စစ်ချီတေး လွှမ်းမိုးတဲ့ လွိုင်တိုင်းလျန်း

စစ်ချီတေး လွှမ်းမိုးတဲ့ လွိုင်တိုင်းလျန်း

စစ်ချီတေးနဲ့ အတူ ပြောင်လက်နေတဲ့ စစ်ဝတ်စုံတွေနဲ့ ချီတက်လာတဲ့ ရှမ်း(သျှမ်း)စစ်သားတွေရဲ့ ဘယ်ညာ ခြေနင်းသံတွေကလည်း ခပ်ပြင်းပြင်း ကြားနေရပါတယ်။

ရာချီတဲ့ စစ်ရေးပြနေတဲ့ သျှမ်းစစ်သားရဲ့ ထိပ်ဆုံး မှာတော့ သူတို့ အလေးအမြတ်ထားတဲ့ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်ကြီး ယွက်ဆစ်ရဲ့ ဓာတ်ပုံမှန်ဘောင် ၃ ခု ကို ကိုင်ထားကြပါတယ်။

သူတို့က ဘယ်ညာ ချီတက်ရင်း ဘေးတဖက် တချက်စီမှာ ရှိနေတဲ့ တူရိယာ တီးမှုတ်တဲ့ ရဲဘော်တွေက စစ်ချီ တေးသံကို ပိုပြည့်စုံအောင် ပါရမီ ဖြည့်နေပါတယ်။

သူတို့ကတော့ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် ( RCSS/SSA) ရဲ့ ရဲဘော်တွေပါပဲ။

သူတို့ ဌာနချုပ် ဖြစ်တဲ့ လွိုင်တိုင်းလျန်း မှာ ဖေဖော်ဝါရီ ရ ရက်နေ့ အတွက် စစ်ရေး ပြနေကြတာပေါ့။

ထိုနေ့မှာတော့ စစ်သည် အင်အားမှာ ၇၀၀ ကျော် ရှိပြီး၊ စစ်သည် အမျိုးသမီးမှာ ၂၀၀ ခန့်ရှိပြီး တချို့ စစ်သည်မှာ ငယ်ရွယ်သေးတာကို တွေ့မြင်ရပါတယ်။

“ ငယ်တဲ့စစ်သည်တွေက အခုမှ စစ်သင်တန်း သားတွေပဲ ရှိသေးတယ်”လို့ နီးစပ်သူတွေက ပြောပြပါတယ်။

လွိုင်တိုင်းလျန်း တောင်ပေါ် ကျင်းပတဲ့ သျှမ်း အမျိုးသားနေ့ မှာတော့ တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးသဘောတူညီ စာချုပ် (NCA) စာချုပ်ချုပ်ဆိုတဲ့ အဖွဲ့တွေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်၊ နိုင်ငံရေး အသိုင်းအဝန်းတွေ နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက အစ လာရောက် ဂုဏ်ပြု ကြတာကို တွေ့မြင်ရပါတယ်။

သျှမ်းအမျိုးသားနေ့ ကို ဖေဖော်ဝါရီ ၆ ရက်နေ့ ညနေမှ စတင်ကာ လွိုင်တိုင်းလျန်းတို့ လာရောက်တဲ့ အထူးဧည့်သည်တွေကို ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ညနေမိတ်ဆုံစားပွဲနဲ့အတူ နာမည်ကျော် သျှမ်းအဆိုတော်တွေရဲ့ ဖြေဖျော်မှုနဲ့ ဧည့်ခံပါတယ်။

“ ကျနော်တို့ ရဲ သျှမ်းလူမျိုးတွေ လွိုင်တိုင်းလျန်း ပွဲမှာ လာအား ပေးဖို့အတွက် ထိုင်းနိုင်ငံဘက်ကအာဏာပိုင်တွေ ကို ခွင့်တောင်းရပါတယ်။ ကျနော် သိသလောက်ကတော့ ပွဲလာပရိသတ်က ကားအစီးရေ ၅၀၀၊ လူအင်အား ၁၅၀၀ ကျော် ရှိပါတယ်” လို့ RCSS/SSA ရဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောပါတယ်။

RCSS/SSA ဌာနချုပ် လွိုင်တိုင်းလျန်းဟာ ထိုင်း မြန်မာ နယ်စပ် မှာ တည်ရှိပါတယ်။

လွိုင်တိုင်းလျန်းတောင်သွားတဲ့လမ်းတလျှောက်ဟာ တောင်တန်းတွေ သစ်ပင်သစ်တောတွေထူထပ်စွာရှိပါတယ်။ တောင် စတက်ချိန်မှာတော့ ဆိုင်ကယ်တွေကားတွေအသွားများတာကြောင့် ဖုံမှုန့်များ တလိမ်းလိမ်းထ တာကို မြင်တွေ့ရပါတယ်။

လွိုင်တိုင်းလျန်းဌာနချုပ် အဝင်မုခ်ဝ မှာတော့ စစ်ဆေးရေး ဂိတ်တခုထားရှိပြီး လမ်းဘေးတဘက်တချက်ကစလို့ ပွဲခင်းအထဲအထိ ဝါ၊ စိမ်း၊ နီ အလယ်လဝန်းပါ သျှမ်းအလံ စိုက်ထူထားပါတယ်။

လွိုင်တိုင်းလျန်းမှာ ဖေဖော်ဝါရီ ရ ရက်နေ့ သျှမ်း အမျိုးသားနေ့ကို စည်းကားသိုက် မြိုက်စွာကျင်းပမှာဖြစ်တယ်လို့ ကြားကြရတာကြောင့် ဒေသအသီးသီး အနယ်နယ် အရပ်ရပ်က သျှမ်းပြည်သူလူထုဟာ ဖေဖော်ဝါရီ ၄ ရက်နေ့ က စပြီး တဖွဲဖွဲရောက်လာကြပါတယ်။

သျှမ်းအမျိုးသားနေ့ အထိမ်းအမှတ် ဖြစ်တဲ့အလျောက် ပွဲစျေးတန်းတွေမှာ သျှမ်းဝတ်စုံတွေကိုယ်စီ နဲ့ သွားလာလည်ပတ်စျေးဝယ်နေကြသလို စစ်သားတွေကတော့ စစ်ဝတ်စုံတွေနဲ့ ပွဲအတွက်စီစဉ်လှုပ်ရှားသွားလာနေတာကို တွေ့မြင်ရပါတယ်။

လွိုင်တိုင်းလျန်း ရဲ့ စျေးတန်း ထဲမှာတော့ ရိုးရာ အဝတ်အစားတွေ၊ ရိုးရာ အစားအစာတွေ၊ ထိုင်း တံဆိပ်စုံ ဘီယာ ၊ လွိုင်တိုင်းလျန်း က ထုတ်တဲ့ မိုင်ဆုန် ဘီယာ နဲ့ ဆေးရေစိမ် အရက်တွေ အစုံအလင်ရောင်းချနေတာ တွေ့ရပါတယ် ။

လာရောက်တဲ့ ဧည့်သည်တွေလေ့လာကြည့်ရှုဖို့အတွက် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး ပြခန်းနဲ့ သျှမ်း လက်နက်ကိုင် တော်လှန်ရေး သမိုင်းခန်းမ ကိုပါ ဖွင့်လှစ်ပြသထားပါတယ်။

လွိုင်တိုင်းလျန်း က သျှမ်းအမျိုးသားတွေဂုဏ်ယူရတဲ့ သျှမ်းတပ်မတော်ဌာနချုပ်ဖြစ်လို့ စိတ်ဝင်တစား လာရောက်လေ့လာကြတာရှိသလို၊ တချို့ကလည်း ကိုယ့်သား၊သမီး စစ်သင်တန်းလာ တက်လို့ ပွဲကာလမှာ သားသမီးဆီလာရင်း ပွဲဝင်ဖို့ လာကြတာလို့ ပွဲလာပရိသတ်တွေကပြောဆိုပါတယ်။

ပွဲကာလမှာ လွိုင်တိုင်းလျန်းဌာနချုပ်မှာတည်းခိုစရာ နေရာ ပြည့်လျှံမှုကတော့ နှစ်စဉ်ကြုံတွေ့နေရတဲ့အတွက် တချို့ က ကိုယ်ပိုင်ရွက်ဖျင်တဲတွေ ယူလာပြီး လာရောက် လည်ပတ်တာကို တွေ့ရပါတယ်။

“ ကျနော် ကတော့ လွိုင်တိုင်းလျန်း ကို မရောက်ဖူးတာရော၊ ကျနော် သား ဆီ လာလည်တာရောပါပဲ။ ကိုယ့်လူမျိုးရဲ့စစ်တပ်က ဘယ်လို ရှိလဲ ဆိုတာ သိချင်တယ်။ နောက် ကိုယ့် လူမျိုး တွေ ဆုံကြတဲ့သဘောပါ”လို့ မူဆယ်မြို့မှ လာရောက် တဲ့ စိုင်းအောင် ကပြောပါတယ်။

လွိုင်တိုင်းလျန်း က ထိုင်းနိုင်ငံ နယ်စပ် ဖြစ်တဲ့ အလျောက် ထိုင်းဘတ်ငွေ၊ ထိုင်း ဖုန်း ကိုသာ သုံးစွဲကြပါတယ်။

“ အရင်က တောင်ပေါ်မှာ ရေခက်ခဲတယ်။ ဖုန်းတိုင်တွေ မရှိဘူး။အခုတော့ ထိုင်းက ဖုန်းတိုင်တွေ လာလုပ်ပေးတယ်။ အင်တာနက်လည်း ရတယ်။ နောက် ရေပိုက်တွေလည်း သွယ််လိုက်ပြီ။ ဒီတောင်ပေါ်က တိုးတက်လာတယ်” လို့လည်း လွိုင်တိုင်းလျန်း တွင်နေထိုင်တဲ့ အမျိုးသားတဦး က ပြောပါတယ်။

လက်ရှိမှာတော့ လွိုင်တိုင်းလျန်း မှာ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က သျှမ်းကလေးတွေအတွက် တက္ကသိုလ်ဆောက်နိုင်ဖို့ လုပ်နေကြောင်းလည်း သူက ဆက်လက်ပြောပါတယ်။

RCSS/SSA ဟာ ၂၀၁၅ ခုနစ်တွင် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲ သဘောတူညီ စာချုပ် ( NCA) ချုပ်ဆိုခဲ့တဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိ အချိန်ထိ မြန်မာ့ တပ်မတော် နဲ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေသလို သျှမ်း စစ်သားတွေကိုလည်း ဖမ်းဆီးမှုတွေ ရှိနေဆဲပါ။

“ တိုက်ပွဲဖြစ်တာကတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်တိုင်း ဖြစ်လေ့ဖြစ်ထရှိပါတယ်။ လက်မှတ်ထိုးရုံနဲ့ ပြီးပြတ်နိုင်တယ်ဆိုတာ မရှိပါဘူး။ အကောင်းဆုံးနဲ့ အဖြစ်နိုင်ဆုံး ကလည်း NCA နည်းလမ်းပဲရှိပါတယ်။ တိုုက်ပွဲ ကိစ္စကလည်း ကျနော်တို့ ညှိနှိုင်းရမှာပါ” လို့ RCSS မှ အတွင်းရေးမှူး-၃ ဗိုလ်မှူးကြီး စိုင်းငင်း ကပြောပါတယ်။

ဒါ့အပြင် သျှမ်းပြည် ညီညွတ်ရေးကော်မတီ (CSSU) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင် ကျင်းပသည့် အမျိုးသားအဆင့် သျှမ်းလူထု တွေ့ဆုံပွဲများကို တပ်မတော် က ၂၀၁၇ ဖေဖော်ဝါရီ လကုန် ပိုင်းတွင် ဟန့်တားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

RCSS အနေနဲ့ သျှမ်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကို လင်းခေးမြို့မှာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလထဲမှာ ကျင်းပနိုင်ကြောင်း ၊တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) က ဆုံးဖြတ်ခဲ့ပါတယ်။

သို့သော်လည်းဘဲ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မပြုလုပ်နိုင်တဲ့အတွက် ယခု ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ကျင်းပမယ့် ၂၁ ရာစု ပင်လုံ တတိယ အစည်းအဝေးမှာ တင်ပြဆွေးနွေးနိုင်မှာ မဟုတ်ကြောင်းလည်း သိရပါတယ်။

၂၁ ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ နဲ့ ပတ်သတ်ပြီး RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က “၂၁ ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ ဆက် ကျင်းပသွားနိုင်အောင် ကျနော်တို့ အနေနဲ့ ဆက်လက်ပြီး ကြိုးပမ်းသွားမယ်” လို့ ဆိုပါတယ်။

၁၉၄၇ ခုနစ် ဖေဖော်ဝါရီ ရ ရက်နေ့ က သျှမ်းတိုင်းရင်းသားတွေ အနေနဲ့တခြားသော တောင်တန်းဒေသ တိုင်းရင်းသားတွေ ဖြစ်တဲ့ ချင်း၊ကချင် တို့နဲ့ အတူ ပြည်နယ်၊ပြည်မ အတူတကွ လွတ်လပ်ရေး ရယူမယ်လို့ ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့တဲ့ နေ့ရက်တရက်ပါ။

ပင်လုံစာချုပ်ကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့တာလည်း နှစ်ပေါင်း(၇၀) ရှိပါပြီး၊ သိုသော်လည်း တိုင်းရင်းသား ပြည်သူလူထု တရပ်လုံး နှစ်ပေါင်း(၇၀) နီးပါး ပြည်တွင်းစစ် ဖြစ်ပွားမှုကြောင့် လွတ်လပ်ရေးရဲ့ အသီးအပွင့်တွေ ကို ပြည့်ဝစွာ ရရှိခံစား နိုင်ခြင်းမရှိသေးပေ။

ဒါ့အပြင် သျှမ်းစော်ဘွားတွေ နဲ့ ပြည်သူလူထုတွေ ကြားသွေးစည်းညီညွတ်မှုရခဲ့သလို ထိုနေ့မှာပဲ သျှမ်းအမျိုးသား သီချင်းနဲ့ သျှမ်းအမျိုးသားအလံကို သတ်မှတ်နိုင်ခဲ့တဲ့ နေ့ရက်လည်းဖြစ်ပါတယ်။

ဒါ့ကြောင့် ပင်လုံစာချုပ်နဲ့ ပြည်ထောင်စု နေ့ ဖြစ်ပွားလာဖို့ ပေါ်ပေါက်လာဖို့ အတွက် သျှမ်း အမျိုးသား နေ့ ကလည်း အရေးကြီးတဲ့သမိုင်း ဝင်ရက်တရက်လို့ ဆိုနိုင်ကြောင်း သိရပါတယ်။

သျှမ်းအမျိုးသားနေ့ ဟာ မြန်မာတပြည်လုံးရဲ့ နေ့ထူး နေ့မြတ် ဖြစ်ပြီး၊ ပြန်တမ်းဝင် ပြုလုပ်တဲ့နေ့တနေ့ ဖြစ်တဲ့အလျောက် တရားဝင် ရုံးပိတ်ရက် အဖြစ် သတ်မှတ်ပေးရန် သင့်တော်တဲ့ အချက်လည်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားပါတယ်။

“လွိုင်တိုင်းလျန်းကို ငွေကုန် ကျခံ ပြီး သျှမ်း အမျိုးသားနေ့ ပျော်ပွဲလာတာထက် ဒီကိုလာတာ ဘာရသွားလဲ။ နောက် ကိုယ့်လူမျိုးတွေ အတွက် ဘယ်လို အကျိုး တွေ ထမ်းရွက်သွားမလဲ ဆိုတာ စဉ်းစားသင့်ပါတယ်” လို့ လွိုင်တိုင်းလျန်း သို့လာရောက်တဲ့ အမျိုးသား ဧည့်သည် တဦးက ပြောပါတယ်။

December 20, 2024
မြန်မာ - ထိုင်းနယ်စပ်တလျှောက် ထိုင်းစစ်တပ်နှင့် ‘ဝ’ တပ်ဖွဲ့ UWSA အကြား...
December 20, 2024
သျှမ်းပြည်၊ သိန္နီမြို့ရှိ ဒေသခံတချို့ကို မူးယစ်းသုံးစွဲသည်ဟု စွပ်စွဲပြီး ကိုးကန့်တပ် MNDAA က...
December 19, 2024
သျှမ်းပြည် တောင်ပိုင်း ပအိုဝ်းပြည်သူ့စစ် PNO သည် စစ်အင်အားထောင်ချီ ရုပ်ထွက်ပြပြီးနောက်...
တရုတ်နိုင်ငံသို့ တင်သွင်းနေမည့် ကြံကားများ
December 18, 2024
တရုတ်အာဏာပိုင်များသည် စစ်ကောင်စီဘက်ကို ပေါ်ပေါ်ထင်ထင်ရပ်တည်ပြီးနောက် ညီနောင်မဟာမိတ်တပ်...