ဒီဇင်ဘာလ (၂)ရက်ဟာ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နဲ့ နိုင်ငံတော်အစိုးရတို့ အပစ်ရပ်သဘောတူစာချုပ် ချုပ်ဆိုခဲ့တာ (၆)နှစ်တင်းတင်းပြည့်တဲ့ နေ့ ဖြစ်ပါတယ်။ ဒီ(၆)နှစ်တာ အပစ်ရပ်ကာလအတွင်းမှာ RCSS/SSA အနေနဲ့ ဘာတွေ ဆောင်ရွက်နိုင်ခဲ့သလဲ၊ ရည်မှန်းချက်အတိုင်း ပေါက်မြောက်အောင်မြင်ပါရဲ့လား၊ ငြိမ်းချမ်းရေးခယောင်းလမ်း ခရီးကြမ်းမှာ ဘယ်လို စိန်ခေါ်မှုတွေ၊ အခက်အခဲ အကျပ်အတည်းတွေ တွေ့ကြုံခဲ့ရသလဲ၊ ဒါတွေကို ဘယ်လိုကြိုးပမ်း ကျော်ဖြတ်ခဲ့သလဲ၊ ကျနော့်အမြင်သုံးသပ်ချက်ကို မျှဝေပါရစေ။
အပစ်ရပ်ပထမခြေလှမ်းအစ
အားလုံးသိတဲ့အတိုင်း ပြည်ခိုင်ဖြိုးပါတီက အစိုးရဖြစ်လာတဲ့နောက်ပိုင်း သမ္မတ ဦးသိန်းစိန်ကနေ ၂၀၁၁ သြဂုတ် လ (၁၈)ရက်နေ့မှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ (EAO)ကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တရားဝင် ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီဖိတ်ခေါ်ချက်ကို EAOတွေဖက်က ကြိုဆိုပြီး တစ်ဖွဲ့ချင်းအလိုက် အစိုးရနဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်သဘောတူစာချုပ်တွေကို ၂၀၁၁၊ ၂၀၁၂၊၂၀၁၃ နှစ်တွေမှာ EAO အများစုက တရားဝင် ချုပ်ဆိုနိုင်ခဲ့ပါတယ်။
RCSS/SSA ဟာ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ (၁၉)ရက်နေ့ ထိုင်းနိုင်ငံ ချင်းရိုင်းမှာ ဝန်ကြီး ဦးအောင်မင်း ဦးဆောင် တဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်နဲ့ အလွတ်သဘောတွေ့ဆုံပြီး အပစ်ရပ်ရေး ဦးတည်တဲ့ ငြိမ်းချမ်းရေး ခရီးကြမ်းကို တခြားEAO တွေလိုပဲ စတင်ခြေလှမ်းလှမ်းခဲ့တယ်။ ဦးအောင်မင်းနဲ့ ဆွေးနွေးပြီး အရေးပါတဲ့ လူကြီးလူကောင်း ကတိကဝတ် (Gentleman Agreement) တွေကို ရရှိခဲ့ပါတယ်။
ချင်းရိုင်းကတိကဝတ်
အဲဒီချင်းရိုင်းဆွေးနွေးပွဲမှာ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ အဖြေရှာမယ်လို့ ဝန်ကြီး ဦးအောင်မင်း ကတိပြုပြီးနောက် အပစ်ခတ်ရပ်စဲရေးအကြောင်း မဆွေးနွေးမီ RCSS ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်က ဦးအောင်မင်းကို အလွန်အရေးကြီးတဲ့ အကြောင်းအရာတစ်ခု သေချာအောင်မေးမြန်းခဲ့တယ်။ အဲဒါက “ဝန်ကြီးခင်ဗျား၊ တပ်ပိုင်းဆိုင်ရာ နဲ့ ပတ်သက်တဲ့ကိစ္စတစ်ခုကို ကျနော် တောင်းဆိုလိုပါတယ်။ အပစ်ရပ်လက်မှတ်ရေးထိုးပြီးတဲ့အခါကျရင် ကျနော်တို့တပ်တွေ ရောက်တဲ့အရပ်မှာ အခြေချလှုပ်ရှားမယ်၊ တောတောင်တွေထဲနဲ့ ကျေးလက်ဒေသတွေမှာ ကျနော်တို့တပ်တွေ နေမယ်။ အစိုးရတပ်မတော်တွေက မြို့ထဲနဲ့ ကားလမ်းမကြီးတလျှောက်မှာ အခြေချလှုပ်ရှားပါ။ တောထဲတောင်ထဲနဲ့ ကျေးလက်ဒေသဘက်ကို အစိုးရတပ်တွေ ဝင်လာတော့မယ်ဆိုရင် ကျနော်တို့ကို ကြိုတင်အကြောင်းကြား ညှိနှိုင်းပြီးမှလာပါ။ ကျနော်တို့တပ်တွေ မြို့ထဲဝင်ရင်၊ ကားလမ်းမတွေဖြတ်ကူးမယ်ဆို်ရင် ကြိုတင်အကြောင်းကြား ပြီးမှ လာမယ်။ အဲဒါကို ဝန်ကြီး သဘောတူသလား” ဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်။
ဝန်ကြီး ဦးအောင်မင်းမှ “အိုကေ သဘောတူတယ်” ဟု ခိုင်မာသည့်လူကြီးလူကောင်း ကတိကဝတ် (Gentleman Agreement)ကို ပေးခဲ့လို့သာ RCSS ဥက္ကဋ္ဌမှ အပစ်ရပ်ခြင်းကိစ္စဆွေးနွေးဖို့ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်လှုပ်ရှား ဆောင်ရွက်ဖို့ သမိုင်းဝင် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရခြင်းဖြစ်ပါတယ်။ အဲဒီကတိကဝတ်ဟာလည်း “ချင်းရိုင်းကတိကဝတ်”လို့ ငြိမ်းချမ်းရေးခရီးလမ်းကြမ်းမှာ သမိုင်းတွင်ခဲ့ပြီး ဝန်ကြီးဦးအောင်မင်းရဲ့ ငြိမ်းချမ်းရေးရောင်းကုန်ကိုလည်း RCSS က စျေးဦးဖောက်ပေးခဲ့လို့သာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ချောချော မွေ့မွေ့ လမ်းကြောင်း မှန်ပေါ် ရောက်သွားခဲ့ခြင်း ဖြစ်ပါတယ်။ ဤကိစ္စအတွက် ဝန်ကြီး ဦးအောင်မင်းက RCSS ဥက္ကဋ္ဌနှင့်တွေ့တိုင်း အထူးကျေးဇူးတင်ကြောင်း အမြဲပြောပြခဲ့ပါတယ်။
ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ် သဘောတူစာချုပ်ချုပ်ဆိုခြင်း
ချင်းရိုင်းဆွေးနွေးပွဲကနေ ရရှိခဲ့တဲ့ ရလဒ်အတိုင်း ၂၀၁၁ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့၊ တောင်ကြီးမြို့ တောင်ကြီးဟိုတယ်မှာ အစိုးရ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (၅)ဦးနဲ့ ဗိုလ်မှူးချုပ် စိုင်းလူး ဦးဆောင်တဲ့ RCSS ငြိမ်းချမ်းရေးဆွေးနွေးရေးကော်မတီ (၅)ဦးတို့ဟာ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပြီး ပြည်နယ်အဆင့် အပစ်ရပ်သဘောတူညီချက် (၈)ချက်ကို လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။ လက်မှတ်ရေးထိုးပွဲမှာ အစိုးရသက်သေအဖြစ် ဝန်ကြီးဦးအောင်မင်းနှင့် ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးတို့ က ဝင်ရောက်လက်မှတ်ရေးထိုးခဲ့ပြီး အစိုးရရဲ့ ငြိမ်းချမ်းရေးအပေါ်ထားရှိခဲ့တဲ့ Commitment ကို ပြသခဲ့ တာဖြစ်ပါတယ်။ ပြည်နယ်အဆင့် သဘောတူညီချက် (၈)ချက်မှာ မူးယစ်ဆေးဝါး ပူးတွဲတိုက်ဖျက်ရေး၊ နှစ်ဖက် အပစ်အခတ်ရပ်စဲရေးနှင့် ဆက်ဆံရေးရုံး (၅)ရုံး ဖွင့်လှစ်ရေးတို့ ပါဝင်ခဲ့ပါတယ်။
အဲဒီနောက်၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ (၁၆)ရက်နေ့ တောင်ကြီးမြို့ တောင်ကြီးဟိုတယ်မှာ ဝန်ကြီး ဦးအောင်မင်း ဦးဆောင််တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (၁၀)ဦးနှင့် ဗိုလ်မှူးချုပ် ဘောင်ခေး ဦးဆောင်တဲ့ RCSS ငြိမ်းချမ်းရေးဆွေးနွေးရေးကော်မတီ (၉)ဦးတို့ ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုအဆင့် အပစ်ရပ်သဘောတူညီချက် (၁၁)ချက်ကို ရရှိခဲ့ပါတယ်။ သဘောတူညီချက်များအနက် RCSSရဲ့ ဗဟိုဋ္ဌာနချုပ်နယ်မြေအဖြစ် မုံးထမြို့နယ်ခွဲနှင့် ဟိုမိန်းမြို့နယ်ခွဲတို့ကို သတ်မှတ်ပေးခြင်း၊ နှစ်ဦးနှစ်ဖက် ပူးတွဲပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ခြင်း တို့ဟာ အဓိကကျတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
နောက်တစ်ဆင့်အနေနဲ့ ၂၀၁၂ခုနှစ်၊ မေလ (၁၉)ရက်နေ့ ကျိုင်းတုံမြို့ တြိဂံတိုင်းရုံးခန်းမမှာ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (၁၁)ဦးနှင့် RCSS ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့ RCSS ငြိမ်းချမ်းရေး ဆွေးနွေးရေး ကော်မတီ (၂၀)ဦးတို့ ဆွေးနွေးခဲ့ကြပြီး ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် အပစ်ရပ် သဘောတူညီချက် (၁၂)ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ အသိသက်သေအဖြစ် စဝ်ဟန်ယောင်ဟွေ၊ စဝ်ခွမ်မိန်း၊ ဦးလှမောင်ရွှေ နှင့် ဒေါက်တာ ကျော်ရင်လှိုင်တို့ ဖြစ်ကြပြီး ပါဝင်လက်မှတ်ရေးထိုးပါတယ်။
သဘောတူညီချက်များမှာ အစိုးရနှင့် ပူးတွဲပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ခြင်း၊ အကျဉ်းကျခံ RCSS/SSA တပ်ဖွဲ့ဝင်များအား လွှတ်ပေးခြင်း၊ ပြည်သူလူထုနှင့် အခြားပါတီ၊ အဖွဲ့အစည်းများအား လွတ်လပ်စွာ တွေ့ဆုံနိုင်ခြင်း၊ တပ်ဖွဲ့ဝင်များနှင့် လူထုတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ပေးခြင်း စသည့်အချက်များ ပါဝင်ခဲ့ပါတယ်။ အစိုးရနဲ့RCSSတို့အကြား ချုပ်ဆိုခဲ့တဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် အပစ်ရပ်စာချုပ်တွေမှာ စုစုပေါင်း အချက် (၃၁)ချက် ပါဝင်ပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း
NCA စာချုပ် လက်မှတ်ရေးထိုးခြင်းမပြုမီ ပထမခြေလှမ်းအဖြစ် ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက် ပြည်ထောင်စုနေ့၊ နေပြည်တော်မှာ RCSSမှ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်(DOC)ကို လက်မှတ်ရေးထိုးခဲ့တယ်။ ယင်းကတိပြုချက်ကို သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ် (၂၁)ဦး၊ လွှတ်တော် ကိုယ်စားလှယ် (၃)ဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့်ရှိတဲ့ တပ်မတော်ကိုယ်စားလှယ် (၃)ဦး၊ တိုင်းရင်းသား ရေးရာဝန်ကြီးများ (၂၅)ဦး၊ နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ် (၅၅)ဦး၊ EAO အဖွဲ့အစည်း (၃)ဖွဲ့ဖြစ်ကြတဲ့ KNU DKBA KNU/KNLA-PC ကိုယ်စားလှယ်များက ပါဝင်လက်မှတ် ရေးထိုး ခဲ့ကြတယ်။
ထိုကတိပြုချက်မှာ အဓိကအချက်(၅)ချက်ပါဝင်တယ်။ အဲဒါတွေက
၁။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရန်။
၂။ NCAကို အမြန်ဆုံးလက်မှတ်ရေးထိုးရန်။
၃။ နိုင်ငံရေးဆွေးနွေးပွဲများကို အလျင်အမြန်ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်။
၄။ ၂၀၁၅အထွေထွေရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရန်။
၅။ တိုက်ပွဲများဖြစ်ပါွးခြင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေမည့် လုပ်ရပ်များရှောင်ရှားရန်။ စတဲ့အချက်တွေ ဖြစ်ပါတယ်။
ဒီလိုနဲ့ ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ(၁၅)ရက်၊ နေပြည်တော်မှာ အစိုးရနှင့်EAOတို့ ပူးတွဲပြီး NCA စာချုပ်လက်မှတ်းရေးထိုးခြင်း အခမ်းအနားကို စည်စည်ကားကား ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ် (၉)ဦး၊ EAO (၈)ဖွဲ့- KNU DKBA KNU/KNLA-PC CNF PNLO ABSDF ALP RCSS တို့ရဲ့ ဥက္ကဋ္ဌများ ဦးဆောင်တဲ့ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီတို့ရဲ့ ကိုယ်စားလှယ်များအပါအဝင် ပြည်တွင်း သက်သေအဖြစ် (၂၀)ဦး၊ နိုင်ငံတကာ သက်သေများအဖြစ် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဥရောပသမဂ္ဂ(EU)၊ ကမ္ဘာ့ကုလသမဂ္ဂ (UN)၊ နိုင်ငံပေါင်း (၄၅)နိုင်ငံရဲ့ သံတမန်များ ပါဝင်လက်မှတ် ရေးထိုး ခဲ့ကြပါတယ်။
NCA အလွန် ဖြစ်ပေါ်တိုးတက်မှုများ
NCA မှာ ပြဋ္ဌာန်းထားတဲ့အတိုင်း အစိုးရနဲ့ EAO တို့ဟာ NCA စာချုပ် အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကျင်းပပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ လိုအပ်တဲ့ ယန္တရားတွေကို ဖွဲ့စည်းပေး နိုင်ခဲ့တယ်။ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို် ကိုယ်တွယ်ဖြေရှင်းဖို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ(JMC) အဆင့်ဆင့်ကို ဖွဲ့စည်းပြီး လိုအပ်တဲ့ စောင့်ကြည့်ရေး စည်းမျဉ်းစည်းကမ်း တွေ၊ စစ်ဘက်ဆိုင်ရာကျင့်ဝတ်(COC)တွေကို ရေးဆွဲဲပြဋ္ဌာန်းပေးနိုင်ခဲ့ပါတယ်။
နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များနဲ့ ပတ်သက်လို့ တာဝန်ယူ ဆောင်ရွက်ဖို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) ဖွဲ့စည်းနိုင်ခဲ့ပြီး NCA လမ်းပြမြေပုံပါအဆင့်အတိုင်း နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ရေးဆွဲအတည်ပြုခြင်း၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပခြင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ရာစု ပင်လုံ) ကျင်းပနိုင်ခြင်း၊ ပြည်ထောင်စု သဘောတူစာချုပ် ချုပ်ဆိုခြင်း တို့ကို အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အခုဆိုရင် လာမယ့် နှစ်သစ် ၂၀၁၈ ဇန် နဝါရီလ နောက်ဆုံးပတ်မှာ ၂၁ရာစု ပင်လုံ တတိယ အစည်းအဝေးကိုတောင် ကျင်းပဖို့ ပြီးခဲ့တဲ့ JICM အစည်း အဝေးကနေ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါတွေကတော့၂၀၁၁ကနေ ယနေ့အထိ ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခုလုံးကို ခြုံငုံပြီး အနှစ်ချုပ်တင်ပြတဲ့ သဘောပဲဖြစ်ပါတယ်။
ကြုံတွေ့ရတဲ့ အခက်အခဲများနှင့် စိန်ခေါ်မှုများ
RCSS ဟာ တစ်ခါမှ အပစ်ရပ်လက်မှတ်ရေးထိုးဖူးတဲ့ အဖွဲ့အစည်းမဟုတ်တော့ အပစ်ရပ်ခြင်း ဆွေးနွေးမယ် မဆွေးနွေးဘူး ဆိုတာကို အဖွဲ့အစည်းအတွင်းမှာ အကြိတ်အနယ် အခြေအတင် Debate လုပ်ခဲ့ရပါတယ်။ အပစ်ရပ်လမ်းစဉ်၊ ငြိမ်းချမ်းရေး လမ်းစဉ်နဲ့ လိုက်လျောညီထွေဖြစ်အောင် အဖွဲ့အစည်းရဲ့ အဓိကကျတဲ့ ပေါ်လစီတွေကို ပြင်ဆင်ခဲ့ရပါတယ်။
အပစ်ရပ်ခြင်း ဆွေးနွေးဖို့ ဆုံးဖြတ်ချက်မချမှတ်သေးခင် အောက်ခြေ တပ်ရင်းတပ်ဖွဲ့က တပ်မှူးတွေရဲ့ သဘေားထားအမြင်တွေ၊ ပြည်တွင်းပြည်ပရှိ သံဃာတော်တွေ၊ ရှမ်းလူထုတွေ၊ ညီနောင်EAOတွေ၊ သျှမ်းအဖွဲ့အစည်းတွေနှင့် အခြားဆက်စပ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အမြင်သဘောထားကိုလည်း သိုသိုသိပ်သိပ် ရယူမေးမြန်းတီးခေါက်ပြီးမှ အပစ်ရပ်ခြင်း ဆွေးနွေးဖို့ သမိုင်းဝင် ဆုံးဖြတ်ချက်ကို အဖွဲ့အစည်းရဲ့ ဗဟိုကော်မတီ သဘောတူညီချက်နဲ့ ချမှတ်ခဲ့ရတာဖြစ်ပါတယ်။
အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)နဲ့ NCA စာချုပ် ပြုစုစဉ်ကာလတုန်းက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) မှာ RCSS ကိုယ်စားလှယ် တွေ မပါဝင်ခဲ့ပေမယ့် NCA လက်မှတ်ရေးထိုးတဲ့အခါကျတော့ RCSSက ဝင်ရောက် လက်မှတ်ရေး ထိုးတယ်၊ မူကြမ်းရေးဆွဲတုန်းက ထဲထဲဝင်ဝင် ပါဝင်ရေးဆွဲခဲ့တဲ့ အဖွဲ့အစည်းတွေ အများစုက မပါဘဲ မဆီမဆိုင်RCSSက ဝင်ထိုးတယ်ဆိုတော့ တစ်ချို့ သို့လောသို့လော ဖြစ်ကုန်ကြတယ်။
ဒီအတွက်RCSSက ရှင်းပြရတဲ့အခေါက်ပေါင်းလည်း မနည်းတော့ဘူး။ လူထုတွေ့ဆုံပွဲတွေ၊ အလွတ်သဘော အစည်းအဝေးတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ၊ မီဒီယာကနေ ရှင်းလင်းခဲ့ရပါတယ်။ အဓိကကတော့ NCAမှာ အတိအလင်းပြဋ္ဌာန်းထားတဲ့
၁။ ဒီမိုကရေစီ၊အမျိုသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန်။
၂။ နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည့် နိုင်ငံရေး ဆွေး နွေးပွဲ ပြည်ထောင်စုညီလာခံ ကျင်းပခြင်း။
၃။ ပြည်ထောင်စုညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေအပါအဝင် ဥပဒေများကို လိုအပ်သလိုပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများကို လုပ်ထုံးလုပ် နည်းနှင့်အညီ ပြုလုပ်ခြင်း။
၄။ EAOများအား မတရားအသင်းအဖြစ်ကြေညာထားခြင်းမှ ပယ်ဖျက်ခြင်း။
၅။ နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေချိန်ကြားကာလတွင် မိမိဒေသအတွင်း လူထုအကျိုးပြုလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နိုင်ခြင်း။
အထက်က အချက်တွေကြောင့် RCSSက လက်မှတ်ရေးထိုးရတာပါလို့ နားလည်သဘောပေါက်အောင် ရှင်းလင်း ခဲ့ရတယ်။
သျှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ မကျင်းပနိုင်တာဟာလဲ RCSS အတွက် ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၁ရာစု ပင်လုံ ဒုတိယ အစည်းအဝေးမှာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေး ပွဲ မကျင်းပနိုင်လို့ ပါဝင်ဆွေးနွေးမှာ မဟုတ်သလို ရရှိလာတဲ့ သဘောတူညီချက်တွေကို်လည်း လက်မှတ်ရေး ထိုးမှာမဟုတ်ဘူး ဆိုပြီး ညီလာခံမတိုင်မီ ထုတ်ပြန်ကြေညာချက် ထုတ်လိုက်ခဲ့ရတဲ့ အဆင့်တွေအထိ အခြေအနေတွေ တင်းမာခဲ့တယ်။
ဒါကို ပြီးခဲ့တဲ့ (၆)ကြိမ်မြောက် JICM အစည်းအဝေးမှာ ဖြေရှင်းနိုင်ခဲ့လို့ သျှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပဖို့ လမ်းပွင့်သွားတယ်။ ဒါတောင် တစ်ချို့က ပူညံပူညံ လုပ်ချင်နေတုန်း။
အပစ်ရပ်ခြင်း (၆)နှစ်တာမှာ RCSS ဘာတွေ ဆောင်ရွက်နိုင်ခဲ့သလဲ
မျှော်မှန်းထားတဲ့အတိုင်း အပြည့်အဝ မဆောင်ရွက်နိုင်ပေမယ့် သူ့အုုိးနဲ့သူ့ဆန် တန်အောင်တော့ လုပ်ဆောင် နိုင်ခဲ့တယ်လို့ မြင်ပါတယ်။
နိုင်ငံရေးရည်မှန်းချက်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံနှင့် ၂၁ ရာစုပင်လုံမှာ RCSSရဲ့ နိုင်ငံရေး ရပ်တည်ချက်၊ အမြင်သဘောထားတွေ တင်ပြ ဆွေးနွေးနိုင်ခဲ့တယ်။ အကောင်အထည်ဖော်နိုင် မဖော်နိုင်တာ တစ်ပိုင်းပေါ့လေ။
တပ်ပိုင်းဆိုင်ရာမှာလည်း အပစ်မရပ်ခင် ကာလတွေမှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ရှိရာကနေ NCA လက်မှတ်ရေးထိုးပြီးတဲ့နောက်ပိုင်း နှစ်နှစ်တာ အချိန်မှာ တိုက်ပွဲငယ်ပေါင်း (၃၀)ကြိမ်တောင် မရှိတော့တဲ့ အခြေအနေကို ဖန်တီးနိုင်ခဲ့တယ်။
RCSSအနေနဲ့ ဆက်ဆံရေးရုံး (၇)ရုံးနဲ့ လူထုဆက်ဆံရေးရုံး (၂)ရုံး၊ သတင်းဋ္ဌာန (၁)ခု ကို ပြည်တွင်းမှာ တရား ဝင်ဖွင့်လှစ်နိုင်ခဲ့တော့ အဖွဲ့အစည်းနဲ့လူထုကြား ပေါင်းကူးပေးနိုင်ခဲ့တယ်။ နားလည်မှု၊ ယုံကြည်မှုတွေ ပိုမို တည်ဆောက်နိုင်ခဲ့တယ်။ RCSS ဥက္ကဋ္ဌ ကိုယ်တိုင် လူထုနဲ့တွေ့ဆုံဖို့၊ နိုင်ငံတော်အကြီးအကဲတွေ တွေ့ဆုံ ဆွေးနွေးဖို့နဲ့ အခြားလုပ်ငန်းဆွေ ဆောင်ရွက်ဖို့ ပြည်တွင်းကို (၇)ကြိမ်တိတိ တရားဝင် သွားရောက်ခဲ့တယ်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဟာ အစိုးရနှဲ့ချုပ်ဆိုခဲ့တဲ့ အပစ်ရပ်စာချုပ် (၄)ခုလုံးမှာ အဓိကအချက် အဖြစ် ပါဝင်ခဲ့တော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းနဲ့ စပ်လျဉ်းလို့ RCSS အုပ်ချုပ်ရေးနယ်မြေအတွင်းမှာ မူးယစ်ဆေးဝါးသုံးစွဲ ရောင်းဝယ်သူများကို ဖမ်းဆီးထိန်းသိမ်း အရေးယူခြင်း၊ ပြန်လည်ထူထောင်ရေးစခန်းများ ဖွင့်လှစ်ပြီး မူူးယစ်ဆေးဝါး သုံးစွဲသူများကို ဆေးဖြတ်ပေးခြင်း၊ မူယစ်ဆေးဝါးဘေးအန္တရာယ်ဆိုင်ရာ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို RCSS အနေုုုဖြင့် တတ်နိုင်သလောက် လုပ်ဆောင်ခဲ့သလို ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးခြင်းများကို အုပ်ချုပ်ရေးနယ်မြေအလိုက် ပြည်သူလူထုအတွက် စံပြစိုက် ခင်းအဖြစ် တနိုင်တပိုင် စိုက်းပျိုးခဲ့ပါတယ်။
သျှမ်းအမျိုးသား ညီညွှတ်ရေးအတွက် ရှေးရှုပြီး သျှမ်းပြည်ညီညွတ်ရေးကော်မတီ (Committee for Shan State Unity- CSSU)ကို ၂၀၁၃ခုနှစ်မှာ ပူးတွဲဖွဲ့စည်းနိုင်ခဲ့လို့ သျှမ်းညီညွတ်ရေးပြယုဂ်ကို ကမ္ဗည်းထိုး မော်ကွန်းတင် နိုင်ခဲ့ပါတယ်။
NCA လက်မှတ်ရေးထိုးပြီးသည့်နောက် RCSS ဥက္ကဋ္ဌအပါအဝင် ကိုယ်စားလှယ်များဟာ နိုင်ငံရေး၊ ဖက်ဒရယ်စနစ်၊ ဖွံ့ဖြိုးရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ အပစ်ရပ်ဆိုင်ရာ စောင့်ကြည့်ရေး၊ ညှိနှိုင်းဆွေးနွေး ခြင်းဆိုင်ရာ နည်းနာများ၊ နိုင်ငံပြုပြင်ပြောင်းလဲရေးတို့ကို လေ့လာဆည်းပူး ပညာယူဖို့ နိုင်ငံခြားရပ်ခြား တိုင်းတပါး နိုင်ငံများဖြစ်တဲ့ ကမ်ပူးချားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ နော်ဝေနိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံ၊ ဆွီဒင်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ စပိန်နိုင်ငံ၊ တောင်အာဖရိကနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စု ဆီကို လေ့လာရေးခရီးထွက်ခဲ့နိုင်ခြင်းဟာလည်း တိုးတက်ဖြစ်ထွန်းမှုကို ပြသရာ ရောက်ပါတယ်။
ဒေသခံပြည်သူလူထုအတွက် အပစ်ရပ်စာချုပ်နဲ့ NCA စာချုပ်မှာပါတဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ အတိုင်း ဟုတ်တိပတ်တိ အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့် လက်လှမ်းမီတဲ့ မိမိတတ်နိုင် လုပ်ဆောင်နိုင်တဲ့ ဘောင်အတွင်းကနေ အုပ်ချုပ်ရေးနယ်မြေအလိုက် စွမ်းနိုင်သလောက် ဆောင်ရွက်ပေးခဲ့ ပါတယ်။
ရှေ့ခရီးက အရေးကြီးတယ်
တစ်ချို့ကပြောဆိုသုံးသပ်ကြတယ်၊ NCA ကြောင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ ကြားမှာ သုံးဖွဲ့ ကွဲသွားကြပြီ၊ အလဲလဲ အကွဲကွဲ ဖြစ်ကုန်ကြပြီတဲ့၊ ကျနော်ကတော့ အဲလို မမြင်ပါဘူး သမိုင်းပေးတာဝန် ကိုယ့်အမျိုးသားတွေရဲ့ အရေးတွေကို တာဝန်ခွဲပြီး လုပ်ကြတယ်လို့ပဲမြင်တယ်။
ညှိနှိုင်းဆွေးနွေးခြင်း (Negotiation) မှာ ကိုယ့်မူကို အသေဆုပ်ကိုင်ပြီး ဆွေးနွေးမယ်ဆိုရင်တော့ လိုရင်းရောက် မှာ မဟုတ်ပါဘူး။ သူ့ဖက်ကိုယ့်ဖက် မျှမျှတတ စဉ်းစားပေးတတ်ဖို့လိုပါတယ်။ မလျှော့မတင်း စောင်းကြိုးညှင်း ဆိုသလို ကျနော်တို့ ဆွေးနွေးဖော်ဆွေးနွေးဖက် အချင်းချင်းကြားမှာ သဘောထား ရှိဖို့လိုပါတယ်။ ရရှိလာတဲ့ ရလဒ်ဟာ နှစ်ဦးနှစ်ဖက်အတွက် Win Win Solution ဖြစ်ဖို့လိုပါတယ်။ တင်းမာတာဟာ ခိုင်မာတာ မဟုတ်သလို ပျော့ပျောင်းခြင်းဟာလဲ ပျော့ညံ့တာ မဟုတ်ပါဘူး။
ရှေ့ခရီးမှာ ကျနော်တို့ဟာ လုပ်စရာတွေ တစ်ပုံတစ်ပင်ကြီး ရှိနေပါတယ်။ (၆)နှစ်တာကာလမှာ ကျနော်တို့ အတွေ့အကြုံတွေ ထိုက်သင့်သလောက်ရခဲ့ပါတယ်။ အမှားအမှန်ကို ခွဲခြားနိုင်ခဲ့တယ်။ သင်ခန်းစာတွေလည်း အများကြီး ရခဲ့တယ်။ ဘယ်သူက မိတ်ဆွေစစ်၊ ဘယ်သူက မိတ်ဆွေအတုအယောင် ဆိုတာလည်း သိခဲ့ပါတယ်။ ဘယ်သူက အမျိုးသားရေး၊ တိုင်းပြည်အရေးအတွက် လုပ်တာလဲ၊ ဘယ်သူက ကိုယ်ကျိုး၊ ကိုယ့်အဖွဲ့အစည်းအတွက် လုပ်တာလဲ ဆိုတာ ကျနော်တို့ သိမြင်ခဲ့ပါပြီ။
လာမည့်ရှေ့ခရီးဆီကို အပြန်အလှန် ယုံကြည်မှု၊ အသိအမှတ်ပြုမှု၊ တန်းတူညီမျှမှု၊ လေးစားမှု၊ စိတ်ရှည် သည်းခံမှု၊ နားလည် စာနာမှု၊ ချစ်ခင်ရင်းနှီးမှု တို့နဲ့ လက်တွဲညီညီ ချီတက်ကြပါလို့ တိုက်တွန်းပါတယ်။