ဆယ်တောရိုမှသည် ကရင်နီပြည် ငြိမ်းချမ်းရေးဆီသို့

ဆယ်တောရိုမှသည် ကရင်နီပြည် ငြိမ်းချမ်းရေးဆီသို့
by -
ထူးချစ်

“ဆယ်တောရို” ဆိုသည်ကား ဒေသခံ ကယားလူမျိုးများ၏ ဘာသာစကားအရ “မိုးသောက်ကြယ် (သို့မဟုတ်)ရောင်နီဦးကြယ်ဟု” အဓိပ္ပာယ် ဖွင့်ဆိုကြသည်။ ဆယ်တောရိုပညာရေး အစီအစဉ်ကို ပြည်နယ်သားတို့၏ အနာဂတ်၊ မျိုးဆက်သစ်များအတွက် အိပ်မက်၊ ပြည်နယ်ဖွံ့ဖြိုးခြင်း၏ ရှေ့ဆောင်လမ်းပြဟု ဒေသခံများ၏ အသွေးအသားထဲမှ ယုံကြည်နေကြ၏၊။

ကယား(ကရင်နီ) ပြည်နယ်သည် ပြည်နယ်သေးငယ်သော်လည်း လက်နက်ကိုင် အဖွဲ့ အစည်းများ များပြား၏။ ဒေသခံ လက်နက်ကိုင် အဖွဲ့အစည်းများ အချင်းချင်း ပဋိပက္ခများ ဖြစ်ခဲ့ဖူး၏။ ပြည်တွင်းစစ်ဒဏ်ကို နှစ်ပေါင်းများစွာ ခါးစည်းခံခဲ့ကြရ၏။ ပြည်တွင်းစစ်၏ နောက် ဆက်တွဲ ဆိုးကျိုးများအဖြစ် ပြည်နယ်အတွင်း စိတ်ဝမ်းကွဲမှု၊ ဆင်းရဲမွဲတေမှု၊ မူးယစ်ဆေးထုတ် လုပ်သုံးစွဲနေမှုများ ဖြစ်ပေါ်ခဲ့ပြီး လူငယ်များ၏ ပညာရေးမှာ နိမ့်ကျခဲ့ရ၏၊ ဒေသခံပြည်သူ များအနေဖြင့်် စစ်ကိုမလိုလား၊ ငြိမ်းချမ်းရေး၊ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုသာ လိုလားနေကြ၏၊

၂၀၁၂-ခုနှစ်မှ စတင်ပြီး KNPP (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ)အနေနှင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ပြီးကတည်းက ကရင်နီပြည်နယ်အတွင်း လူထုလိုအပ်ချက်များကို ပြည်သူလူထုနှင့် ညှိနှိုင်းတိုင်ပင်လျက် ပူးပေါင်းပြီး ဆောင်ရွက်လုပ် ကိုင်လျက် ရှိ၏။ KNPP အနေဖြင့် စစ်ရေးအရ သဘောထား တင်းမာမှုများကို အတတ်နိုင်ဆုံး ရှောင်ရှားနိုင်ခဲ့၏။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကိုလည်း များစွာသော အခက် အခဲများကြားမှ မိမိတို့ တတ်နိုင်သလောက် ကြိုးစားဆောင်ရွက်လျက်ရှိ၏။

ဆယ်တောရို “လူငယ်ငြိမ်းချမ်းရေး၊ ပညာရေးနှင့် ဖွံ့ဖြိုးရေးကျောင်း ဖွင့်ရခြင်း၏ ရည်ရွယ် ချက်ကား ရိုးရှင်းထိမိ၏။ အခြေခံလူထု၏ အသည်းနှလုံးကို ချုပ်ကိုင်မိ၏။ ပြည်နယ်၏ လိုအပ် ချက်ဖြစ်သည်ကိုကား မည်သူမျှ ငြင်ဆိုဝံ့မည်မဟုတ်။ ပြည်နယ်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ လူငယ်များ၏ အသိပညာ အတတ်ပညာများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းများ ဆုံးရူံး နေကြသည့် လူငယ်များအား အဓိကထားပြီး ပညာသင်ကြားပေးနိုင်ရန် ရည်ရွယ်ပါသည်ဟု” ဆိုထား၏၊

အခါအခွင့်သင့်တိုင်းလည်း ဆယ်တောရိုကျောင်း ရည်ရှည်တည်တံ့ ခိုင်မြဲရေးအတွက်၊ “ပြည်ထောင်စုအစိုးရ၊ ကယားပြည်နယ်အစိုးရ၊ ပြည်နယ်အတွင်းရှိ လက်နက်ကိုင် အဖွဲ့ အစည်းများ၊ နိုင်ငံရေးပါတီများ၊ ဘာသာရေး အသင်းအဖွဲ့များနှင့် ကယားပြည်နယ်( ကရင် နီပြည်နယ်) အတွင်း မှီတင်းနေထိုင်ကြသည့် မိဘပြည်သူများနှင့် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ််ပါသည်” ဟု ရှင်းလင်းစွာ ပြောဆိုခဲ့ကြ၏။

၂၀၁၇ နိုဝင်ဘာ ၂၆ ရက်နေ့တွင် ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်(ကိုယ်စား)မှ KNPP လွိုင်ကော်ဆက်ဆံရေးရုံးသို့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီမှ ပံ့ပိုးကူညီမှု ပေးနေသည့် ဒေသတွင်း လူငယ်ဖွံ့ဖြိုးရေးကျောင်း တည်ဆောက်ရန် စီစဉ်ပေးနေမှုကို ကန့်ကွက်ကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့သည်ဟု ကြားသိခဲ့ရ၏၊

အဆိုပါ အကြောင်းကြားစာ ရရှိခဲ့သည့်အတွက် ဖွံ့ဖြိုးရေးကို ငတ်မွတ်နေသည့် အခြေခံလူထုများအနေဖြင့် အံ့အားသင့်ခဲ့၏။ ဒေသတွင်း အရပ်ဖက် အဖွဲ့အစည်းများအနေနှင့်လည်း နားမလည်နိုင်အောင် ဖြစ်ခဲ့ရ၏၊ စိတ်မကောင်းမှု၊ ဝမ်းနည်ကြေကွဲမှုနှင့် မခံမရပ်နိုင်အောင် ဖြစ်ကြရ၏။ သို့ထက်ဆိုးသည်မှာ ကယားပြည်နယ် တည်ငြိမ်အေးချမ်းရေးကိုပါ စိုးရိမ်လာခဲ့ကြ၏။

၂၀၁၅ မတ်လ ၂၈ ရက်နေ့တွင် KNPP ၊ ကယားပြည်နယ်အစိုးရ ပြည်ထောင်စုဝန်ကြီးများ နှင့် မြန်မာနိုင်ငံငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူများ ဆွေးနွေးညှိနိုင်းပွဲတွင် စာရေးသူမှ လေ့လာသူအဖြစ် တက်ရောက်ခွင့် ရရှိခဲ့၏၊ စာရေးသူအနေနှင့် ပြည်နယ်တွင်း လုပ်ကိုင် ဆောင်ရွက် လိုသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို တင်ပြနိုင်ခဲ့၏။

ပြည်နယ်တွင်း လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင်လိုကြောင်းနှင့် “ဆယ်တောရို”ကျောင်းနှင့် ရည်ရွယ်ချက်ကို နှစ်ဖက်အစိုးရများကြား ဆွေးနွေးတင်ပြခဲ့ဖူး၏၊ အဆိုပါအစည်းအဝေးတွင် ဦးဆောင် တက်ရောက်ခဲ့သည့် သမ္မတရုံး ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးစိုးသိမ်း (လက်ရှိ ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ အမျိုးသားလွှတ်တော်အမတ်)နှင့် သမ္မတရုံးဝန်ကြီးနှင့် ငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူ ဦးအောင်မင်းတို့က သဘောတူခဲ့၏။ လိုအပ်သည်များကို ပံ့ပိုးကူညီပါမည်ဟု တရားဝင်ကတိ ပေးခဲ့ဖူး၏၊

“အခုလို ဖွံ့ဖြိုးရေးကျောင်းမျိုးတွေ တစ်ကျောင်းတည်းနှင့် မလုံလောက်၊ အနည်းဆုံး သုံးကျောင်းလောက်တော့ ကယားပြည်နယ်ထဲမှာ လုပ်ဆောင်သင့်သည်”ဟု ဦးစိုးသိမ်းမှ အကြံပေးခဲ့ဖူး၏။ အဆိုပါကျောင်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဘောလခဲ မြို့နယ်အတွင်းနှင့် ရှားတောမြိ့ုနယ်များတွင် အစိုးရမြေများ လျာထားပေးခဲ့ဖူး၏။ လိုအပ်သည့် ရုပ်ဝတ္တုပစ္စည်းများ ကူညီပံ့ပိုးပေးပါမည်ဟုလည်း ကမ်းလှမ်းခဲ့ဖူး၏။

KNPP အနေနှင့် ပင်ပန်းကြမ်းတမ်းသည့် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွဲခဲ့၏။ တော်လှန်ရေး တစ်ရပ်ကို ဆင်နွဲခဲ့သည် ဆိုသည်မှာ ပြည်နယ်သားများ၏ ပညာရေး၊ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဆောင်ချင်သည့် ခိုင်မာသော ယုံကြည်မှုကြောင့် ဖြစ်၏။

ပြည်နယ်ဖွံ့ဖြိုးရေးသည် ၎င်းတို့၏ နှစ်ပေါင်းများစွာ ယုံကြည်ဆောင်ရွက်နေသည့် ပြင်းပြသည့် ဆန္ဒတစ်ခုဖြစ်၏။ ပြည်နယ်သားတို့၏ လိုအပ်ချက်လည်းဖြစ်၏၊ ငြိမ်းချမ်းရေးကို မည်သည့်နည်းနှင့်မျှ မထိခိုက်လိုသည့် KNPP အနေနှင့် တစ်ချို့ကိစ္စများကို အလျှော့ပေး နားလည်မှုဖြင့် ညှိနှိုင်းနိုင်ခဲ့၏။

၅ နှစ်တာ ငြိမ်းချမ်းရေးကာလအတွင်း လက်နက်ကိုင် ပဋိပက္ခများ မဖြစ်ပွားအောင် အတတ်နိုင်ဆုံး ရှောင်ရှားနိုင်ခဲ့၏။ ၎င်းတို့၏ အသွေးထဲ အသားထဲမှ စွဲစွဲမြဲမြဲ ယုံကြည်ထားသည့် ပညာရေး၊ ဖွံ့ဖြိုးရေး နှင့် ငြိမ်းချမ်းရေးလုပ်ငန်းများကို ပြည်နယ် အစိုးရ အနေနှင့် ဟန့်တားပိတ်ပင်တားဆီးခြင်းသည် KNPP ၏ ယုံကြည့်မှု ကြီးတစ်ခုကို စိန်ခေါ်မှု တစ်ရပ်သာဖြစ်၏။ KNPP ခေါင်းဆောင်များ မည်သို့ ဆုံးဖြတ်တုန့်ပြန် မည်ကို ပြည်နယ်သားများ စိတ်ဝင်စားနေကြ၏၊

“ဆယ်တောရို” လူငယ်လေ့ကျင့်ရေးကျောင်းဟာ အခွင့်အလမ်း နည်းပါးပြီး Academic အကယ်ဒမီ ပညာရေး မတက်လှမ်းနိုင်တဲ့ ဆင်းရဲနွမ်းပါးတဲ့ လူငယ်လေးတွေအတွက်၊ အသက်မွေး ဝမ်းကျောင်းပညာရပ် တစ်ခုခုကို သင်ယူတတ်ကျွမ်းနိုင်တဲ့ အခွင့်အလမ်းလေးတွေ ရရှိဖို့ ရည်ရွယ်တာပါ၊ ဒေသခံပြည်သူတွေ ကိုယ်တိုင်က တစ်တပ်တစ်အား ပါဝင်အားပေးလို့ ဖြစ်လာတဲ့ အစီစဉ်လေးပါဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊( KNPP) ခုတိယဥက္ကဌ ခူးဦးရယ် က ပြောပြပါတယ်။

၎င်းမှဆက်လက်ပြီး “ယခင်သမ္မတ၊ ဦးသိန်းစိန်လက်ထက် တွေ့ဆုံ ဆွေးနွေးစဉ်က ပြည်နယ်တွင်း ဖွံ့ဖြိုးရေး အစီစဉ်ေတွေမှာ အသေးစိတ်ဆွေးနွေးထားတဲ့ အစီ အစဉ်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အစိုးရလက်ထက်က ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေနဲ့ သမ္မတရုံးဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်း၊ ဦးစိုးသိမ်းတို့ကိုယ်တိုင် အားပေးထောက်ခံခဲ့တဲ့ အစီအစဉ်လည်း ဖြစ်ပါတယ်” ဟု ပြောပြခဲ့ပါတယ်။

“၂၀၁၃-ခုနှစ်၊ဇွန်လ(၂၀) ရက်နေ့မှာ ကျနော်တို့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်မှာ ယေဘုယျဆန်ဆန် ရေးထားပေမယ့် ကျနော်တို့အနေနဲ့ အသေးစိတ် ဆွေးနွေး ဖြစ်ပါတယ်။ ကူညီပံ့ပိုးမှုကို အစိုးရက ဘယ်လိုကူညီဆောင်ရွက်ပေးမယ်ဆိုတဲ့အထိ ပါတယ်။ ဒါကို လက်ရှိအစိုးရက အဲဒီလိုအသေးစိတ် သဘောတူညီထားတဲ့ ကိစ္စတွေကို မသိဘဲနဲ့ ဟိုနားဒီနားက အတည်မပြူနိုင်တဲ့ သတင်းစကားတွေကို အခြေခံပြီး ကန့်ကွက်တယ်ဆိုတဲ့ အခြေအနေမျိုး သက်ရောက်ပါတယ်။

အစိုးရရဲ့ စာသင်ကျောင်းတွေမှာ ပြဌာန်းထားတဲ့ သင်ရိုးညွှန်းတမ်းတွေကို မထိပါးနိုင်သလို ဒေသခံ ပြည်သူတွေကိုယ်တိုင် အင်တိုက်အားတိုက် ပူးပေါင်းဆောင်နေတာကြောင့် သူတို့က စိတ်အနှောက်အယှက်ဖြစ်စေတယ်ဆိုတာ လက်တွေ့ကျတဲ့ စွတ်စွဲချက် မဟုတ်ပါဘူး၊ အခြေခံစိုက်ပျိုးရေးပညာပေး အစီစဉ်မှာလည်း ဒီလိုအလားအလာဘဲ ဖြစ်ပါတယ်။ တကယ့် အခြေခံဒေသခံတွေ၊ ကို်ယ်ထူကိုယ်ထ ဆောင်ရွက်နိုင်အောင် လေ့ကျင့်ပျိုးထောင်ပေးလိုတဲ့ အစီအစဉ်သာဖြစ်ပါတယ်။

ကယားပြည်နယ် အစိုးရက ပါဝင်ထောက်ခံရမယ့်အစား ကန့်ကွက်နေတာဟာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ အစိုးရ ပြောသလို အစိုးရရဲ့ ဆောင်ရွက်နေတဲ့လုပ်ငန်းတွေကို အဟန့်အတားဖြစ်စေနိုင်မယ့် ကိစ္စ တစ်ခုမှ မပါပါဘူး၊ ညှိနိုင်းအဖြေရှာဖို့ လိုပါလိမ့်မယ်” ဟု ပြည်နယ်အစိုးရအနေနဲ့ ဆယ်တောရို လူငယ်လေ့ကျင့်ရေးကျောင်းကို ဟန့်တားကန့်ကွက်ခြင်းနှင့် ပတ်သက်ပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့၏ အတွင်းရေးမှူးနှင့် KNPP ၏ ဒုတိယ ဥက္ကဌဖြစ်သူ ခူးဦးရယ်က ဆက်လက်ရှင်းပြခဲ့ပါတယ်။

KNPP သည် ၎င်းတို့ ဖြတ်သန်းမှု အတွေ့အကြုံနှင့် တစ်စိုက်မတ်မတ် လေ့လာစမ်းစစ်မှုများ ကိုအခြေခံပြီး ပြည်နယ်ဖွံ့ဖြိုးရေးကို ဆောင်ရွက်ခဲ့၊ ဆောင်ရွက်နေဦးမည် ဖြစ်၏၊ ငြိမ်းချမ်းရေး ကို အသွေးအသားထဲမှ လိုလားနေသော KNPP အနေနှင့် ယခုလို ပြည်နယ်သားများ၊ အဓိကအားဖြင့် ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်သားပေါင်းစုံ လူငယ်များ အတွက် အကျိုးယုတ်ပျက်သုဉ်းစေမည့် ကယားပြည်နယ်အစိုးရ၏ ဆုံးဖြတ်ချက်ကို ခေါင်းငုံ့ခံ နေလိမ့်မည်ဟု မထင်ပါ။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏ စစ်ရေး၊ နို်င်ငံရေး ခေါင်းဆောင်များအနေနှင့် ကယားပြည်နယ်အစိုးရ၏ တားမြစ်ချက်ကို ဘက်ပေါင်းစုံမှ စဉ်းစား ချဉ်းကပ်နေကြ၏။ အရေးကြီးသည့် ဆုံးဖြတ်ချက်များကို တိတိကျကျ ဆုံးဖြတ်ချက် ချထားပြီးဟု ယုံကြည်၏။ သူတို့သည် အကောင်းဆုံး ကိုမျှော်လင့်နေကြ၏။ သို့သော် အဆိုးဆုံး အတွက်လည်း ကြိုတင်ပြင်ဆင်မှုများကို အဆင့်တိုင်းတွင် ပြုလုပ်ထားပြီး ဖြစ်မည်ဟုလည်း ယုံကြည်မိ၏။

အစဉ်အလာရှိသည့် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတစ်ရပ်အနေဖြင့် ပြည်နယ် ဖွံ့ဖြိုးရေးကို လွတ်လပ်စွာ လုပ်ပိုင်ခွင့် မရှိသည့် အနေအထားတွင် ၎င်းတို့အနေနှင့် မည်သို့ ခံစားနေရမည်ကို ကိုယ်ချင်းစာမိ၏။ ဖွံ့ဖြိုးရေးလုပ်နေသော လူတစ်ယောက်အနေနှင့် ဆယ်တောရိုကျောင်း ပိတ်ပင်မှုသည် တန်ဖိုးမဖြတ်နို်င်သည့် ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခုလုံးကို ထိခိုက်မည်ကိုကား စိုးရိမ်နေမိ၏။

သို့သော်လည်း ပြည်နယ်တွင်း လူငယ်များဖွံ့ဖြိုးရေးကို အားပေးထောက်ခံခဲ့သည့် အမြော်အမြင်ရှိသည့် မြန်မာ့တပ်မတော်ခေါင်းဆောင်ဟောင်းနှင့် ခေါင်းဆောင်သစ်များ၏ ထောက်ခံအားပေးမှုကို ရရှိထားသည့် အားလျော်စွာ ပြည်နယ်တွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရည်ရှည်လုပ်ကိုင်နိုင််လိမ့်မည်ဆိုသည့် မျှော်လင့်ချက်ရောင်ခြည်လေး က ရှိနေသေး၏။

အကယ်၍ ဆယ်တောရို လူငယ်ဖွံ့ဖြိုးရေးကျောင်းမှ အစပြုပြီး ပြည်နယ်တွင်း ငြိမ်းချမ်းရေးကို သွယ်ဝိုက်၍သော် လည်းကောင်း၊ တိုက်ရိုက်သော် လည်းကောင်း ထိခိုက်ခဲ့ပါက အဆိုပါ တားမြစ်ချက်ကို ဦးဆောင်ခဲ့သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ တာဝန်သာ ဖြစ်ပါလိမ့်မည်။ ပြည်နယ်လူထု၏ ဒဏ်ခတ်ခြင်းကိုလည်း တစ်ချိန်တည်းတွင် ခံရမည်သာ ဖြစ်၏။

“ကယားပြည်နယ်အတွင်း ရေရှည်တည်တံ့ခို်င်မြဲသည့် ငြိမ်းချမ်းရေးကို တည်ဆောက်လိုပါက ပြည်နယ်တွင်းရှိ လူမျိုးပေါင်းစုံ လူငယ်များ၏ ပညာရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဒေသခံ ပြည်နယ်သားများ၊ ငြိမ်းချမ်းရေး အဖွဲ့အစည်းများ၊ ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရနှင့် မြန်မာ့တပ်မတော်တို့က စနစ်တကျ ပူးပေါင်းဆောင်ရွက််ကြရမည် ဖြစ်ပါကြောင်း။” ရေးသားအပ်သည်။

( စာရေးသူ ထူးချစ်သည် ကရင်နီပြည်နယ်သား တစ်ဦးဖြစ်ပြီး အမေရိကန်အခြေစိုက် Ashoka Foundation မှ ၂၀၀၈ ခုနှစ်တွင် ချီးမြှင့်သည့် ‘အသောက” လူ့အခွင့်အရေးဆု ( Ashoka Follow)၊ ၂၀၁၀-ခုနှစ်တွင် ပြင်သစ်နို်င်ငံမှ ပေးသည့် လူအခွင့်အရေးဆု၊ 7 Day သတင်းဌာနမှ ပေးသည့် 7 Day Hero 2014 ဆုကို ရရှိထားပြီး ထိုင်းနိုင်ငံအခြေစိုက်၊ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ( FED ) ကို စတင်တည်ထောင်ခဲ့သူဖြစ်ပြီး လူငယ်များအတွက် ပညာရေး၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးကိစ္စများကို ဆောင်ရွက်နေသူ ဖြစ်ပါသည်။)

November 1, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ နဲ့ ပင်လောင်းမြို့ နယ်စပ်မှာ နှစ်ပတ်ကျော်အထိ...
October 31, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ထဲကို  လာရောက် စစ်ဘေးတိမ်းရှောင်နေကြတဲ့...
October 30, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတချို့မှာ ၈နှစ်အောက်ကလေးငယ်တွေ...
October 29, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း – ဖယ်ခုံမြို့နယ်ရဲ့ အစပ်မှာရှိတဲ့ ကျေးရွာအများစုမှာ လတ်တလော...