ငွေ (ပိုက်ဆံ)ကို “ဒုတိယဘုရားသခင်”လို့ လူအများက သူတို့လက်တွေ့ဘဝအတွေ့အကြုံတွေနဲ့ရင်းပြီး ပြောလေ့ရှိကြပါတယ်။ ငွေဟာ အရေးကြီးဆုံးတော့ မဟုတ်ပေမယ့် လောကမှာ တော်တော်ကိုအရေးပါတယ်ဆိုတာကတော့ သိပ်ကိုသေချာပါတယ်။ နေ့စဉ်နေ့တိုင်း မရပ်မနားဖြစ်ပျက်နေတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေထဲမှာ “ ငွေပေး - ငွေယူမှု” မှုဟာလည်း ထိပ်ဆုံးမှာရှိနေတဲ့ ဖြစ်စဉ်တစ်ခုပဲ မဟုတ်ပါလား။
ယနေ့ခေတ်မှာတော့ ငွေကို လက်ထဲကိုင်ထားစရာမလိုတော့ပဲ ကိန်းဂဏန်းအတွဲတွေ၊ စနစ်တွေကို နှိပ်ပြီး (မိမိအလိုရှိတဲ့) ငွေအရေအတွက်(ကိန်းဂဏန်း) ကို ဟိုမှ သည်ကို၊ သည်မှ ဟိုကို စသဖြင့် နေရာအနှံ့အပြန်အလှန် ပေးနိုင်၊ ပို့နိုင်လက်ခံ နေနိုင်ကြပါပြီ။
ငွေ(ပိုက်ဆံ)ဆိုတာ သမိုင်းမှာ လူနဲ့အတူ၊ ဘာသာစကားနဲ့အတူတပြိုင်ထဲ ယှဉ်တွဲပြီး ပေါ်လာတာတော့မဟုတ်ပါဘူး။ ကုန် ထုတ်လုပ်မှုအဆင့်တစ်ခုကိုရောက်တော့မှသာ လူကတီထွင်လာခဲ့တဲ့ ယုံကြည်မှုအမှတ်အသားတစ်ခုသာဖြစ်ပါတယ်။ ဟိုးရှေးခေတ် အ ခါသမယတွေမှာတုန်းက (ငွေဆိုတဲ့အသပြာ) မိမိစိုက်ပျိုးမွေးမြူထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေချင်းချင်း ( ဆန်နဲ့ဆား၊ အသားနဲ့စပါး စသဖြင့်) မိမိအလိုရှိရာကို အပြန်အလှန်ဖလှယ်ခဲ့ကြရတာပဲ။ အဲဒီကနေမှ တစတစ ငွေတုံးငွေခဲတွေကို ဖြတ်ညှပ်သုံးစွဲရာကနေ ဒင်္ဂါးတွေ၊ ငွေစက္ကူတွေ စသဖြင့် တိုးတက်တီထွင်သုံးစွဲလာကြတာဖြစ်ပါတယ်။
ဒီနေရာပြောချင်တဲ့အချက်တွေက ငွေဆိုတာ အစကတည်းက တည်ရှိနေတာမဟုတ်ဘူးဆိုတဲ့အချက်၊ ကုန်ထုတ်လုပ်မှု တစုံ တရာမြင့်မားကျယ်ပြန့်လာတဲ့အခါကျမှသာ လူတွေက တီထွင်အသုံးပြုလာကြတာဖြစ်တယ်ဆိုတဲ့အချက်။ အဲဒီလို လူတွေတီထွင် အသုံး ပြုလာတဲ့ ငွေ(ပိုက်ဆံ) ကို လူတွေက ဘုရားလို၊ နတ်လိုဖက်တွယ် ကိုးကွယ်နေကြတယ်ဆိုတဲ့ အချက်တွေကို ပြောချင်တာပါ။
ငွေကို ဖက်တွယ်ကိုးကွယ်နေကြတယ်ဆိုတာကလည်း ဘာနဲ့တူသလဲဆိုတော့ ပန်းပုဆရာက ထုလုပ်ထားတဲ့ နတ်ရုပ်၊ ဘီလူး ရုပ်ကို လူတွေက ကြောက်လန့်ပြီး အရိုအသေပေးကြတာမျိုးနဲ့တူနေပါတယ်။ အင်မတန်မှ ခွကျတဲ့ အပြုအမူမျိုးပါ။ အချို့သော နတ်ရုပ် တွေ၊ ဘီလူးရုပ်တွေဟာ သိပ်ကို (ကြောက်ဖို့ကောင်းအောင်) လက်ရာမြောက်ပါတယ်။ တချို့အရုပ်တွေကျတော့လည်း ရယ်စရာပါ။ တကယ့်လက်တွေ့မှာတော့ ထိုသက်မဲ့ရုပ်တုများဟာ သက်ရှိလူသားတွေကို ဘာအန္တရာယ်မှ မပြုနိုင်ရှာပါဘူး။
မပြုနိုင်တဲ့အပြင် ရှေးဟောင်းပစ္စည်း၊ လက်ရာမြောက် အနုပညာ ပစ္စည်းအဖြစ် သယ်ဆောင်ရောင်းဝယ်တာ (တနည်းအားဖြင့် ငွေကြေးနဲ့ ဖလှယ်ခံရတာပါ) ခံရရှာတာပါပဲ။ သတ်မှတ်ထားတဲ့ ငွေ (အရေအတွက်အတိုင်းအတာ တစ်ခုကိုပေးလိုက်တာနဲ့) ပေးချေ လိုက်တာနဲ့ ဒီရုပ်ထု၊ ဒီပစ္စည်းဟာ ပိုင်ဆိုင်သူလက်ပြောင်းလက်လွှဲဖြစ်သွားရတာပါပဲ။ ဟိုဧည့်ခန်းဆောင်ကနေ ဒီဧည့်ခန်းဆောင်၊ ဟိုရှိုး ကေ့စ်ထဲကနေ ဒီရှိုးကေ့စ်ထဲကို ပြောင်းသွားရတာပါပဲ။ “မောင်ဖြူ” ဆိုင်မှာ တင်ပြီးရောင်းနေတဲ့ “ဆင်ရုပ်၊ ကျားရုပ်၊ ယမင်းရုပ်” စတဲ့ အရုပ်တွေ ဟာ တစုံတရာသောငွေပမာဏကို ပေးချေလိုက်တာနဲ့ “ မနီ” ပိုင်ဆိုင်တဲ့အရာဖြစ်သွားသလိုပါပဲ။
ဒီတော့ ငွေဟာ ပေးချေရေးကိရိယာလည်းဖြစ်ပါတယ်။ လက်ပြောင်းလက်လွှဲပြုရေးမှာ အဆုံးအဖြတ်ပေးတဲ့ ကိရိယာ လည်း ဖြစ် ပါတယ်။ ငွေရဲ့တန်ခိုးဟာ သူ့အရေအတွက်ကိန်းဂဏန်းပမာဏ အနဲအများအပေါ် တိုက်ရိုက်မှီတည်နေပါတယ်။ ကိန်းဂဏန်း ပ မာဏအများဆုံးရှိသူဟာ အချမ်းသာဆုံးပါပဲ။ ချမ်းသာကြွယ်ဝမှုကိုကိန်းဂဏန်းအရေအတွက် ပမာဏနဲ့တိုင်းတာဖော်ပြကြရတာပဲမ ဟုတ်ပါလား။ ဥပမာ - မီလျံနာ၊ ဘီလီယံနာ စသဖြင့်။ ခရိုနီတို့၊ တိုင်ကွန်းတို့ဆိုတာ ငွေဘီလီယံနဲ့ချီပြီး ချမ်းသာကြွယ်ဝသူတွေကို ခေါ်တဲ့ (စာလုံးပေါင်းသာကွဲတဲ့) နာမည်တွေပဲ မဟုတ်ပါလား။ ချုပ်လိုက်ရင် ပိုင်ဆိုင်တဲ့ ငွေပမာဏများတဲ့သူဟာ သူဋ္ဌေးဖြစ်ပြီး၊ ပိုင်ဆိုင်တဲ့ ငွေပမာဏ အနည်းငယ်သာရှိတဲ့သူဟာ လူဆင်းရဲဖြစ်ပြီး၊ မရှိတဲ့သူဟာ လူမွဲဖြစ်ပါတယ်။
ဒီကနေ့ ကမ္ဘာမှာ “ ဒေါ်လာ၊ ယွမ်၊ ယန်း၊ ပေါင်၊ ယူရို” စသဖြင့် ငွေကြေးကို သက်ဆိုင်ရာနိုင်ငံတွေက တိုင်းတာသတ်မှတ်တဲ့ စနစ် တွေကိုယ်စီရှိပါတယ်။ ကျနော်တို့ နိုင်ငံကသတ်မှတ်သုံးစွဲတဲ့ စနစ်ကတော့ “ကျပ်” ပေါ့။ “ကျပ်” ဆိုတဲ့စကားဟာအလုပ်လုပ်သော အလုပ်သမားလယ်သမား ပြည်သူလူထုအတွက်တော့ အစဉ်သဖြင့် ဆင်းရဲကြပ်တည်းမှုကိုကိုယ်စားပြုနေသလားလို့ တောင်စဉ်းစားမိ ပါတယ်။
ကုန်းဘောင်ခေတ်မှာ ဒေါင်းတံဆိပ် ဒင်္ဂါးတွေ သွန်းလုပ်သုံးစွဲခဲ့တယ်ဆိုတဲ့ အမှတ်အသားတွေအထင်အရှားရှိပါတယ်။ ငွေစက္ကူ ကိုတော့ ကိုလိုနီခေတ်ရောက်မှ အင်္ဂလိပ်ငွေစက္ကူနဲ့ ဒင်္ဂါးတွေကို စတင်သုံးစွဲကြရဟန်တူပါတယ်။ ဂျပန်ခေတ်မှာတော့ ဂျပန်ငွေစက္ကူတွေ သုံးခဲ့ကြရပါတယ်။ လွတ်လပ်ရေးရတဲ့ခေတ်မှာတော့ ကိုယ်ပိုင်ငွေစက္ကူရိုက်နှိပ်သုံးစွဲလာနိုင်ပါတယ်။ ဒီလိုသုံးစွဲနိုင်မှုကလည်း လွတ်လပ်မှု ကို ဖော်ပြတဲ့ ဂုဏ်အင်္ဂါတစ်ရပ်ဖြစ်ပါတယ်။
ဒီလိုကိုယ်ပိုင်စနစ်၊ ကိုယ်ပိုင်အမှတ်အသားနဲ့ငွေစက္ကူထုတ်လုပ်သုံးစွဲကြတဲ့အခါမှာ သက်ဆိုင်ရာကိုယ့်အမျိုးသားအမှတ်အ သား သရုပ်တွေကို ငွေစက္ကူအပေါ်မှာရိုက်နှိပ်ဖော်ပြကြတာဟာလည်း တိုင်းပြည်တိုင်းရဲ့တူညီတဲ့လက္ခဏာ တစ်ရပ်လို့ထင်ပါတယ်။ ကိုယ့် တိုင်းပြည်ရဲ့လွတ်လပ်ရေးခေါင်းဆောင်၊ နိုင်ငံထူထောင်ခဲ့ကြသူတွေရဲ့ ရုပ်ပုံတွေကို ငွေစက္ကူရဲ့မျက်နှာစာဘက်မှာ ခန့်ခန့်ငြားငြား ဖော်ပြ ရိုက်နှိပ်ကြပါတယ်။ ကျောဘက်မှာလဲ မိမိဖော်ပြလိုတဲ့ အဆောက်အုံ၊ သတ္တဝါ၊ ထင်ရှားတဲ့နေရာဒေသတွေရဲ့အနေအထားတွေကို အနု ပညာ လက်ရာမြောက်စွာ ထည့်သွင်းဖော်ပြတတ်ကြစမြဲလည်းဖြစ်ပါတယ်။
လွတ်လပ်ရေးရတဲ့အခါမှာ စတင်သုံးစွဲခဲ့တဲ့ ငွေစက္ကူတွေမှာဆိုရင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံ၊ ကဒေါင်း၊ လယ်သမား လယ်ထွန်နေပုံ၊ ဆံရစ်ဝိုင်းနဲ့ လုံမပျိုဗိုင်းငင့်နေပုံ၊ အင်းလေးအိုင်မှာ ဆောင်းကိုင်ထားတဲ့ တံငါလုပ်သားပုံ စသဖြင့် ရိုက်နှိပ်ဖော်ပြခဲ့ကြပါ တယ်။ ဒီလိုရိုက်နှိပ်ဖော်ပြတာဟာ တိုင်းပြည်မှာအုပ်စိုးနေတဲ့အစိုးရရဲ့သဘောထား၊ ပေါ်လစီနဲ့တိုက်ရိုက်သက်ဆိုင်ပါတယ်။
တိုင်းရင်းသားလူမျိုးတွေစုပေါင်းနေထိုင်တဲ့ ကျနော်တို့ တိုင်းပြည်မှာ တိုင်းရင်းသားတွေရဲ့ပုံပန်းသွင်ပြင်တွေ၊ ယဉ်ကျေးမှု လ က္ခဏာအမှတ်အသားတွေ၊ နေရာဒေသတွေကိုလည်း ငွေစက္ကူတွေမှာ ရိုက်နှိပ်ဖော်ပြလို့ရနိုင်ပါတယ်။ “ ခြင်္သေ့ရုပ်” ထက်စာရင်တော့ အများကြီးကျက်သရေရှိပါတယ်။ ဂုဏ်ရှိပါတယ်။
၁၉၆၂ ခုနှစ်၊ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကနေ ယနေ့ကာလအထိမှာတော့ ငွေစက္ကူတွေမှာပါရှိတဲ့ (အထူး သ ဖြင့်တန်ဖိုးများတဲ့ ငွေစက္ကူတွေမှာ) ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို ဖယ်ရှားပြီး ဆရာစံ၊ သခင်ဖိုးလှကြီး၊ ခြင်္သေ့ရုပ်စသဖြင့်ပြောင်းလဲ ရိုက်နှိပ်ထုတ်ဝေလာပါတယ်။ ဒါဟာနေ့စဉ်နဲ့အမျှ ထိတွေ့ကိုင်တွယ်သုံးစွဲနေတဲ့ ငွေစက္ကူအပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံကို လက်တွေ့အားဖြင့် ဖယ်ရှားပစ်လိုက်တာပါ။ လူငယ်မျိုးဆက်သစ်တွေရဲ့လက်ထဲမှာ၊ မျက်စိထဲမှာ၊ ဦးနှောက်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းပုံ ကို ဖယ်ရှားပစ်ဖို့လုပ်ခဲ့တာပါ။
ဒီလုပ်ရပ်တွေဟာ ၁၉၆၂ ကနေ အုပ်စိုးလာခဲ့တဲ့ အဆက်ဆက်သော စစ်တပ်အုပ်စိုးသူများရဲ့ ပကတိစိတ်ဓာတ်ကို ဖော်ပြနေ တာဖြစ်ပါတယ်။ သူတို့ ဒီလုပ်ရပ်တွေကို အတိုင်းအတာကာလတစ်ခုအထိ လုပ်ခဲ့နိုင်ပါတယ်။ ယခုအခါမှာတော့ ဒီလို သိမ်ဖျင်းအကျင့် တန်ပြီး ညစ်ပတ် အရုပ်ဆိုးလှတဲ့ စိတ်ဓာတ်နဲ့လုပ်ရပ်ကို ပယ်ဖျက်ပြီး ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံတွေရိုက်နှိပ်ပြီး အသုံးပြုဖို့ လွှတ်တော် ကနေ မဲခွဲဆုံးဖြတ်အတည်ပြုခဲ့ပါပြီ။
ဒီအခါမှာလည်း သူတို့ရဲ့အတွင်းစိတ်ကို နဲနဲမှ ဟန်မဆောင်နိုင်တော့ဘဲ လွှတ်တော်ခန်းမထဲမှာ ပြိုင်တူမတ်တပ်ထရပ်ပြီး မျက် နှာပြောင်တိုက်ခဲ့ကြပြန်ပါတယ်။ “ရှေ့အနာဂတ်ကာလတွင် ရိုက်နှိပ်ထုတ်ဝေရန်ရှိသည့် ငွေစက္ကူများပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံ များဖြင့် ရိုက်နှိပ်ထုတ်ဝေရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို”ကို ယူနီဖောင်းဝတ်ထားတဲ့ စစ်ဗိုလ်အမတ်ဆို သူများက “ ကန့်ကွက်မဲ ၁၀၉ မဲ” ပေးခြင်းဖြင့် သူတို့ရဲ့ ဆိုးသွမ်းသိမ်ဖျင်းသော အတွင်းစိတ်ကို ထပ်မံဖော်ပြခဲ့ကြပါတယ်။
လွှတ်တော်ထဲမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက “ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ” ကို ကိုးကားပြီး တင်ပြရှင်းလင်းသွားတာဟာ (ဗိုလ်ချုပ်အောင်ဆန်းအပေါ်ထားရှိတဲ့သဘောထားအရ၊ ဥပဒေကြောင်းအရ ) အင်မတန်မှ ကျိုးကြောင်း ဆီ လျော်လှပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒီမိုကရေစီအရေးအပေါ် အငြိုးအာဃာတကြီးမားနေပြီး မလွှတ်မကျွတ်နိုင်သော အစွဲတိမ်မှောင်ဖုံးနေတဲ့ ကြံ့ဖွ့ံပါတီကိုယ်စားလှယ်အပါအဝင် စစ်ဗိုလ်တစ်စုဟာ ဘာကိုမှ ပိုင်းခြားဆင်ခြင်နိုင်စွမ်း မရှိတော့ဘဲ “ကန့်ကွက် မဲ ၁၀၉ မဲ ” ကို စက်ခလုပ်နှိပ်ပြီး မိုက်မိုက်ကန်းကန်းပေးခဲ့ကြပါတော့တယ်။
ဒီလို ကန့်ကွက်မဲပေးမှုကနေ ဘာကို ဆက်စပ်စဉ်းစားနိုင်သလဲဆိုတော့ သမိုင်းကြောင်းအရ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တိုင်းကျိုး ပြည်ပြုဆောင်ရွက်မှုအရ၊ “ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ” အရ၊ ပြည်သူအများစုက လိုလားနေတဲ့ဆန္ဒအရ မငြင်းပယ်နိုင် အောင် ကျိုးကြောင်းဆီလျော်နေတဲ့ “ငွေစက္ကူများပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံများဖြင့် ရိုက်နှိပ်ထုတ်ဝေရန် အဆို” ကိုတောင် လျစ်လျူရှု ကျောခိုင်းပြီး စစ်အုပ်စုအကျိုးသာ တည့်တည့်ရှေ့ရှုခဲ့ကြသူတွေဟာ “၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး” မှာ သူတို့ ဘယ်လိုပြုမူကြလိမ့် မယ်ဆိုတာ ပြေးကြည့်နေဖို့ မလိုအပ်တော့ပါဘူး။
စစ်တပ်ဟာ စစ်အုပ်စုအကျိုးကွက်ကွက်ကိုသာ ရပ်တည်ကာကွယ်ရှေ့ရှုနေသမျှကာလပတ်လုံး ပြည်သူ့အကျိုးစီးပွားနဲ့ပြည်သူ့ ဆန္ဒ မှန်သမျှကို လျစ်လျူရှုကျောခိုင်းပြီး ထင်ရာစိုင်းနေမှာပဲဖြစ်ပါတယ်။ ဒါကို နဲနဲမှ သံသယမရှိကြပါနဲ့။
ညွှန်း - မြန်မာ့အလင်းသတင်းစာ (၁၈-၁၁- ၂၀၁၇)