။ ဆရာ့အက်ဆေး (ဝါ) ရသစာတမ်းတွေထဲမှာ “တမာနုချိန်စစ်တမ်း” ဟာ ကျနော့် နှလုံးသားနဲ့ ဦးနှောက်ကို အလွှမ်းမိုးနိုင်ဆုံး သော အက်ဆေးတစ်ပုဒ်လို့ ဆိုချင်ပါတယ်။ ထိုအက်ဆေးထဲမှာ ဆရာရေးခဲ့တဲ့ စာပိုဒ်က ဒီလိုပါ။
“လောကတွင် လူအမျိုးမျိုးရှိပါသည်။ အချို့သည် အသက်ရှင်နေကြသော်လည်း အရှက်မရှိကြပါ။ အချို့မှာအသက်ရှင် လျက် ရှိစဉ်တွင်သာ အရှက်ရှိပြီး သေသည်နှင့်အရှက်ကိုပါ ခွာချခဲ့ကြပါသည်။ ဒုတိယအမျိုးအစားသည် ပထမအမျိုးအစားထက် ချီးကျူးဖို့ ကောင်းပါသည်။ သို့ရာတွင် ချီးကျူးစရာ အကောင်းဆုံးမှာ အသက်ရှင်လျက်ရှိစဉ်မှာရော သေသည်၏ အခြားမဲ့မှာရော မိမိ၏ ဂုဏ် သိက္ခာနှင့် မိမိ၏ အရှက်ကို ထိန်းသိမ်းသွားကြသော လူမျိုးဖြစ်ပါသည်” တဲ့။
ထိုသို့ဆရာမြသန်းတင့်က အရှက်နဲ့အသက်အပေါ်ထားရှိတဲ့ သူ့သဘောထားပုံကို ကြိုးဆွဲချ သေဆုံးနေတဲ့ အမည်မသိ မိန်းကလေးတစ်ဦးရဲ့ ဖြစ်ရပ်နဲ့ဆက်နွှယ်ပြီး အခုလိုရေးသား တင်ပြခဲ့ခြင်းဖြစ်ပါတယ်။
“ ထိုစဉ်က ကျွန်တော်က ဆယ်နှစ်သားအရွယ်၊ မိန်းကလေးက အသက် ၁၈နှစ်၊ ၁၉နှစ် အရွယ်။ မိန်းကလေးသည် အရှက် ထက် အသက်ကို မငဲ့နိုင်တော့ဘဲ ကြိုးဆွဲချသေသွားခဲ့သည်။ သူ့အရှက်ကို ထိန်းသိမ်းပုံမှာ အံ့သြလောက်ပါသည်။ မိန်းကလေးသည် သေပြီးသည်၏ အခြားမဲ့မှာပင် သူ့အရှက်ကို ထိန်းသိမ်းလိုသည့်နှယ် ကြိုးတစ်ချောင်းဖြင့် ခါးက ထဘီကို သေသေသပ်သပ် စည်းသွားခဲ့ သည်”။
ထို့အပြင် ဆရာက ထိုအမည်မသိမိန်းကလေး၏ အရှက်ထိန်းသိမ်းပုံနဲ့ လူကြီးလူကောင်းအမည်ခံသူများအပေါ်ထားရှိသော သူ့ သဘောထားကို ကျနော်တို့ စာဖတ်သူများနှင့် ဖလှယ်နိုင်ရန် သူ့ထင်မြင်ယူဆချက်ကို အခုလိုလည်းရေးသားခဲ့ပါတယ်။
“ တမာတန်းတွင် ကြိုးဆွဲချ၍သေသွားသော အမည်မသိသည့် မိန်းမပျိုသည် အပေါ်ယံ ရွှေမှုန်ကြဲ အထဲက နောက်ချေးခံထား သူ လူကြီးလူကောင်းအမည်ခံတို့ထက် ချီးကျူးလေးစားထိုက်သည်ဟု ကျွန်တော်ထင်ပါသည်” တဲ့။
ဤမျှနိဒါန်းပျိုးနေရာတာမှာ ခိုင်မာတဲ့အကြောင်းအချက်ရှိပါတယ်။ အဓိကအကြောင်းအချက်က ကျနော်တို့လူ့အဖွဲ့အစည်းဟာ အရှက်နဲ့ ဂုဏ်သိက္ခာကို အင်မတန်တန်ဖိုးထားလေးစားတဲ့ လူ့အဖွဲ့အစည်းနဲ့ လူမျိုးတွေဖြစ်တယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။
ဒါပေမယ့် ဒီလိုလူ့အဖွဲ့အစည်းမှာ ဘယ်တုန်းကမှ မကြားခဲ့ဖူးတဲ့ မကြားဝံ့မနာသာ ဖြစ်ရပ်ဆိုးတွေ ကြောက်ခမန်းလိလိ ဖြစ် ပေါ်နေပါတယ်။ ဖြစ်ရပ်နှစ်ခုကို တန်းတူအလေးထားပြီး တင်ပြပါရစေ။
ဒီလို တန်းတူအလေးထားပြီး တင်ပြရတာက ဒီဖြစ်ရပ်နှစ်ခုစလုံးဟာ အင်မတန် သိမ်မွေ့ယဉ်ကျေးပါတယ်ဆိုတဲ့ ကျနော်တို့ လူ့အဖွဲ့အစည်းကို ပုံပျက်ပန်းပျက်ဖြစ်အောင် အိုးမဲသုတ်နေတဲ့၊ အရှက်တကွဲအကျိုးနဲစေတဲ့ ဖြစ်ရပ်တွေမို့ပါပဲ။
ပထမတစ်ခုက သင်္ကန်းဝတ်ထားတဲ့ ဘုန်းကြီးက ကိုယ်အမူအရာ၊ နှုတ်အမူအရာ (ကာယကံ၊ ဝစီကံ)နဲ့ မကြားဝံ့မနာသာတွေ ကို ဟောပြောဖြန့်ချိနေတဲ့ လုပ်ရပ်ပါပဲ။ ဒီဖြစ်ရပ်၊ ဒီလုပ်ရပ်ဟာ နိုင်ငံရေးရှုဒေါင့်၊ တရားဥပဒေရှုဒေါင့်၊ ဘာသာရေးရှုဒေါင့်၊ လူ့ယဉ်ကျေးမှု စံချိန်စံညွှန်းရှုဒေါင့် ဘယ်ရှုဒေါင့်ကပဲကြည့်ကြည့် ဘယ်လိုမှ သည်းခံခွင့်လွှတ်လို့ မရနိုင်တဲ့ လုပ်ရပ်နဲ့ အပြုအမူပဲဖြစ်ပါတယ်။
သံဃာစင်ပေါ်ကနေ “ထမင်းဝအောင် စားထား” လို့ ရဟန်းတစ်ပါးအတွက် အသက်တမျှအရေးကြီးသော “သီလ၊ သိက္ခာ၊ ပညာနဲ့ဝတ်ရုံထားသောသင်္ကန်း”ကိုပင် အလျဉ်းမငဲ့ကွက်နိုင်တော့ဘဲ သူရူးတစ်ယောက်သဖွယ် ဟစ်အော်နေတာကို သီလသိက္ခာပညာ ကြီးမားသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးတွေ၊ သာသနာဘက်ဆိုင်ရာတာဝန်ရှိသူတွေ၊ ဥပဒေရေးရာတာဝန်ရှိသူတွေအနေနဲ့ မမြင် ဟန်၊ မကြားဟန်၊ မသိဟန် ပြုမနေသင့်ကြပါဘူး။ ဒီလုပ်ရပ်ဟာ သင်္ကန်းခြုံထားသူက သာသနာကို ဗလက္ကာရပြုနေတာပဲဖြစ်ပါတယ်။
ဒါကြောင့် ဒီလို မြင့်မြတ်စင်ကြယ်တဲ့ သင်္ကန်းကို ခြုံပြီး ရိုင်းစို်င်းရမ်းကားစွာပြောဆိုဖြန့်ချိနေတာတွေကို သက်ဆိုင်ရာ တာဝန် ရှိသူများ၊ အဖွဲ့အစည်းများက လက်ပိုက်ကြည့်မနေဘဲ အလျင်အမြန် ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။
ဒုတိယတစ်ခုက အသက်အရွယ်စုံအမျိုးသမီးတွေအပေါ် စော်ကားနေတဲ့ “မုဒိမ်းမှု” တွေဖြစ်ပါတယ်။ ဒီပြစ်မှုဟာ တခြား ပြစ်မှု တွေနဲ့ မတူဘဲ လူအများက အင်မတန်မှ သည်းမခံနိုင်တဲ့ပြစ်မှုဖြစ်ပါတယ်။ ဒီလိုပြစ်မှုမျိုးတွေကို ထိထိရောက်ရောက်ပြင်းပြင်းထန်ထန် ကုုိင်တွယ်အရေးယူဖို့ နှောင့်နှေးကြန့်ကြာနေတာဟာ အများပြည်သူရဲ့သည်းခံနိုင်မှုအတိုင်းအတာကို ချိုးဖောက်စော်ကားရာလည်း ရောက်ပါတယ်။ ဒီချုပ်ပါတီအစိုးရက ပြောနေတဲ့ “တရားဥပဒေနဲ့ တရားဥပဒေစိုးမိုးရေး” ဆိုတဲ့အပေါ် အများပြည်သူရဲ့ ယုံကြည်မှုကို ပျက်ပြားထိခိုက်စေပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ဒေသခံတွေက ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့က “ သက်ငယ်မုဒိမ်း” ကျူးလွန်သူတွေကို သေဒဏ်ချမှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ အသက် ၂နှစ် ခွဲအရွယ် မိန်းကလေးငယ်ကို မုဒိမ်းကျင့်သတ်ဖြတ်တဲ့အထိ ဆိုး သွမ်းကြမ်းကြုတ်လာတာပါ။ ဒီဆန္ဒပြမှုက အများပြည်သူရဲ့သည်းခံနိုင်မှုအတိုင်းအတာ ကျော်လွန်သွားခဲ့ပြီဆိုတဲ့အချက်ကို အထင်အ ရှားပြသနေ တာလည်းဖြစ်ပါတယ်။
ဒီလို ဆန္ဒပြတောင်းဆိုမှုမျိုး/ဒီလို ရိုင်းစိုင်းယုတ်မာမှုမျိုးကို ယခင့်ယခင်က တခါမျှ မကြားခဲ့ဖူးပါဘူး။
“ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်” က သက်ငယ်မုဒိမ်းကျူးလွန်သူများနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ချက် (၃/၂၀၁၈) ကို ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းအချက်တွေကို ကြည့်ပါ။
စဉ် ခုနှစ် သက်ငယ်မုဒိမ်းမှု ၁၆ နှစ်အထက်မုဒိမ်းမှု စုစုပေါင်း
၁။ ၂၀၁၆ ၆၇၁ ၄၂၉ ၁၁၀၀
၂။ ၂၀၁၇ ၈၉၇ ၅၀၈ ၁၄၀၅
ဇယားကိုကြည့်တာနဲ့ သက်ငယ်မုဒိမ်းမှုဖြစ်ပွားနှုန်းဟာ ၂၀၁၆ ခုနှစ်ကထက် ၂၀၁၇ ခုနှစ်မှာ အမှုပေါင်း ၂၂၆ မှု ပိုများလာတာ တွေ့ရမှာဖြစ်ပါတယ်။ ၁၆ နှစ်အထက် မုဒိမ်းမှုမှာလည်း ၂၀၁၆ ခုနှစ်ကထက်၊ ၂၀၁၇ ခုနှစ်မှာ ၇၉ မှု ပိုမိုဖြစ်ပွားတာမြင်ရပါလိမ့်မယ်။ အမှု ဖြစ်ပွားနှုန်းပိုမိုပြီး များပြားလာတာကို အလွယ်တကူ တွေ့မြင်နိုင်ပါတယ်။
မုဒိမ်းမှုဖြစ်ပွားမှုအများဆုံးနေရာဒေသကတော့ ရန်ကုန်တိုင်းဒေသကြီး ဖြစ်ပြီး၊ မန္တလေးတိုင်ဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီးနဲ့၊ ပဲခူးတိုင်းဒေသကြီးတို့ဟာ ဖြစ်ပွားမှုအများဆုံးနေရာဒေသတွေဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့ ထုတ်ပြန်ချက် အရ သိရှိရပါတယ်။
မုဒိမ်းမှုဖြစ်ရတဲ့အကြောင်းရင်းဇစ်မြစ်နဲ့ပတ်သက်ပြီးလည်း ဝတ်စားဆင်ယဉ်မှုကြောင့်၊ ဆင်းရဲမှုကြောင့်၊ ပညာမတတ်မှုကြောင့် တရားဥပဒေစိုးမိုးမှုမရှိတာကြောင့် စသဖြင့် သန်ရာ သန်ရာ ရှုဒေါင့်တွေကနေ တဖက်သတ်အပေါ်ယံကျကျ ကြည့်မြင်ပြောဆိုနေကြမယ့် အစား တကယ့်မူလအကြောင်းရင်းဇစ်မြစ်ကို ပူးပေါင်းရှာဖွေဖော်ထုတ်ကြပြီး ဝိုင်းဝန်းတိုက်ဖျက်ပစ်ဖို့ မုချလိုအပ်ပါတယ်။
စံနမူနာပြအနေနဲ့ ပြင်းထန်ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်မှုမျိုးလည်း ချမှတ်ပြဖို့ လိုအပ်ပါတယ်။
မုဒိမ်းမှု၊ လူသတ်မှု၊ လုယက်မှု၊ မူးယစ်ဆေးဝါးမှုစတဲ့ မကြားဝံ့မနာသာ ရာဇဝတ်ပြစ်မှုတွေ တစ်နှစ်ထက်တစ်နှစ်ပိုပြီး များလာ တာ။ ပြင်းထန်သဲသန်လာတာတွေဟာ နိုင်ငံရေးအပုတ်ချတာ၊ နိုင်ငံရေးတိုက်ကွက်ဖော်တာ၊ နိုင်ငံရေးအကြပ်ကိုင်တာလည်းဖြစ်ချင်ဖြစ် နိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ၊ တိုင်းပြည်နဲ့ ပြည်သူရဲ့ပုံရိပ်၊ တိုင်းပြည်ရဲ့ယဉ်ကျေးမှုမျက်နှာစာကို ဆိုးဆိုးဝါးဝါး ထိခိုက်နစ်နာကျ ဆင်းစေတဲ့ ပြစ်မှုတွေကိုတော့ ဒီချုပ်အစိုးရအနေနဲ့ ပြတ်သားထိရောက်စွာ အရေးယူဖို့ အလျင်အမြန် လိုအပ်နေပါပြီ။
ရာဇဝတ်ပြစ်မှုတွေကို မလိုအပ်ဘဲ နှေးကွေးစွာကိုင်တွယ်နေခြင်းဟာလည်း (မရည်ရွယ်သော်လည်း ) ရာဇဝတ်မှုကျူးလွန်သူ တွေကို တဖက်လှည့်နဲ့အားပေးအားမြှောက်ပြုနေသလိုဖြစ်နေပါတယ်။ ဒီချုပ်ပါတီအစိုးရရဲ့ ချိနဲ့မှုကို ဖော်ပြနေသလိုလည်းဖြစ်နေပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ရဲတပ်ဖွဲ့နဲ့ အကျဉ်းဦးစီးဌာနတို့ဟာ အစိုးရက တိုက်ရိုက်ကိုင်တွယ်၊ ညွှန်ကြား၊ အမိန့်ပေးနိုင်တဲ့ အနေ အထားအောက်မှာ မရှိလို့ဆိုတဲ့ အကြောင်းပြချက်မျိုးဟာလည်း လက်သင့်ခံနိုင်စရာ မရှိပါဘူး။
“ဒီမိုကရေစီ”နဲ့ပတ်သက်ပြီး အခမ်းအနားစင်မြင့်တွေပေါ်မှာ “လွတ်လပ်မှုနဲ့လုံခြုံမှုကို နှစ်ဖက်မျှပေးတဲ့စနစ်”လို့ ဘယ်လိုပဲ ပြော နေဟောနေကြပေမယ့် “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ (သို့မဟုတ်) ၂၀၀၈ အခြေခံဥပဒေဘောင်ထဲက ဒီမိုကရေစီ” ဟာ အဖိနှိပ်ခံ လူမျိုးစုံပြည်သူများရဲ့လက်တွေ့ဘဝမှာတော့ လွတ်လပ်မှုလည်းမပေးနိုင်၊ လုံခြုံမှုလည်းမပေးနိုင်တဲ့ စနစ်ဖြစ်နေပါတယ်။