“လက်ရှိမြန်မာပြည်အနေအထားအရ တစ်နိုင်ငံလုံးမီးမှန်ဖို့အတွက် ကျောက်မီးသွေးပေးသုံးရင်တော့မြန်တယ် ”

“လက်ရှိမြန်မာပြည်အနေအထားအရ တစ်နိုင်ငံလုံးမီးမှန်ဖို့အတွက် ကျောက်မီးသွေးပေးသုံးရင်တော့မြန်တယ် ”
by -
ဖိုးဝ၊ ထူးဝေ / ဟင်္သာမီဒီယာ
မွန်ပြည်နယ် လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီးဦးမင်းထင်အောင်ဟန်သည် အစိုးရသစ်ရက် ၁၀၀အတွင်း မွန်ပြည်နယ် တွင် လျှပ်စစ်မီးရရှိအောင်ဆောင်ရွက်မည်ဟုပြောကြားထားသော်လည်း ရက်၁၀၀ကျော်သည် အထိ လျှပ်စစ်မီးများပြတ်တောက်နေခြင်းကြောင့်  ဝေဖန်ခံနေရသည်။

ထို့ကြောင့် မွန်ပြည်နယ် အတွင်း လျှပ်စစ်မီးအပြည့်အဝရရှိရန် မွန်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့်
လျှပ်စစ်မီးအပြည့် အဝပေးရန်အစိုးရ၏ အခက်အခဲများအကြောင်းကိုမွန်ပြည်နယ် လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီးဦးမင်းထင် အောင်ဟန်နှင့်တွေ့ဆုံမေးမြန်း၍ ဖော်ပြအပ်ပါသည်။

ဟင်္သာမီဒီယာ။ ။ မွန်ပြည်နယ်ကို လျှပ်စစ်ဓါတ်အားဘယ်လိုပုံစံနဲ့ ဖြန့်ဖြူးပေးတာလဲ။ဘယ်လိုနှုန်းထားတွေ နဲ့ကောက်ခံနေလဲ။

မင်းထင်အောင်ဟန်။ ။လျှပ်စစ်ကိုငန်းတေးကဂက်စ် တာဘိုင်နဲ့ သထုံကဂတ်စ်တာဘိုင်နှစ်ခုကနေပြီးတော့ လျှပ်စစ်မီးတွေဖြန့်ဖြူးပေးနေ တာဖြစ်ပါတယ်၊ သထုံက ၅ဝ မဂ္ဂဝါပ်ထွက်တယ်၊ ငန်းတေးစက်ရုံကတော့ ၁၇၅မဂ္ဂါဝပ်ထွက်တယ်၊ မွန်ပြည်နယ်ရဲ့ အဓိက လျှပ်စစ်မီးကိုအဲ့ဒီစက်ရုံနှစ်ခုကနေရတာဖြစ်ပါတယ်၊ ကျွန်တော်တို့မှာရေအားလျှပ်စစ်မရှိဘူး၊ ဂက်စ်ကိုလည်းကံပေါက်ပိုက်လိုင်း ကနေသွယ်တန်းပြီးတော့ စက်ရုံတွေကနေတစ်ဆင့် ဖြန့်ဖြူးပေးတာဖြစ်ပါတယ်၊၂၃ဝ ခွဲရုံကတော့ မော်လမြိုင်မှာရှိတယ်၊ သထုံမှာလည်းရှိတယ်၊ ကျန်တဲ့ဟာတွေကတော့ အများကြီးပဲ၊ မော်လမြိုင်တစ်မြို့တည်းမှာပဲခွဲရုံသုံးရုံပဲရှိတယ်၊ စက်ရုံကနေလည်း တိုက်ရိုက်သွယ်တန်းတာလည်းရှိတယ်၊ ကျွန်တော်တို့က ပြည်သူကိုတစ်ယူနစ်ကနေတစ်ရာယူနစ်ထိကို ၃၅ကျပ်၊ တစ်ရာကနေ နှစ်ရာယူနစ်ထိကိုကျပ် ၄ဝ၊ နှစ်ရာနဲ့ အထက်ဆိုရင် ၅ဝနဲ့ ကောက်ခံပါတယ်၊အရင်က ၁ယူနစ်ကနေ ၂ဝဝထိကို တစ်စျေး၊ ၂ဝဝကနေ အထက်ကိုတစ်စျေးနဲ့ ကောက်တယ်၊အခုတော့ ပုံစံသုံးမျိုးနဲ့ ကောက်တယ်၊ စီးပွားရေးနှုန်းကလည်း အရင်တုန်းကဆို ရ၅ကျပ်ယူတယ်၊ ငါတို့ဝယ်ရင် ၁၄ဝလောက်နဲ့ပေးဝယ်ရပြီးတော့ သုံးဆင့်နဲ့ ပြန်ကောက်တယ်၊ ဒါကိုလည်းနေပြည်တော်မှာတင်ဒါခေါ်နေပြီ၊ အစိုးရကဓါတ်အားဝယ်မလို့၊ အခုကဓါတ်အားခကိုအစိုးရက ၁၄ဝလောက်နဲ့ဝယ်ပြီးတော့ ပြည်သူကို ၃၅ကျပ်နဲ့ရောင်းရတော့ အရှူံးများနေတယ်၊ဒါကြောင့် အစိုးရကတွေ့ဆုံပွဲတွေမှာ မီတာခတိုးကောက်ဖို့ကိုသူတို့နားလည်အောင်ပြောနေတာ၊ တကယ်လို့တိုးမယ်ဆိုရင်တောင် လူကြီးတွေကဘယ်လောက်တိုးမယ်ဆိုပြီးတော့ ပြည်သူတွေကိုရေအားလျှပ်စစ်ကနေရတဲ့နှုန်းကနေ ပြည်သူတွေကို ၁ယူနစ်ကို ရဝနဲ့ကောက်ပြီးစီးပွားရေးလုပ်ငန်းတွေကိုကျတော့ အစိုးရက ၀ယ်ရတဲ့နှုန်းနဲ့ကာမိအောင်သတ်မှတ် ပြီးကောက်ခံမယ်လို့ထင်တယ်၊ နိုင်ငံတော်က ၁ယူနစ်ကို တစ်ရာရှူံးနေတယ်၊ အစိုးရကဒီလိုစိုက်ထုတ်ပေးနေရတော့ လျှပ်စစ်ကဏ္ဍကိုတိုးတက်အောင်မလုပ်နိုင်တော့ဘူး။အရင်းလောက်ပြန်ရရင်တော့ တစ်နိုင်ငံလုံးကိုမီးလင်းအောင်လုပ်ပေးဖို့ လွယ်တာပေါ့၊ တောက်လျှှောက်အရှုံးခံနေတော့ ဘယ်လိုတိုးတက်မလဲ။

ဟင်္သာမီဒီယာ။ ။ မွန်ပြည်နယ်မှာအစိုးရသစ်တက်လာပြီးနောက်ပိုင်း လျှပ်စစ်ဌာနကဘာတွေလုပ်ပေးနိုင်ခဲ့လဲ။

မင်းထင်အောင်ဟန်။ ။ လျှပ်စစ်ဌာနက ရက်တစ်ရာစီမံချက်နဲ့ လုပ်ခဲ့တာတွေရှိတယ်၊ အဲ့တာကတော့ စစချင်းမှာပဲလုပ်တာ ၊ နောက်ပိုင်းတင်ဒါခေါ်ဖို့လုပ်ငန်းတွေမှာပိုတဲ့ပိုက်ဆံသိန်း ၁၃ဝဝကျော်ကို လည်းမြို့နယ်တွေမှာ လျှပ်စစ်မီးလိုင်းပြင်တာတွေရှိတယ်၊ လောလောဆယ်မှာလည်း လျှပ်စစ်မီးလိုင်းတွေကိုအဆင့်မြှုင့်ဖို့ တင်ဒါခေါ်ထားတယ်၊ တင်ဒါပြီးရင်တော့ ထရန်စဖော်မာအသစ်တွေလည်းတပ်ပေးမယ်၊

ဟင်္သာမီဒီယာ။ ။ လျှပ်စစ်နဲ့ပတ်သက်ပြီးတော့ နိုင်ငံခြားကုမ္ပဏီတွေဘက်က ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ ကမ်းလှမ်းတာတွေကော ရှိလား။

မင်းထင်အောင်ဟန်။ ။ နိုင်ငံခြားကုမ္ပဏီတွေကတော့ အများကြီးလာကြပါတယ်၊ ဆိုလာနဲ့ လုပ်မယ့်လူတွေရောFOနဲ့လုပ်မယ့် လူတွေရောအမျိုးမျိုးလာကြပါတယ်၊ သူတို့က လျှပ်စစ်ထုတ်ပြီးအစိုးရကိုရောင်းမယ်ပေါ့၊ ဒါတွေကျတော့ ပြည်ထောင်စုအစိုးရနဲ့ပဲဆိုင် တယ်၊ ပြည်ထောင်စုအစိုးရကပဲ ဒီကုမ္ပဏီတွေဆီကပဲဝယ်ရမှာလေ။ ပြည်နယ်အစိုးရကဒါတွေလုပ်ဖို့ ပါဝါမရှိဘူး၊ အဲဒီတော့ ပြည်ထောင်စုကိုပဲ ပြန်ပြီးလွှတ်ပေးနေတယ်၊ တို့အစိုးရစတက်ကတည်းကလာနေတာကုမ္ပဏီ ရခုလောက်ရှိပြီ။

ဟင်္သာမီဒီယာ။ ။ မွန်ပြည်နယ်မှာ လျှပ်စစ်မီးမရသေးတာဘယ်နေရာတွေကျန်သေးလဲ။

မင်းထင်အောင်ဟန်။ ။မွန်ပြည်နယ်မှာဆိုရင် လျှပ်စစ်မီးလုံးဝမရသေးတာရေးမြို့နယ်တစ်မြို့နယ်ပဲကျန်တော့ တယ်၊ ကျန်တဲ့မြို့နယ်တွေကတော့ အားလုံးရသွားပြီးတော့ အဆင်ပြေသွားပြီ၊ အဲ့တော့ ကျန်နေတဲ့ရေးမြို့ကိုပဲမီးရအောင်ကြိုးစားနေတယ်၊ပြည်ထောင်စုဝန်ကြီးပြောတာလည်း သတင်းထဲမှာပါတယ်၊ ပြည်ထောင်စုဝန်ကြီးပြောတာက Asia Development Bank အာရှဖွံ့ဖြိုးရေးဘဏ်ကနေပြီးတော့ ငွေချေးပြီးတော့လုပ်မယ်လို့ပြောထားတယ်၊ ဘဏ်က အတိုးသက်သာတယ်လေ၊ ဒီတော့ ၂ဝ၁၈လောက်မှပဲ လျှပ်စစ်မီးရမှာပေါ့၊ ချေးငွေရမှ လုပ်လို့ရမယ့်အနေအထားဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ ခက်ခဲနေတာပါ။ မွန်ပြည်နယ်မှာ လျှပ်စစ်နဲ့ပတ်သက် ပြီးလိုတဲ့ဟာတွေဖြည့်ဆည်းနို်င်အောင်ပဲ ပြည်နယ်အစိုးရကလုပ်ရတာလေ၊

ဟင်္သာမီဒီယာ။ ။ အစိုးရသစ်တက်လာပြီးနောက် ပြည်နယ်အစိုးရအနေနဲ့ မွန်ပြည်နယ်မှာမီးမပြတ် အောင်လုပ်ပေးမယ်လို့ပြောခဲ့တာကို အကောင်အထည်မဖော်နိုင်တာဘာကြောင့်လဲ။

မင်းထင်အောင်ဟန်။ ။မီးမှန်အောင်လုပ်ပေးမယ်ဆိုတာက အခုတွေ့တဲ့အတိုင်းပဲ။ ရာသီဥတုကလည်းဆိုးရွားနေတော့ အခက်အခဲတွေရှိတယ်၊ အခုလက်ရှိလည်းမီးကမှန်သလောက်ပဲလေ၊ အရင်တုန်းကဆိုဗို့အားပြည့်ပြည့်မရခဲ့ဘူး၊ ရက်တစ်ရာစီမံချက်မှာလုပ်ခဲ့တဲ့ တောင်ခွဲရုံပြီးတော့ မီးကောင်းသွားတယ်၊ အခုနောက်ပိုင်းမီးမမှန်တာက မီးလိုင်းတွေအားနည်းချက်တွေများလို့၊ပြီးတော့ ရာသီဥတုတွေလည်းအရမ်းဆိုးရွားနေတဲ့အခါကျတော့ မီးမမှန်တာတွေလည်းရှိနေတယ်။

ဟင်္သာမီဒီယာ။ ။ ဆရာတို့အစိုးရအနေနဲ့ ဘယ်အချိန်လောက်မှာဆိုရင် လုံးဝမီးမှန်မယ်လို့ အာမခံနိုင်မလဲ။

မင်းထင်အောင်ဟန်။ ။ အဲလိုအခြေအနေမျိုးကိုဘယ်တော့ရောက်မလဲဆိုတော့ လက်ရှိမြန်မာပြည်အနေအထားအရ တစ်နိုင်ငံလုံးမီးမှန်ဖို့ အတွက် ကျောက်မီးသွေးပေးသုံးရင်တော့မြန်တယ်၊ ကျောက်မီးသွေးကလည်း မြန်မာပြည်မှာပွစိထအောင် ဆောက်စရာမလိုဘူး၊ ကျောက်မီးသွေးစက်ရုံသုံးနေရာလောက်ကိုတစ်နေရာမှာ ၁၅ဝဝမဂ္ဂါဝပ်အတွက် သုံးနေရာလောက်လုပ်လိုက်ရင် မြန်မာပြည်တစ်ခုလုံးမီးလင်းသွားမယ်၊ ဒါပေမယ့် ကျောက်မီးသွေးကိုတော့ အကောင်းဆုံးသန့်စင်စနစ်နဲ့ အဆင့်မြင့်တဲ့ဟာလုပ်မှရမှာပေါ့၊ ပြည်သူတွေကလည်းလက်မခံဘူးဆိုတော့ တရုတ်နိုင်ငံကစက်တွေနဲ့ ဆိုအဆင်မပြေဘူး၊ ဂျပန်နည်းပညာတွေနဲ့ နေရာများများမလုပ်ပဲသုံးနေရာလောက်ပဲလုပ်ဖို့လိုမယ်၊ သုံးနေရာဆိုတာလူတွေအတွက် အန္တရာယ်မဖြစ်စေနိုင်တဲ့နေရာတွေပဲဖြစ်ရမယ်၊ သန့်စင်တဲ့ကျောက်မီးသွေးနဲ့လုပ်မယ်ဆိုရင်တော့ ဓါတ်အားခလည်းသက်သာမယ်၊ နောက်ပြီးတော့ မြန်မြန်ဆန်ဆန်လည်းအဆင်ပြေမယ်ပေါ့၊ ဘာဖြစ်လို့လည်းဆိုတော့ တစ်ခြားကုမ္ပဏီတွေနဲ့လုပ်ရင်ပိုက်ဆံတွေ အများကြီးကုန်မှာ။

ဟင်္သာမီဒီယာ။ ။ ဟုတ်ကဲ့ ကျောက်မီးသွေးနဲ့ ပတ်သက်ပြီး ပြည်သူတွေကလည်းပြင်းပြင်းထန်ထန် ကန့်ကွက်နေတော့အဆင်ပြေပါ့မလား။

မင်းထင်အောင်ဟန်။ ။ အဲ့ဒီအတွက် ပြည်သူတွေကိုကျောက်မီးသွေးနဲ့ပတ်သက်ပြီး ပြည်သူတွေကိုအသိပညာပေးတာတွေ အများကြီးလုပ်ဖို့လိုတယ်၊ သုံးနေရာလောက်ပဲလုပ်မယ်ဆိုရင် တိုင်းပြည်အတွက်လည်းဘာမှမထိခိုက်ဘူး၊ သူများလိုစက်မှုနိုင်ငံကြီးတွေတောင်ဒီလိုသုံးနေတာ၊ ဒါတွေမရှိပဲတိုင်းပြည်တိုးတက်အောင်လုပ်လို့မရဘူးလေ၊ တိုင်းပြည်လည်းတိုးတက်ချင်တယ် ဆန်မရှိဘဲအစားကြီးလို့မရဘူး၊ ကျောက်မီးသွေးက သင်္ဘောနဲ့ သယ်ရမှာဖြစ်တဲ့အတွက် ရေနဲ့ နီးတဲ့နေရာတွေဖြစ်တဲ့ ပင်လယ်ကမ်းနံဘေးတို့ ကျောက်မီးသွေးတင်သင်္ဘောတွေဝင်လို့ရတဲ့နေရာတွေတော့ ဖြစ်ရမှာပေါ့၊ ပင်လယ် ကမ်းခြေရှိတာဆိုတော့ မွန်နဲ့ တနင်္သာရီတိုင်းရဲ့ ကြားအစပ်မှာပဲဖြစ်ဖြစ် တစ်လုံးလောက်၊ ဧရာဝတီမှာတစ်လုံးလောက်နဲ့ ရခိုင်နားမှာတစ်လုံးလောက်လုပ်လိုက်ရင် မြန်မာပြည်ကြီးမီးလင်းသွားမှာပေါ့၊ ကမ်းမှာဆောက်မှာဆိုတော့ လွယ်တယ်လေ၊ ဒါကိုတော့ လုပ်သင့်တယ်ထင်တာပဲ ၊ တိုင်းပြည်ကဘာမှလည်းမလုပ်နိုင်ဘူး၊ သူများတိုင်းပြည်ဆိုရင် အကုန်လုပ်နိုင်တယ်၊ ကိုယ့်တိုင်းပြည်မှာဆိုရင် ဘာမှလည်းမရှိဘူး၊ ဒါတွေမှမလုပ်ရင်လည်းတစ်ခြားတိုးတက်အောင်လုပ်လို့မှမရတာ။

ဟင်္သာမီဒီယာ။ ။အစိုးရသစ်တက်လာပြီးနောက်ပိုင်းဝန်ကြီးဌာနအချင်းချင်းချိတ်ဆက်လုပ်ကိုင်ရတဲ့ ကဏ္ဍတွေမှာဘယ်လို အခြေအနေတွေရှိလဲ။

မင်းထင်အောင်ဟန်။     ။အစိုးရပိုင်းမှာတော့ လိုအပ်သလိုချိတ်ဆက်ပြီးလုပ်နေကြတာပဲ၊ အုပ်ချုပ်ရေးမှာတော့ ခြံုပြီးပြောရရင် ကျွန်တော်တို့ဌာနက ပြဿနာသိပ်မရှိဘူး၊ ကျွန်တော်တို့ကိုယ်တိုင်ကဒီအလုပ်တွေနဲ့ အကျွမ်းတစ်ဝင်ရှိပြီးသားတွေဖြစ်တော့ ဘယ်သူမှလာပတ်လို့မရဘူး၊ တစ်ချို့ကျတော့ ကိုယ်ကိုတိုင်ကအဲ့ဒီလုပ်ငန်းတွေကိုမကျွမ်းကျင်ရင်တော့ ကိုယ့်အောက်ကလူကကိုယ့်ကို ပြန်ပတ်တာခံရမယ်၊ တစ်ချို့ဋ္ဌာနတွေကတွေ့တဲ့အတိုင်း မောင်းတိုင်းမသွားတာများတယ်၊ ပြည်ထောင်စုမှာလည်းဒီလိုမျိုးတွေရှိတာပဲ၊ အစိုးရသွားချင်တဲ့ ပေါ်လစီကို တကယ်အကောင်အထည်ဖော်ပေးရတာကဝန်ထမ်းယန္တရားတွေဖြစ်တယ်၊ကိုယ်သွားချင်တဲ့လမ်းကိုမသွားပဲနဲ့ သူ့လုပ်ချင်တဲ့ဟာကိုပဲစွတ်လုပ်ရင်လည်း တစ်ခါတစ်လေမထိန်းနိုင်ရင် ပါသွားတတ်တယ်၊ ဒါကတော့ တစ်နိုင်ငံလုံးမှာကြံုနေရတဲ့ပြဿနာပါပဲ၊ ကျွန််တော်တို့မှာလည်းရှိနေတပဲ၊ အရင်တုန်းကတင်ဒါပေးရင် အစိုးရကမထိန်းနိုင်ဘူး၊ အခုတော့ အဆင်ပြေလာပြီ၊  အစိုးရဆိုတာကထိန်းကျောင်းရမယ့် ဝတ္တရားရှိတော့ ထိန်းရမှာပဲပေါ့၊ ဝန်ထမ်းခန့်ရင် လာဘ်ပေးလာဘ်ယူနဲ့ဆိုရင် အစိုးရမှာတာဝန်ရှိလာပြီ၊နောက်ဆုံးဝန်ထမ်းယန္တရားကနေပြီး မှန်မှန်ကန်ကန်မလုပ်ရင်လည်း ကိုယ့်မှာတာာဝန်ရှိလာတာပဲ၊ ကိုယ်က အစိုးရလုပ်တာကို ၊ ကိုယ့်ဘက်ကကိုင်တွယ်နိုင်ဖို့တော့လိုတယ်၊

ဟင်္သာမီဒီယာ။ ။ ဒီအစိုးရသက်တမ်းငါးနှစ်မှာအစိုးရပိုင်းကဘယ်လိုလုပ်ရင် အဆင်ပြေမလဲ။

မင်းထင်အောင်ဟန်။  ။ပိုပြီးကောင်းအောင်တော့ အစိုးရက ပြည်သူနဲ့ လွှတ်တော်နဲ့ အားလုံးပူးပေါင်းပြီးတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ဟာကိုလုပ်ဖို့ လိုတယ်၊ ပြည်သူတွေထဲမှာလည်းအကြံကောင်းပေးနိုင်တဲ့သူတွေအများ ကြီးရှိတယ်၊ အဲ့လိုပူးပေါင်းဆောင်ရွက်ပြီးအကြံညဏ်ယူမယ်ဆိုရင်တော့ စုပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ တိုင်းပြည်က မြန်မြန်ဆန်ဆန်တိုးတက်မှာပေါ့၊ အဲ့လိုမှမဟုတ်ပဲအစိုးရအဖွဲ့လည်းသွားချင်ရာသွား ယန္တရားကလည်းပရမ်းပတာနဲ့ လည်ပတ်နေမယ်ဆိုရင် နောက်ကျရင် ကိုယ့်ကိုမောင်းထုတ်လိုက်မှာပေါ့၊

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 6, 2024
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့...
August 6, 2024
“ဒီပုဒ်မ (၄၆) ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ် တွေဆိုင်ရာ အခြေခံမူ တွေအရ ဧရာဝတီ အမျိုး...