၁၉၉၅ ခုနှစ် အပစ်အခတ်ရပ်စဲရေး
ယခင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့(နဝတ) စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ လက်မှတ် ရေးထိုးစရာမလိုဘဲ Gentleman Agreement လူကြီးလူကောင်းဆန်သော ကတိကဝတ်ဖြင့် မော်လမြိုင်မြို ့ရှိ အရှေ ့တောင်တိုင်း စစ်ဌာနချုပ်(ရတခ)မှာ ၁၉၉၅ ခုနှစ်၊ ဇွန် ၂၉ ရက်က အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရယူခဲ့ကြသည်။
ထိုသို့ အပစ်ရပ်စဲရေး သဘောတူညီချက် မရယူနိုင်မီ ၁ နှစ်ခွဲကြာ ကာလ အတောအတွင်း ရတခမှာ ၄ ကြိမ်တိတိ ဆွေးနွေးခဲ့ကြရသည်။
ဤဆွေးနွေးပွဲများတွင် နယ်ခြားစောင့်တပ်ဖွဲ့ကိစ္စ၊ ပြည်သူ့စစ်ပြောင်းလဲမည့် ကိစ္စရပ်များ လုံးဝမပါဝင်ခဲ့သလို နိုင်ငံရေး မဆွေးနိုင်မီ အပစ်ရပ်စဲသည့် ကာလများအတွင်း နှစ်ဖက်တပ်ဖွဲ့ကြား ပစ်ခတ် တိုက်ခိုက်မှု မဖြစ်ပေါ်စေရေးအတွက် တပ်တည်နေရာများ သတ်မှတ်ခြင်း နှင့် အောက်ခြေတပ်ဖွဲ့များကြား အပြန်အလှန် ဆက်သွယ်ရမည့် နည်းစနစ်များကိုသာ အဓိကထား ဆွေးနွေးခဲ့ကြသည်။
မွန်ပြည်သစ် ခေါင်းဆောင်များ အနေဖြင့် အပစ်ရပ်စဲပြီးနောက် နိုင်ငံရေး ဆွေးနွေးပွဲ စကားဝိုင်းသို့ သွားလိုသည်ကို တစိုက်မတ်မတ် တင်ပြဆွေးနွေးသော်လည်း နဝတသည် စစ်အစိုးရ ဖြစ်သည့်အတွက် နိုင်ငံရေး အာမခံချက် ပေးမရသဖြင့် နောင်တက်လာမည့် အရပ်သား ဒီမိုကရေစီ အစိုးရနှင့်သာ ဆွေးနွေးပါရန် စစ်အစိုးရ ခေါင်းဆောင်များက ပြောခဲ့သလို ညောင်နှစ်ပင် အမျိုးသားညီလာခံ တက်ရောက်ရေးကိုသာ စည်းရုံးသိမ်းသွင်းခဲ့သည်။
မိမိလက်နက် မိမိလက်ဝယ်ကိုင်ထားသည့် အပစ်ရပ်စဲရေးကို လူထုကြား “ငြိမ်းချမ်းရေး” ဟူ၍ ဝါဒ ဖြန့်နေသော ခေတ်၏ အပစ်ရပ်စဲပြီးစ ကာလတွေမှာ မွန်ပြည်သစ်အတွက် လုံလောက်သည် မဟုတ်သော်လည်း စစ်အစိုးရထံမှ စားနပ်ရိက္ခာ၊ ရုံး အသုံးစရိတ် ငွေကြေး ထောက်ပံ့မှု၊ စက်သုံးဆီနှင့် စီးပွားရေး လုပ်ငန်းတချို ့ စသည့် အခွင့်အရေးတချို ့ ရရှိလာပြီးနောက် ၅ နှစ်ကာလခန့် အကြာမှာ နှစ်ဖက် ဆက်ဆံရေးများ နွေးထွေးမှုမရှိတော့သလို ခံစားစ ဖြစ်လာခဲ့သည်။
ထို့နောက် အပစ်ရပ်စဲစဉ် ကာလက မွန်ပြည်သစ်နှင့် ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသော တိုင်းမှူးမှအစ ပထမတန်း အရာရှိများ၊ ထောက်လှမ်းရေး အရာရှိများ အခြားဒေသသို့ ပြောင်းရွေ ့သွားပြီးကြရာ အစားထိုး ရောက်ရှိလာသော အရာရှိများဖြင့် ထိတွေ့ဆက်ဆံလာခဲ့ကြသည်။ ထိုသို့ ဆက်ဆံရာမှာ အဆင်မပြေ ဖြစ်လာခဲ့ပြီးနောက် ယခင် ရရှိနေသော ထောက်ပံ့မှုများလည်း အလိုလို လျော့ကျလာခဲ့သည်။
ဤသို့ ဖြစ်တည်နေချိန် ၂၀ဝ၃ ခုနှစ်တွင် ကျင်းပနေသော ညောင်နှစ်ပင် အမျိုးသားညီလာခံသို့ မွန်ပြည်သစ်ပါတီအနေဖြင့် ကိုယ်စားလှယ် စေလွှတ်ကာ ညီလာခံအား တက်ရောက်ခဲ့သည်။ သို့သော် အသစ်ပေါ်ထွန်းလာမည့်(ယခု ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ) ဖွဲ့စည်းပုံအခြေခံဥပဒေသစ်သည် စစ်မှန် သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအနေအထား မဖြစ်နိုင်ကြောင်းကို ရှုမြင်သုံးသပ်မိရာမှ အမျိုးသား ညီလာခံကို ကျောခိုင်းခဲ့သည်။
ထိုသို့ အမျိုးသားညီလာခံကို မွန်ပြည်သစ်ပါတီ ကျောခိုင်းသွားခြင်းကြောင့် စစ်အစိုးရထံမှ ကျန်ရှိနေ သေးသော ထောက်ပံ့မှုအားလုံးလည်း လုံးဝ ရပ်တန့်သွားခဲ့သည်။
ထို့နောက် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်ပေါက်လာပြီး ၂၀၁၀ နှစ်လည်သို့ ရောက်သည့်အခါ မွန်ပြည်သစ် တပ်ဖွဲ့ဝင်များကို ပြည်သူ့စစ်(သို့မဟုတ်) နယ်ခြားစောင့်တပ်ဖွဲ့ ပြောင်းလဲရန် ဖိအားပေး လာခဲ့သည်ကို မွန်ပြည်သစ်က မြို ့ပေါ်ရှိ ဆက်ဆံရေးရုံးများပိတ်ပစ်ခဲ့ပြီး မိမိတပ်တည် စခန်းနေရာများမှာသာ အခိုင်အမာ လှုပ်ရှားလာခဲ့သည်။
ထိုကာလမှ စတင်၍ ၁၉၉၅ ခုနှစ်၏ အပစ်ရပ်စဲမှု ပျက်ပြယ်ခဲ့ပြီဟု ဆိုသော်လည်း မွန်ပြည်သစ် တပ်ဖွဲ့နှင့် တပ်မတော်ကြား ယနေ့အထိ ထိပ်တိုက်ရင်ဆိုင် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ခြင်း မရှိပေ။
လက်ရှိ NCA အခင်းအကျင်း
သမ္မတ ဦးသိန်းစိန် အာဏာရလာပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ၂၀၁၁ ခုနှစ်၊ သြဂုတ် ၁၈ ရက်တွင် ငြိမ်းချမ်းရေး ဖိတ်ခေါ် ကမ်းလှမ်းလာခဲ့သည်။
ထိုငြိမ်းချမ်းရေး ကမ်းလှမ်းမှုတွင် တိုင်းရင်းသား လက်နက်ကိုင်များအနေနှင့် ကနဦးကာလ၌ လက်နက် စွန့်ရန်မလို ကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်( Nationwide Ceasefire Agreement-NCA) ချုပ်ဆိုခြင်းနှင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ၏ ရလဒ် များကို အခြေခံပြီး လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များ အဆင့်ဆင့် ပြုလုပ်သွား ခြင်းဖြင့် လက်နက်ကိုင် ပဋိပက္ခများကို ချုပ်ငြိမ်းသွားစေရန် ရည်ရွယ်သည်ဟု မြန်မာငြိမ်းချမ်းရေး စင်တာ (MPC)က ထုတ်ဝေသော Peace& NCA စာအုပ်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံအတွင်း ထင်ရှားသည့် တိုင်းရင်းသား လက်နက်ကိုင် ၂၀ ဖွဲ့ခန့် ရှိသည့်အနက် ပြည်နယ်နှင့် ပြည်ထောင်စုအဆင့် ၁၁ ဖွဲ့၊ ပြည်နယ်အဆင့် ၃ ဖွဲ့ ၂၀၁၂ ခုနှစ် အထိ အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် Bilateral Ceasefire Agreement ရေးထိုးခဲ့ကြသည်။
၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်တွင် ကျင်းပခဲ့သော NCA လက်မှတ်ထိုးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ လက်မှတ်ထိုးခဲ့ကြသော်လည်း အားလုံး ပါဝင်ရေး မူကို စွဲကိုင်ထားသည့် မွန်ပြည်သစ်ပါတီ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ လက်မှတ် မထိုးနိုင်ခဲ့ပေ။
သို့သော်လည်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အဖွဲ့ဝင်တချို ့ NCA လမ်းကြောင်း လက်မခံသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) ဘက်သို့ ပူးပေါင်း ပါဝင်သွားသဖြင့် အားလုံးပါဝင်ရေးမူကို မွန်ပြည်သစ်ပါတီ လက်လျော့လိုက်ရသည်ဟု ဆိုသည်။
ထို့နောက် မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့သည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ(MICC-2)တွင် NCA လက်မှတ်ထိုးပွဲကို ကျင်းပခဲ့သည်။
လက်မှတ်မထိုးခင် ၂ ရက်အလိုတွင် ပြည်ထဲရေးဝန်ကြီးဌာနက မတရားအသင်းမှ ပယ်ဖျက်ကြောင်း နှင့် အကြမ်းဖက်အဖွဲ့အစည်း မဟုတ်ကြောင်း ကြေညာချက်များကို ထုတ်ပြန်ပေးခဲ့သည်။
NCA သည် ပန်းတိုင်မဟုတ်ကြောင်း ပြီးခဲ့သည့် မွန်အမျိုးသားနေ့တွင် မွန်ပြည်သစ်ပါတီက ထုတ်ပြန်ထားပြီး မွန်တိုင်းရင်းသားရဲ ့ မိမိတို့ ကြမ္မာ မိမိတို့ ဖန်တီးခွင့် တနည်းအားဖြင့် ဖက်ဒရယ် ပြည်ထောင် စု တည်ဆောက်ရေးအတွက် နိုင်ငံရေးစားပွဲဝိုင်းတွင် ဆွေးနွေးဖြေရှင်း ခွင့်ရှိသဖြင့် အစိုးရနှင့် မွန်ပြည်သစ်တို့၏ ပြီးခဲ့သည့် ၁၉၉၅-၂၀၁၂ သဘောတူညီချက်များထက် ထူးခြားသည်ဟု မှတ်ယူနိုင်မည်ဟု ထင်သည်။
မကြာမီတွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)တို့တွင် မွန်ပြည်သစ်ပါတီ အဖွဲ့ဝင်များ ပါဝင်ဆောင်ရွက်ခွင့် ရှိလာတော့မည်။
ထိုမှတဆင့် မွန်ပြည်သစ်ပါတီနှင့် မွန်နိုင်ငံရေးပါတီတို့ ဦးဆောင်၍ မွန်လူထု တွေ့ဆုံပွဲများ ပြုလုပ်ကာ မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပသွားရန်လည်း အခွင့်အရေးတရပ်ကို လက်ဝယ် ပိုင်ဆိုင်ခဲ့ပြီး ထိုမှ ထွက်ပေါ်လာမည့် မွန်တိုင်းရင်းသားများ အသံကို ၂၁ ရာစုပင်လုံ (တတိယ အစည်းအဝေး)သို့ တင်ပြနိုင်တော့မည်။
ထို့ပြင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို အကြိမ်ကြိမ် ဆက်လက်ကျင်းပပြီး ၂၀ဝ၈ ဖွဲ့စည်ပုံ အခြေခံဥပဒေ ပြင်ဆင်၍ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သွားနိုင်မည့် လမ်းကြောင်းပေါ်ကိုလည်း လျှောက်လှမ်းလာနိုင်မည်ဟု ရှုမြင်နိုင်သည်။
သို့သော် အထက်ပါ NCA ရေးထိုးပြီးနောက် Process ဖြစ်စဉ်များအရ အဆင့်ဆင့် ဖြတ်သန်း သွားရ မည့် ခြေလှမ်းများသည်လည်း အစစအရာရာ အဆင်ပြေ ချောမွေ့လိမ့်မည်ဟု စိတ်ကူး မယဉ်မိစေလိုသည့် အကြောင်းမှာ ၂၁ ရာစုပင်လုုံညီလာခံသည် ၂၀ဝ၈ ဖွဲ့စည်းပုံကို ကာကွယ်သူများနှင့် ပြင်ဆင်လို သူများကြား အာဏာလွန်ဆွဲပွဲ ယဉ်ကျေးမှုသစ်ဟုလည်း ဆိုနိုင်ပါသည်။
မည်သို့ပင်ဆိုစေ မွန်ပြည်သစ်ပါတီ NCA လက်မှတ် ရေးထိုးခြင်းကြောင့် မွန်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ရောင်ခြည် သန်းနေသယောင် အပေါ်ယံအားဖြင့် မြင်တွေ့နိုင်သော်လည်း နယ်မြေချင်း နီးကပ်နေသည့် ကရင်လက်နက်ကိုင် ၃ ဖွဲ့ NCA လက်မှတ် ရေးထိုးထားသည့်တိုင် ကရင်ပြည်နယ်တွင် သေနတ်သံများ ရပ်စဲနိုင်ခြင်း မရှိသည်မှာ ထောင်နှစ်ချီသော စစ်ပြေးရှောင်များက သက်သေတည်နေသည်။
NCA လက်မှတ် ထိုးထားသော ကရင်လက်နက်ကိုင် ၃ ဖွဲ့နှင့် ဖြစ်ခြင်းမဟုတ်ဘဲ စောကျော်သက် ဦးဆောင်သော ခွဲထွက်(DKBA)နှင့် တပ်မတော်၊ ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF) တို့ဖြင့်သာ တိုက်ပွဲ ဖြစ်နေခြင်းက ဝေဖန်မှုများကို ရှောင်ကွင်းနိုင်သော ထွက်ရပ်ပေါက်တခုလည်း ဖြစ်လာသည်။
အထူးသဖြင့် ရှမ်းနှင့် ကချင်ပြည်နယ်အတွင်း ထောင်သောင်းချီသည့် တိုက်ပွဲရှောင်များ ရှိနေသလို တပ်မတော်နှင့် တိုင်းရင်းသား တပ်ဖွဲ့များကြား၊ တိုင်းရင်းသား တပ်ဖွဲ့ အချင်းချင်းကြား ပစ်ခတ် တိုက်ခိုက်မှုများ ဖြစ်ပေါ်နေဆဲပင်။လက်ရှိ ရခိုင်ပြည်နယ် ပဋိပက္ခသည် ကမ္ဘာမှ အာရုံစူးစိုက်စရာ မြင်ကွင်းလည်း ဖြစ်လာသည်။
မွန်ပြည်သစ်နှင့် လားဟူ NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးပန်းတိုင် ဖက်ဒရယ် ခရီးကတော့ ချောချောမွေ့မွေ့ သာသာယာယာနဲ့ ဖြတ်သန်းရမှာတော့ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေး ခရီးဟာ တာဝေးခရီးဖြစ်တဲ့အတွက် စိတ်ဓါတ်နဲ့ ယုံကြည်မှုက အရင်းခံ ဖြစ်ပါတယ်။ အခုထိလည်း နိမ့်လိုက် မြင့်လိုက်၊ လျှောက်လိုက် ရပ်လိုက်နဲ့ အကွေ့အကောက် တွေကလည်း များလှပါတယ်။ ဒါပေမယ့် ကျွန်မတို့ စိတ်မပျက်ပါဘူး။ ကျွန်မတို့ လက်လျှော့မှာမဟုတ်ပါဘူး။ ဆက်ပြီး လျှောက်မယ်၊ ဆက်လက်ပြီး ကြိုးပမ်း သွားမယ်” လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါသည်။
ထို့ကြောင့် မွန်ပြည်သစ်ပါတီ အပါအဝင် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက် ကိုင် ၁၀ ဖွဲ့တွင် စုစုပေါင်း အင်အား ၂ သောင်း ဝန်းကျင်ခန့်သာရှိပြီး ကျန်လက်မှတ် မရေးထိုး ဖြစ် သေးသော ၁၀ ဖွဲ့တွင် လက်နက်ကိုင်တပ်ဖွဲ့အင်အား ၈ သောင်းကျော် ကျန်ရှိနေသေးသဖြင့် တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲနိုင်မလားဆိုတာကိုတော့ ဆက်လက် စာင့်ကြည့်ရဦးမှာ ဖြစ်ပါကြောင်း။
စာညွှန်း
-မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုပုံဖော်ခြင်း လမ်းညွှန်အကိုးအကား(BNI)
-ငြိမ်းချမ်းရေး Peace& NCA (MPC)