ပဒိုစောကွယ်ထူးဝင်းနှင့်ကေအိုင်စီသတင်းထောက် တွေ့ဆုံမေးမြန်းခြင်း

ပဒိုစောကွယ်ထူးဝင်းနှင့်ကေအိုင်စီသတင်းထောက် တွေ့ဆုံမေးမြန်းခြင်း
by -
ကေအိုင်စီ
ဒေါ်အောင်ဆန်းစုကြည်အစိုးရ ဦးဆောင်ပြီးနေပြည်တော်၊ (MICC 2)ခန်းမတွင် သြဂုတ်လ၃၁ရက်နေ့မှ စက်တင်ဘာလ၃ ရက်နေ့အထိလေးရက်တိုင်တိုင် ပြည်ထောင်စုုငြိမ်းချမ်းရေးညီလာခံ၂၁ရာစု ပင်လုုံပထမအကြိမ် အစည်းအဝေးကျင်းပခဲ့သည်။ ယင်းညီလာခံမှ ရရှိလိုက်သည့်ရလဒ်များနှင့် ပတ်သက်၍ကရင်အမျိုးသားအစည်းအရုံး(KNU) အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းကို  တွေ့ဆုံမေးမြန်းထားသည်များကို စုစည်းဖော်ပြလိုက်ပါသည်။

ကေအိုင်စီ။။အခုကျင်းပပြီးစီးသွားတဲ့ ဒီညီလာခံကနေဘယ်လိုမျိုးသဘောတူညီချက်၊ရလဒ်တွေရလိုက်လဲ။

စောကွယ်ထူးဝင်း။။ဒီညီလာခံကနေ ကျနော်တို့တောင်းဆိုနေတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲစတင်နိုင်ဖို့အတွက် ကျင်းပတဲ့ညီလာခံ လို့ပြောလို့ရတာပေါ့။ ကျနော်တို့ ဒီအပစ်အခတ်ရပ်စဲရေးလုပ်ပြီးတဲ့နောက်ပိုင်းမှာ ကရင့်အမျိုးသားတွေရဲ့ လိုလားချက်ဆန္ဒတွေကို တင်ပြပေးဖို့ နိုင်ငံရေးဆွေးနွေးပွဲကိုစတင်ဖို့အတွက် အစပဲဖြစ်တယ်။ သို့သော်လည်းပဲ ကျနော်တို့၂၀၁၅ခုနှစ် အောက်တိုဘာလမှ လက်မှတ်ရေးထိုးပြီး ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပခဲ့ပေမဲ့ ကျနော်တို့နို်င်ငံရေးဆွေးနွေးပွဲကို မစတင်နိုင်ခဲ့ဘူး။

ဒီတစ်ကြိမ်မှာတော့ ဒီပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီရဲ့ နောက်ဆုံးအစည်းအဝေးမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲစတင်မယ်ဆိုတာကို ကျနော်တို့ဆုံးဖြတ်ထားတယ်။ ဆိုလိုတာက နိုင်ငံရေးဆွေးနွေးပွဲကို ကျနော်တို့ဆောင် ရွက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် မို့ဒီညီလာခံမှာ ကျနော်တို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူး တွဲကော်မတီမှာလည်းပဲ ဆုံးဖြတ်ထားတာက အားလုံးပိုင်ဆိုင်ပြီးတော့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခုကို စတင်နိုင်ဖို့အတွက်ဖြစ်ပါတယ်။ ဒီညီလာခံမှာက ပထမဦးဆုံးကျနော် တို့တောင်းဆိုနေတဲ့ နို်င်ငံရေးဆွေးနွေးပွဲစတင်နိုင်ဖို့အတွက်ကို ဒါကလည်းအောင်မြင်မှုတစ်ခုဖြစ်ပါတယ်။

နောက်တစ်ခုက ဒီညီလာခံမှာတက်ရောက်တဲ့ အဖွဲ့အစည်းအသီးသီးတွေက သူတို့ရဲ့အနာဂတ်မြန်မာနို်င်ငံကို ဘယ်လိုပုံဖော်မလဲ၊ ဆုံးရှုံးသွားတဲ့အခွင့်အရေးတွေက ဘာတွေဖြစ်သလဲ၊ ငြိမ်းချမ်းမှုကိုတည်ဆောက်တဲ့အခါ ဘယ်အချိန်မှာတည်ဆောက်မလဲဆိုတဲ့ အဖွဲ့အစည်းတွေရဲ့သဘောထားအမြင်တွေကို ပွင့်ပွင့်လင်းလင်းတင်ပြနိုင်တဲ့အပေါ်မှာလည်းပဲ ဒါဟာကောင်းမွန်တဲ့လက္ခဏာ တစ်ရပ်ဖြစ်ပါတယ်။ ဘယ်လိုမှလည်း တားဆီးပိတ်ပင်မှုမရှိဘူး။ ပွင်းပွင်းလင်းလင်းတင်ပြခွင့်ရှိတဲ့အတွက်လည်း ဒါက ကောင်းမွန်တဲ့အလားအလာ တစ်ခုဖြစ်ပါတယ်။ နောက်ပြီးလို့ရှိရင် နို်င်ငံရေးဆွေးနွေးပွဲကို စတင်ရမှာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ အမျိုးသားအဆင့်နို်င်ငံရေးဆွေးနွေးပွဲမှာ အကြောင်းအရာလိုက်၊ လူမျိုးအလိုက်၊ ဒေသလိုက်ဆွေးနွေးမှာဆိုတော့ အခုက ကျနော်တို့တစ်မျိုးသားလုံး ပူးပေါင်းနိုင်တဲ့အနေအထားတစ်ခု လမ်းပွင့်သွားတဲ့ သဘောတစ်ခုဖြစ်ပါတယ်။

ကေအိုင်စီ။။ဒီညီလာခံမှာ အားရကျေနပ်မှုအဖြစ် ဘယ်လောက်ထိအားရ ကျေနပ်မှုရရှိသလဲ။

ပဒိုစောကွယ်ထူးဝင်း။။ဒါက ဒီဆွေးနွေးပွဲမှာ အဖွဲ့အစည်းအသီးသီးရဲ့ သဘောထားတွေကို တင်ပြကြတယ်။ တူညီတဲ့အချက်တွေရှိသလို မတူညီတဲ့အချက်တွေလည်းရှိပါတယ်။ ညီလာခံဆိုတာ မတူညီတဲ့သဘောထားတွေကို ညှိနှိုင်းဖို့ဖြစ်တဲ့အတွက်ကြောင့် ဒီမတူညီမှုအပေါ်ကိုအခြေခံပြီး ကျနော်တို့နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးညှိနှိုင်းရမှာဖြစ်တယ်။ သဘောတူညီမှုရှိတဲ့ အပိုင်းတွေကျညှိ စရာမလိုတော့ဘူး။ မတူတဲ့အပိုင်းတွေကိုညှိဖို့အတွက် နို်င်ငံရေးဆွေးနွေးပွဲလုပ်တာဖြစ်တယ်။ မတူညီတဲ့သဘောထားတွေရှိလို့လည်း ညီလာခံတွေကျင်းပရခြင်းဖြစ်တယ်။ ညီလာခံကျင်းပတဲ့ရည်ရွယ်ချက်ကလည်း မတူညီတဲ့သဘောထားတွေကို ညှိနှိုင်းအဖြေရှာဖို့ဖြစ်တဲ့ အတွက်ကြောင့် ဒါကဓမ္မတာပဲဖြစ်တယ်။ ဒီညီလာခံကျင်းပတာက ဒီရည်ရွယ်ချက်အပေါ်မှာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့အောင်မြင်မှု ရှိတယ်လို့ ပြောလို့ရမှာပါ။ တူညီတဲ့အပိုင်းတွေရှာလို့ရတယ်။ မတူညီတဲ့အပိုင်းတွေ သိရတဲ့အတွက်ကြောင့်မို့ ဘယ်လိုဆက်ပြီးညှိနှိုင်းသွား မယ်ဆိုတာက ကျနော်တို့ ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါကကောင်းမွန်တဲ့ ညီလာခံတစ်ခုပဲဖြစ်တယ်လို့ ကျနော်တို့ပြောလို့ရတာပေါ့။

နောက်ပြီးလွှတ်တော်ရဲ့သဘော၊တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့သဘော၊တပ်မတော်ရဲ့သဘောထားတွေကို သိရတော့ ငြိမ်းချမ်းရေးကိုသွားနိုင်ဖို့က အဖြေရှာရတာပိုမိုပြီးတော့ ကြိုတင်ပြင်ဆင်နို်င်တဲ့ အနေအထားဖြစ်တယ်။ ဆိုလိုတာက အကုန်လုံးသိရတော့ အကုန်လုံးသွားရမယ်ဆိုတာက သွားကြမယ်။ ငြိမ်းချမ်းရေးကို ဘယ်လိုတည်ဆောက်မလဲဆိုတာတော့ ကွာတယ်။ အကုန်လုံးတော့မတူဘူး။ တူတဲ့အပိုင်းတွေရှိသလို မတူတဲ့အပိုင်းတွေရှိတယ်။ ဒါကတော့ ကောင်းမွန်တဲ့ရလဒ်တစ်ခုပဲလို့ ပြောလို့ရပါတယ်။

ကေအိုင်စီ။။ကေအဲန်ယူအပါအဝင် ကရင်လက်နက်ကိုင်သုံးဖွဲ့ကနေပြီးတော့ ဒီညီလာခံမှာသဘောထားစာတမ်းတင်ခဲ့တယ်လို့သိရတယ်။ စာတမ်းထဲမှာ ဘာတွေအဓိကပါဝင်ပြီးတော့ ဘယ်လောက်အထိမျှော်လင့်ထားသလဲ။

ပဒိုစောကွယ်ထူးဝင်း။။ကျနော်တို့ ဒီကရင်လက်နက်ကိုင်သုံးဖွဲ့ဆိုတာက အရင်းခံအားဖြင့်တစ်ဖွဲ့တည်းပါ။ ကျနော်တို့ ကရင်အမျိုးသားလက်နက်ကိုင်သုံးဖွဲ့ရဲ့အမြင်တွေ သဘောထားတွေကိုတင်ပြခဲ့တယ်။ တင်ပြတဲ့အချက်က အဓိကအချက်ငါးချက်ပဲ။ အခုနို်င်ငံရေးဆွေးနွေးပွဲမှာ တင်ပြမဲ့အချက်ငါးချက်ကိုပဲ ကျနော်တို့တင်ပြတယ်။ နိုင်ငံရေးဆိုင်ရာကိစ္စမှာ ဖက်ဒရယ်စနစ်ကိုတည်ဆောက်တဲ့နေရာမှာ ဘယ်လိုအခြေခံမူတွေနဲ့ တည်ဆောက်ကြမလဲ။ အာဏာခွဲဝေမှုကိစ္စတွေ၊အရင်းအမြစ်ခွဲဝေရေးကိစ္စတွေပါတယ်။လုံခြုံရေးဆိုင်ရာကိစ္စတွေ အထူးသဖြင့်လုံခြံုရေးနဲ့ ကာကွယ်ရေးကိစ္စတွေပေါ့။ အနာဂတ်နိုင်ငံတော်လုံခြံုရေးအတွက် လုံခြံုရေးကိစ္စကိုတင်ပြတယ်။ နောက်ပြီးတော့ စီးပွားရေးဆိုင်ရာကိစ္စ၊ လူမှုရေးဆိုင်ရာ ကိစ္စသဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စ အခုလာမဲ့နို်င်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးမဲ့အကြောင်းအရာ ငါးခုအပြင်အကြောင်းအရာအငယ်လေးတွေကိုလည်း ထည့်သွင်းတင်ပြခဲ့တယ်။ တခြားအပြင်သဘောထားတင်ပြချက်တွေတော့ မပါပါဘူး။

ကေအိုင်စီ။။ဒီညီလာခံကနေ တိုင်းရင်းသားအားလုံးရဲ့ တင်ပြချက်တွေကိုလာမယ့် နို်င်ငံရေးဆွေးနွေးပွဲတွေမှာ ထည့်သွင်းမစဉ်းစား၊ မကျင့်သုံးဘူးဆိုရင် စိန်ခေါ်မှု တစ်စုံတစ်ရာဖြစ်လာနို်င်စရာရှိမလား။

ပဒိုစောကွယ်ထူးဝင်း။ ။မကျင့်သုံးဘူးဆိုတာကတော့ ကျနော် အဲ့လိုသဘောမပေါက်ဘူး။ အခုနိုင်ငံရေးဆွေးနွေးပွဲမှာက ဒီအဖွဲ့အစည်းတွေရဲ့ ဒီသဘောထားချက်တွေကိုပဲ ဆွေးနွေးမှာပဲ။ ဒါပေမယ့်ဆွေးနွေးမဲ့ ခေါင်းစဉ်တော့ရှိမှာပေါ့။ ဒီခေါင်းစဉ်အောက်မှာ ဘယ်လိုဆွေးနွေးမလဲဆိုတဲ့သူ့ရဲ့ ဆွေးနွေးမှုနည်းနာတွေကျတော့ ရေးအုံးမှာပေါ့ ဘာဖြစ်လဲဆိုတော့ ဆွေးနွေးဖို့ကိုယ့်သဘောထားအမြင်တွေကို တင်ပြရတာဆိုတော့ ဒါတွေကိုပဲဆွေးနွေးဖို့ပဲရှိတာပေါ့။ မဆွေးနွေးဖူးဆိုတာကတော့ ဒါကိုတော့ ကျနော်လည်းသဘောမပေါက်ဘူး။ ဒါကအခုကဆွေးနွေးပွဲမဟုတ်ဘူး။ သဘောထားတင်ပြချက်ဖြစ်တယ်။ တကယ့်ဆွေးနွေးပွဲက အောက်ခြေကစမယ်။ လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကစမယ်။ အခုက သဘောထားတွေတင်ပြကြတယ်။ ဒီ သဘောထားမှာပဲ ဆက်ပြီးတော့ဆွေးနွေးကြမှာပဲ။

ကေအိုင်စီ။။ဒီညီလာခံကို အပစ်ရပ်လက်မှတ်ထိုးတဲ့အဖွဲ့နဲ့ မထိုးတဲ့အဖွဲ့တွေလည်း တက်ရောက်တဲ့အတွက်ကြောင့် ဒီညီလာခံကနေ ဘုံသဘောတူညီချက် အဖြေတစ်ခုခုကိုထုတ်နို်င်မယ်လို့ မျှော်လင့်ထားသလား။

ပဒိုစောကွယ်ထူးဝင်း။။ကျနော်တို့ အခုပွဲက ညီလာခံဆိုပေမဲ့လည်း တကယ့်ဆုံးဖြတ်ပေးမဲ့ ညီလာခံမဟုတ်ဘူး။ ကျနော်တင်ပြခဲ့သလိုပဲ ဒီညီလာခံကြီးက အားလုံးပိုင်ဆိုင်ပြီးတော့ အားလုံးပါဝင်နို်င်မယ့် ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုကို စတင်နိုင်ဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲကိုဆက်သွားမယ်။ အားလုံးပါဝင်နိုင်ဖို့အတွက် ကျနော်တို့ ပုံမှန်ဆွေးနွေးတင်ပြ လုပ်နေကြညီလာခံလို စာတမ်းတွေတင်ပြ၊ အဲ့ဒီစာတမ်းအပေါ်မှာ ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ချက်ချရတဲ့ ညီလာခံမဟုတ်ဘူး။ အခုက သဘောထားတွေတင်တဲ့ အပေါ်မှာ အကုန်လုံးပါလာနိုင်ဖို့အတွက် စတင်ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကနေ ၂၁ရာစုပင်လုံမှာ မူလပထမဆွေးနွေးတုန်းက လက်မှတ်ရေးထိုးတဲ့ ၈ဖွဲ့ပဲတက်တယ်။ အဲ့အချိန်တုန်းကလည်း လက်မှတ်မရေးထိုးတဲ့ အဖွဲ့တွေကိုလည်းဖိတ်တယ်။ သူတို့မတက်ဘူး။ ဒီတစ်ခေါက်မှာကျတော့ သူတို့ပူးပေါင်းပါဝင်မှုက ပိုပြီးတော့အဆင့်မြင့်လာတယ်လို့တော့ ပြောလို့ရပါတယ်။ (၁)တစ်ချက်က သူတို့လက်မှတ်မရေးထိုးသေးတဲ့အဖွဲ့က ဒီမှာပါဝင်တယ်။ ပါဝင်တာမကဘူး။ ကျင်းပရေးပူးတွဲကော်မတီထဲမှာတောင် လက်မှတ်မရေးထိုးတဲ့အဖွဲ့တွေ UNFC အဖွဲ့တွေ၊ DPNတွေပါတယ်။ မိုင်းလားအဖွဲ့တွေပါတယ်။ ဒါကတိုးတက်မှုတစ်ခု အားလုံးပါလာနိုင်ဖို့အတွက် လမ်းစတစ်ခုဖွင့်ထားတာဖြစ်ပါတယ်။ ဘာမှစည်းနှောင်မှုမှ မရှိဘူး။ ပြီးလို့ရှိရင် ညီလာခံတက်ပြီးတဲ့နောက်မှာ သူတို့အဖွဲ့လက်မှတ်မရေးထိုးဖူးလား၊ ထိုးမလားဆိုတာက သူတို့ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်တယ်။ လက်မှတ်မရေးထိုးဘူး ဆိုရင် ပြည်ထောင်စုငြိမ်းချမ်းရေး ကျင်းပရေးပူးတွဲကော်မတီမှာ ပါလာမယ့် အနေအထားမရှိဘူး။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာလည်း ပါလာနို်င်တဲ့အနေအထားမရှိဘူး။ နောက်လာမယ့်ညီလာခံအတွင်းမှာ ဆုံးဖြတ်နိုင်တဲ့အနေအထားမရှိဘူး။ ကွာဟမှုတွေ၊ကွာခြားမှုတွေတော့ရှိတာပေါ့နော်။

ကေအိုင်စီ။။ဒီညီလာခံမှာအခြေခံပြီး လက်မှတ်မရေးထိုးသေးတဲ့အဖွဲ့တွေ လာမယ့်ဆွေးနွေးပွဲတွေမှာ လက်မှတ်ရေးထိုးဖို့အလားအလာ တွေ့မြင်ရသလား။

ပဒိုစောကွယ်ထူးဝင်း။။ဒါကတော့ ဒီညီလာခံမှာတက်လာပြီးတော့ သူတို့လေ့လာမှာပေါ့နော်။ သူတို့သိနေတာပဲ။ ဘယ်လိုဆောင်ရွက်သလဲ။ ဘယ်လိုပွင့်ပွင့်လင်းလင်း ဆွေးနွေးရသလဲဆိုတာကို သူတို့သိလို့ရှိရင်လည်း များသောအားဖြင့်ဖြစ်တာက လက်နက်ကိုင်ပဋိပက္ခကြာရှည်တဲ့အပေါ်မှာ သူတို့ကယုံကြည်မှုမရှိဘူး။ ဒါကတော့ ဒီလိုတက်ရောက်ခြင်းဖြင့် သူတို့ပိုမိုသိရှိလေ့လာပြီး ဆိုလို့ရှိရင် သူတို့ကဆုံးဖြတ်နို်င်ဖို့က ပိုမိုပြီးတော့မှခိုင်မာလာမယ်လို့တော့ ကျနော်ကတော့ယုံကြည်တယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ စုစည်းရမှာတို့ပေါ့နော်။

ကေအိုင်စီ။။လာမယ့် ဒုတိယအကြိမ်ပင်လုံညီလာခံကို ဘယ်တော့ ကျင်းပသွားဖို့ဆုံးဖြတ်ထားသလဲ။

ပဒိုစောကွယ်ထူးဝင်း။။ညီလာခံက ဆုံးဖြတ်ချက်မှတ်တမ်းထဲကလိုပဲ ၆လတစ်ကြိမ် သတ်မှတ်တာတော့ရှိတယ်။ ဒါပေမဲ့ကြားကာလမှာ အပြောင်းအလဲရှိရင်လည်း ရှိနိုင်တယ်။ မရှိရင်လည်း သတ်မှတ်ကာလမှာ ဆက်လက်ပြီးတော့ဆောင်ရွက်သွားမှာ လည်းဖြစ်တယ်။ သို့သော်လည်း ဒီကြားကာလအတောအတွင်း ၆လတာကာလမှာတော့ လုပ်စရာတွေအများကြီးတော့ရှိတာပေါ့နော်။

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...