ကရင်ဒုက္ခသည်ကော်မတီ၏ ဘဏ္ဍာရေးမှူး နော်ဘလူးမင်းနိုက်ဇန်နှင့်ကေအိုင်စီတွေ့ဆုံမေးမြန်းခြင်း

ကရင်ဒုက္ခသည်ကော်မတီ၏ ဘဏ္ဍာရေးမှူး နော်ဘလူးမင်းနိုက်ဇန်နှင့်ကေအိုင်စီတွေ့ဆုံမေးမြန်းခြင်း
by -
ကေအိုင်စီ
“ဒီကဒ်(Food card)တစ်ခုကို ရပြီး စားနပ်ရိက္ခာကို တိုက်ရိုက်သွားပြီး ထုတ်ယူလုုိ့ရတယ် ဆိုပေမယ့်လည်း စခန်းတာဝန်ရှိသူနဲ့ ကေအာရ်စီတို့ရဲ့ ဦးဆောင်မှုအောက်မှာပဲရှိတယ်ဆိုတာ ပြန်လည်သတိရ ရမှာဖြစ်ပါတယ်”

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများကို စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးနေသည့် (The border consortium-TBC) အဖွဲ့မှ ယခု ဇူလိုင်လကုန်ပိုင်းမှစ၍ အကူအညီဖြန့်ဝေရေး စနစ်သစ်တစ်ခုအဖြစ် ရိက္ခာကဒ်စနစ်ကို စမ်းသပ်လုပ်ဆောင်ရန် ပြင်ဆင်လျှက်ရှိသည်။ အဆိုပါ စားနပ်ရိက္ခာကဒ်စနစ်ဖြင့် ကုန်ပစ္စည်းအစား ပေးဝေသော စားနပ်ရိက္ခာ၏ တန်ဖိုးနှင့်ညီမျှသည့်ငွေကို ကဒ်ထဲတွင် ထည့်ထားပြီး စခန်းသူစခန်းသားများမှ ၎င်းတို့၏စားသုံးကုန်များကို သတ်မှတ်ထားသည့်ဆိုင်များ၌ ၎င်းတို့ကိုယ်တိုင် သွားရောက်ဝယ်ယူရမည့်စနစ်မျိုးဖြစ်သည်။ ယခုကိစ္စကို စီစဉ်ဆောင်ရွက်နေသူ ကရင်ဒုက္ခသည်ကော်မတီ (KRC)၏ဘဏ္ဍာရေးမှူး နော်ဘလူးမင်းနိုက်ဇန်ကို ကေအိုင်စီက တွေ့ဆုံမေးမြန်းထားသည်။

မေး။ ။ ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာကို ကဒ်စနစ်နဲ့ ထုတ်ပေးသွားမယ့်ကိစ္စနဲ့ပတ်သက်ပြီး ဒုက္ခသည်ပြည်သူတွေကို ဘာများ အသိပေးချင်ပါသလဲ။

ဖြေ။   ။ဒီ Cash transfer System နဲ့ပတ်သက်ပြီးတော့ ဒုက္ခသည်တွေအတွက် ကြည့်မယ်ဆိုရင်  တကယ့်အသစ်စက်စက်ပါ။ တစ်ကြိမ်တစ်ခါမှ အတွေ့အကြံု မရှိခဲ့ဖူးဘူး။ သို့သော်လည်းပဲ ဒီအပြောင်းအလဲအပေါ်မှာ ကျမတို့ သေသေချာချာလုပ်ကြည့်မယ်ဆိုရင် ကောင်းမကောင်းဆိုတာက ကျမတို့ ဖြတ်သန်းမှုအပေါ် သိလာရလိမ့်မယ်။ အရင်အနှစ် ၃၀အတွင်းမှာ ရိက္ခာသွားထုတ်တာ သူတို့ကိုယ်တိုင်ပဲ သွားထုတ်ကြတယ်။

တစ်လမှာ နှစ်ကြိမ်ထုတ်ပေးတဲ့နေရာမှာ ဆန်၊ ဆား၊ ငါးပိ၊ မီးသွေး ဒါတွေပဲရှိတယ်။ အခုက ပြောင်းလဲပေးလိုက်တာ တစ်လကို နှစ်ကြိမ်သွားပြီး တန်းစီဖို့ မလိုအပ်တော့ဘူး။ ကဒ်တစ်ခုပေးပြီးတော့ ကဒ်ထဲမှာ သင့်တော်လုံလောက်တဲ့ငွေကို ဖြည့်ထည့်ထားပေးမယ်။ သူတို့မှာ အခွင့်အရေး အပြည့်အဝရှိတယ်။ စျေးဆိုင်ဖွင့်တဲ့အချိန်မှာ သူတို့ သွားထုတ်ချင်တဲ့အခါ သွားထုတ်ယူလို့ရတယ်။ ရိက္ခာသွားထုတ်ဖို့ ခွင့်တောင်းစရာမလိုအပ်တော့ဘူး။ လွတ်လွတ်လပ်လပ် သွားရမယ်။ အဲဒီမှာ ရှိတဲ့ စားနပ်ရိက္ခာတွေကတော့ အသား၊ ကြက်ဥ၊ သူတို့ တစ်ခါမှ မရဖူးတဲ့ဟာတွေရမယ်။ သူတို့မိသားစုအတွက် လုုိအပ်တဲ့အပေါ်မှာပဲ ထုတ်ယူနိုင်ဖို့အတွက်ဖြစ်တယ်။ ဒါကြောင့် အရင်က ရိက္ခာပေးဝေမှုနဲ့ အခုပြောင်းလဲလိုက်တဲ့ အခြေအနေက တော်တော်လေးကို ကွာခြားသွားတယ်။ ဒါတွေက သူတို့ဘဝရဲ့ အတွေ့အကြံုအသစ်တစ်ခုအတွက် သင်ယူရလိမ့်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။

မေး။ ။ ဒုက္ခသည်စခန်းမှာ ဒီလို စားနပ်ရိက္ခာကဒ်စနစ် ကျင့်သုံးသွားမယ့်အပေါ်မှာ ဒုက္ခသည်တွေအတွက် ဖြစ်လာမယ့် အကျိုးကျေးဇူးနဲ့ စိန်ခေါ်မှုတွေက ဘာတွေဖြစ်နိုင်မလဲ။

ဖြေ။  ။ဒီအစီအစဉ်က ဗြုန်းကနဲ စတင်တဲ့အစီအစဉ်တော့မဟုတ်ဘူးပေါ့နော်။ လုပ်နိုင်ဖို့က အချိန်တော်တော်ယူရတယ်။ နှစ်နဲ့ချီစတင်လုပ်ဆောင်ရပါတယ်။ သို့သော်လည်း အခြေအနေက တစ်ထပ်တည်းမကျတဲ့အတွက် အခုမှ စတင်လာတာဖြစ်ပါတယ်။ စတင်လုပ်ဆောင်ပေမယ့်လည်း ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ သင်တန်း ၂လတောင် လုပ်ပေးရတယ်။ ပြီးတော့ စျေးဆိုင်ရောင်းတဲ့လူနဲ့ ၀ယ်မယ့်လူတွေကို စကားပြောရတယ်။ ဒါကြောင့် နှစ်ဖက်စလုံး အကျိုးဖြစ်ထွန်းစေမယ််လို့ ကျမ မြင်တယ်။ ရောင်းတဲ့လူက သူတို့ရောင်းချင်တဲ့အရာကို အဲဒီမှာရောင်းပြီး ပိုက်ဆံတစ်ခါတည်း ရရှိလိမ့်မယ်။

ပြီးတော့ ၀ယ်တဲ့လူကလည်း သူတို့ ၀ယ်ချင်၊ စားချင်တဲ့ အစားအစာကို ပိုက်ဆံမရှိသော်လည်းပဲ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတယ်။ နောက်တစ်ချက်က သူတို့ရဲ့ မိသားစုအတွက် သူတို့ ကိုယ်တိုင် စီမံခန့်ခွဲလို့ရတယ်။ တစ်လစာငွေနဲ့ မိသားစုအတွက် ဘယ်လောက်လုံလောက်မလဲ၊ ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာ နားလည်လာလိမ့်မယ်။ တစ်ခါမှ မဖြတ်သန်းဖူးသေးတဲ့အတွက် စစချင်းကတော့ အခက်အခဲရှိပါလိမ့်မယ်။ သို့သော် နို့ဖုုိးဒုက္ခသည်စခန်းမှာ လုပ်ကြည့်တဲ့ နှစ်ရက်တာအတွင်းမှာ စျေးဆိုင်ရောင်းတဲ့လူက စိတ်ပျော်သလို စျေးဝယ်တဲ့လူဘက်ကလည်းပဲဝမ်းသာကြတယ်။ ကျမအနေနဲ့ မြင်တာက အကျိုးကျေးဇူးတစ်ခုဖြစ်စေပါတယ်။ အခက်အခဲမရှိဘူးရယ်လို့တော့မဟုတ်ပါဘူး။ ကြီးမားတဲ့ အခက်အခဲကိုတော့ မရှိနိုင်ဘူးလို့ မြင်ပါတယ်။

DSC01472

မေး။ ။ အခုကျင့်သုံးသွားမယ့် စားနပ်ရိက္ခာကဒ်စနစ်ကို ကရင်ဒုက္ခသည်ကော်မတီ တာဝန်ရှိသူတစ်ဦးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ။   ။ကျမအနေနဲ့မြင်တာက ဒီကဒ်ကို အသုံးမပြုခင်က အနှစ်သုံးဆယ်လောက်မှာ တစ်လ၊ တစ်လမရောက်ခင်မှာ ထောက်ပ့ံမှု အစီအစဉ်လုပ်ဆောင်ပေးတဲ့သူတွေက ရိက္ခာသယ်ဖို့အတွက် မော်တော်ကားတွေကို အသုံးပြုရတယ်။ အဲသလိုပဲ ရိက္ခာထုတ်တဲ့နေရာမှာ လမ်းမှာ ဖိတ်ကျတာ၊ ပျောက်ရှသွားတာတွေရှိခဲ့တယ်။ ပြီးတော့ သယ်ယူပို့ဆောင်ခဆိုတာလည်း နည်းနည်းပါးပါး ကုန်တာမဟုတ်ပါဘူး။ ဒုတိယ တစ်ချက်က သိုလှောင်ဂိုဒေါင်ထဲကို ပြန်ပြီးထည့်ဖို့ဆိုလည်း ကုန်တင်၊ ကုန်ချခက ကုန်ကျစရိတ်အများကြီးကုန်တယ်။ တတိယတစ်ချက်က  တာဝန်ရှိသူတွေသွားပြီး ရိက္ခာပေးဝေနေရတယ်။ အဆင့် တစ်ဆင့်၊ နှစ်ဆင့်၊ သုံးဆင့်တောင်သွားရတယ်။ လွယ်ကူတဲ့အလုပ်မဟုတ်ဘူး။ အခုက အိမ်ထောင်စုတိုင်းရဲ့ လက်ထဲမှာကဒ်ရှိတဲ့အတွက် အိမ်ထောင်စုကိုယ်စီက သူတို့ကိုယ်တိုင် သွားထုတ်ကြတဲ့အပေါ်မှာ စီစဉ်ပေးတဲ့သူတွေက ရောင်းတဲ့လူတွေပဲဖြစ်တယ်။ ရောင်းတဲ့လူတွေက ရောင်းချင်တဲ့ပစ္စည်း စုပြီးတော့ ရောင်းကြတယ်။ ဒါကြောင့် တစ်ဖက်က ပြန်ကြည့်ရင် TBC ရဲ့သယ်ယူပို့ဆောင်ရေးစရိတ်က အကုန်အကျ အများကြီး သက်သာပါတယ်။

နောက်တစ်ခုက အချိန်လည်း မကုန်တော့ဘူး။ တစ်ယောက်ပြီးတစ်ယောက်၊ တစ်စုပြီးတစ်စု သွားရောက်တန်းစီရတာမျိုးလည်းမရှိတော့ဘူး။ဖိတ်တာ၊ ကျတာ၊ ပျောက်ရှတာတွေ လျော့နည်းလာမယ်။ မရှိတော့ဘူးလို့လည်း ပြောရင်လည်း ပြောလို့ရတယ်။ သယ်ယူပို့ဆောင်ရေးအတွက် ကုန်ကျစရိတ်၊ ကုန်တင်၊ ကုန်ချစရိတ်တွေမကုန်တော့တဲ့အပေါ်မှာ လိုအပ်မှုရှိတဲ့ အိမ်ထောင်စုတွေအတွက် ပြန်ပြီး အထောက်အပံ့ဖြစ်စေတယ်လို့ ကျမတို့ ယုံကြည်တယ်။ ဒါကြောင့် စခန်းတစ်ခု၊ နှစ်ခု၊ အစမ်းလုပ်ဆောင်မှု သုံးလလုပ်ပြီးတဲ့အခါ ရိက္ခာထုတ်လို့ အဆင်ပြေတယ်ဆိုရင် ဒုက္ခသည်စခန်းအားလုံး အကျိုးကျေးဇူးဖြစ်စေတာကြောင့် လုပ်သွားမယ်လို့ပဲ မြင်တယ်။ ကျမတို့ သွားမြင်တွေ့ရတဲ့ အချို့နိုင်ငံတွေဆိုရင် အနှစ် ၂၀ကျော် လုပ်ဆောင်တဲ့အတွက် သူတို့ဝမ်းသာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၀ယ်တဲ့သူအတွက်ကော၊ ရောင်းတဲ့လူအတွက်ပဲ အကျိုးကျေးဇူးဖြစ်စေတယ်။ ကျမတို့က အခုပဲ စတင်လုပ်ဆောင်တဲ့အတွက် ချောမွေ့မှုမရှိဘူး။ အခက်အခဲတွေ ရှိကောင်းရှိနိုင်မယ်။ ဒါပေမယ့် လွယ်ကူလာမယ်ဆိုရင် ဒီအခက်အခဲတွေက ရှိလာမှာမဟုတ်သလို ကုန်ကျစရိတ်နည်းလာမယ်။ အကျိုးကျေးဇူးတော့ ဖြစ်လာမှာလို့ပဲကျမအနေနဲ့ အဲလို မြင်ပါတယ်။

မေး ။ ။ ဒီစားနပ်ရိက္ခာကဒ်ကို အသုံးပြုသွားရမယ့် ဒုက္ခသည်ပြည်သူတွေအနေနဲ့ အသုံးပြုပုံ အသုံးပြုနည်းကို ကောင်းကောင်းမွန်မွန် နားလည်သဘောပေါက်အောင် ဘယ်လို အကြံုပြချင်ပါသလဲ။

ဖြေ။  ။အရင်က အိမ်ထောင်စုတစ်စုက သူတို့မှာ ရွေးချယ်စရာ ဘာမှမရှိခဲ့ဘူး။ အခုက စားစရာရိက္ခာက အမျိုးမျိုးရှိထားတဲ့အတွက်ကြောင့် သူတို့ကိုယ်တိုင် ရွေးချယ်နိုင်တယ်။ သူတို့ကိုယ်တိုင်လည်း စဉ်းစားချင့်ချိန်နိုင်မယ်။ ဥပမာ….ပိုက်ဆံ သုံးရာပဲ သူများက ပေးတယ်။ လေးရာလောက် သွားသုံးတယ်ဆိုရင် ဒါက မဖြစ်သင့်ဘူးလေ။ သေသေချာချာ တွက်ချက်ပြီးတော့ ပိုက်ဆံကျန်မယ်ဆိုရင်လည်း ကျန်တဲ့ပိုက်ဆံက ကိုယ့်အတွက်ပါပဲ။ ထို့အတူပဲ ဘာအခက်အခဲတွေ ဖြစ်လာနိုင်သလဲဆိုရင်တော့ ဥပမာ…အချို့လူတွေက စာမသင်ဖူးတဲ့အပေါ်မှာ စာဖတ်မတတ်ကောင်း ဖြစ်နိုင်မယ်။ ဒါပေမယ့်လည်း သူတို့တွေအတွက်ကိုတော့ သီးသန့်လုပ်ပေးမယ်။ ဥပမာ…ကိန်းဂဏန်း မသိပေမယ့်လည်း အရောင်အားဖြင့် သတ်မှတ်ပေးမယ်။ သူ့အတွက် သွားပြီးထုတ်ယူနိုင်ဖို့ အမှတ်အသားတစ်ခုအနေနဲ့ဖြစ်မယ်။

နောက်တစ်ခုက ဘာအခက်အခဲ ဖြစ်လာနိုင်မလဲဆိုတော့ ဥပမာ.. အိမ်ထောင်ဦးစီးတစ်ယောက်က မအားလပ်ရင် အဲဒီအိမ်ထောင်စုရဲ့ မိသားစုဝင်က သွားပြီး ထုတ်ယူမယ်ဆိုတဲ့အပေါ်မှာ အကယ်၍ သူ့ကိုယ်သူ နားမလည်ဘူးဆိုရင် သူကိုယ်တိုင်သွားထုတ်ပြီး သူ့စိတ်ကြိုက် လုပ်သွားလို့ရနိုင်တယ်လို့ တွေးမိပြီး လုပ်ကောင်းလုပ်သွားနိုင်တယ်။ ဒါကတော့ သူ့ကို သေသေချာချာ နားလည်အောင် ရှင်းပြမယ်ဆိုရင် ဒါတွေက ဖြစ်မလာနိုင်ဘူး။

နောက်အခက်အခဲတစ်ခုက လွတ်လွတ်လပ်လပ် သွားထုတ်ယူလို့ရတယ်ဆိုတဲ့အခါ အရင်ကလို စီစဉ်ပေးဖို့ မလိုအပ်တော့တဲ့အတွက်ကြောင့် စခန်းခေါင်းဆောင်၊ စခန်းကော်မတီတွေက သူတို့အတွက် အလုပ်လုပ်ပေးဖို့ မလိုအပ်တော့ဘူးလို့ ယူဆသွားရင် စခန်းရဲ့ အုပ်ချုပ်မှု စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာတော့တဲ့ အခြေအနေမှာ ဖြစ်လာနိုင်ပါတယ်။

သို့သော်လည်းပဲ ဒုက္ခသည်တွေကို ပြန်ပြီး အသိပေးလိုတာက ဒီအစီအစဉ် လုပ်ဆောင်ချက်တွေက စခန်းအားလုံးရဲ့ ပူးပေါင်းလုပ်ဆောင်မှု၊ KRC ရဲ့ ပူးပေါင်းလုပ်ဆောင်တဲ့အတွက်ပဲ ဖြစ်လာတာဖြစ်တယ်။စခန်းတာဝန်ရှိသူနဲ့ KRC တို့ ပူးပေါင်းလုပ်ဆောင်မှုသာ မလုပ်ရင် ဘယ်သူမှ ဒီအစီအစဉ်ကို လာလုပ်လို့ မရပါဘူး။ သူတို့အတွက် အကျိုးကျေးဇူးဖြစ်လာဖို့ အကြောင်းလည်း ရှိမလာနိုင်ပါဘူး။ သူတို့ သိထားသင့်တာက ဒီကဒ်တစ်ခုကို ရပြီး စားနပ်ရိက္ခာကို တိုက်ရိုက်သွားပြီး ထုတ်ယူလုုိ့ရတယ် ဆိုပေမယ့်လည်း စခန်းတာဝန်ရှိသူနဲ့ ကေအာရ်စီတို့ရဲ့ ဦးဆောင်မှုအောက်မှာပဲရှိတယ်ဆိုတာ ပြန်လည်သတိရ ရမှာဖြစ်ပါတယ်။

မေး။ ။ အခုလက်ရှိ အခြေအနေမှာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကအမျိုးမျိုးပြောဆိုသံတွေ၊ တိုက်တွန်း ဝေဖန်သံတွေ ရှိနေပါ တယ်။ ဒီအပေါ်မှာ KRC အနေနဲ့ဖြစ်စေဒုက္ခသည်တွေကိုဘယ်လိုပြောဆိုပေးချင်ပါသလဲ။

ဖြေ။  ။အခုလက်ရှိ ဒုက္ခသည်ပြည်သူတွေကို ဒီလိုအသိပေးချင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကျော်က မြန်မာနိုင်ငံရဲ့ နိုင်ငံတော် အကြံပေးပုဂ္ဂိုလ်က ထိုင်းနိုင်ငံကိုရောက်လာပြီး ထိုင်းဝန်ကြီးချုပ်နဲ့တွေ့ဆုံပြီးပါပြီ။ သူတို့ပြောဆိုဆွေးနွေးမှုအထဲမှာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရဘက်ကပြောဆိုချက်က နေရပ်ပြန်ရေးက အခက်အခဲမရှိပါဘူး။ သို့သော်လည်းပဲ ပြန်လို့ရှိရင် စားနပ်ရိက္ခာ၊ နေရာ၊ ဆေးဝါး၊ ပညာရေး၊ ရေရှည်တည်တ့ံတဲ့ အသက်မွေးဝမ်းကျောင်းမှုတွေကို ပြင်ဆင်ရတာတွေ၊ ဒုက္ခသည်တွေ ပြန်တဲ့အချိန်ကျရင် ရှေ့ဆက်ပြီးတော့ ဘယ်ကိုမှ သွားစရာမလိုတော့တဲ့ အခြေအနေမျိုးရောက်မှ ပြန်သင့်တယ်။

အခုအချိန်မှာက သူတုုိ့ကိုယ်တိုင်က ကြိုတင်ပြင်ဆင်မှု မလုပ်ရသေးဘူး။ပြန်လို့မရသေးတဲ့အပေါ်မှာ ထိုင်းအစိုးရဘက်ကလည်း လက်ခံတယ်။ မြန်မာအစိုးရဘက်က ကြိုတင်ပြင်ဆင်မှု မရှိသေးတဲ့အတွက်ကြောင့် သူတို့အနေနဲ့ ဒုက္ခသည်တွေကို ပေးမပြန်သေးဘူး။ ပြန်မပို့သေးဘူး။ ဒါကို ကျမတို့က ကောင်းကောင်းလက်ခံတယ်။ ဒီနိုင်ငံ နှစ်နိုင်ငံက နားလည်ပြီး ကြိုတင်ပြင်ဆင်ကြမယ်။ ဒါကြောင့် ဒုက္ခသည်ပြည်သူတွေကို ပြောချင်တာက စိတ်မယောင်ပါနဲ့ ဦးဆောင်မှုအဆင့်ဆင့်ရှိတယ်။ အချိန်တန်ရင် ကိုယ့်ခြေထောက်ပေါ်ရပ်တည်နိုင်တဲ့အထိ ထောက်ပံ့မှုအကူအညီတွေရမှ နေရပ်ကို ပြန်ရရှိဖို့ စီစဉ်ပေးမယ်။

မေး။   ။ ဒုက္ခသည်တွေကို ထောက်ပံ့မှု အကူအညီတွေလည်း တဖြည်းဖြည်းနဲ့ လျော့နည်းလာတဲ့အပေါ်မှာ ဘဝရပ်တည်နိုင်ရေးက ခက်ခဲလာတယ်။ ဒီအပေါ်မှာ အကူအညီပေးတဲ့ အလှူရှင်တွေကို ဆရာမအနေနဲ့ ဘာများပြောချင်ပါသလဲ။

ဖြေ။  ။အကူအညီပေးတဲ့အဖွဲ့အစည်းတွေကို အသိပေးချင်တာက ဒုက္ခသည်တွေ ပြန်လို့မရသေးတဲ့အချိန်မှာ အရင်တုန်းက စာနာစိတ်ထားရှိတဲ့အတိုင်း ဒုက္ခသည်တွေကို ဆက်လက်ပြီး ကူညီပေးဖို့၊ သူများနိုင်ငံမှာ ရှိနေတုန်းအတောအတွင်းမှာပေါ့။ တစ်ဖက်မှာလည်းပဲ ဒုက္ခသည်တွေကြိုတင်ပြင်ဆင်မှုအနေနဲ့ ပညာရေးအပိုင်းမှာဖြစ်စေ၊ အသက်မွေးဝမ်းကျောင်းပြုပညာဖြစ်စေ ဆက်လက်ထောက်ပံ့ပေးစေချင်သေးတယ်။ ပြီးတော့ ဘယ်နိုင်ငံမှာပဲနေနေ ရာသီဥတုအပြောင်းအလဲတွေကြောင့် နာမကျန်းတဲ့ ရောဂါတွေ ဖြစ်ပွားလာနိုင်တယ်။ အခု မိုးတွင်းမှာဆို ငှက်ဖျားရောဂါတို့၊ သွေးလွန်တုပ်ကွေးရောဂါတို့၊ ၀မ်းရောဂါတို့ ဖြစ်ပွားလာနိုင်ပါတယ်။ ဒါကြောင့် ဆေးဝါးတွေကို အကူအညီပေးတဲ့အဖွဲ့တွေအနေနဲ့ ကိုယ်ချင်းစာစိတ်၊ နားလည်မှုစိတ်ဖြင့် အကူအညီတွေ မလျှော့ပဲ အရင်ကလိုပဲ ကူညီပေးဖို့၊ ပြီးတော့ ဒုက္ခသည်တွေနေရပ်ပြန်ပြီး အေးချမ်းစွာ နေထိုင်ရတဲ့အချိန်ထိ ဆက်လက်ကူညီပေးဖို့ ကျမတို့ မျှော်လင့်တယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ စားနပ်ရိက္ခာကဒ်စနစ်ကို ကျင့်သုံးသွားမယ့်ကိစ္စနဲ့ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ။  ။Food Card နဲ့ပတ်သက်ပြီး ကျမအနေနဲ့မြင်တာက တတိယနိုင်ငံကိုရောက်ရှိသွားတဲ့ ဒုက္ခသည်တွေကိုလည်း သူတို့ ရောက်ရှိနေတဲ့နေရာမှာ ဒီလို Food Cardလို မျိုးပဲ စီစဉ်ဆောင်ရွက်ပေးတယ်။ ဆိုတော့ နိုင်ငံခြားရောက်ရင်သုံးရမှာ။ အခုက တစ်ခါမှ မသုံးဖူးသေးဘူး။ အခုမှ စတင်အသုံးပြုသွားမယ့်အပေါ်မှာ ဒုက္ခသည်အနေနဲ့ စိတ်ကို ရဲရဲတင်းတင်းထားပြီး စမ်းကြည့်စေချင်တယ်။ ကြိုးစားကြည့်ပြီးတော့ သူတို့လည်း အတွေ့အကြံုရလာမယ်။ စိတ်တွေလည်း ပျော်လာမယ်။ ကိုယ့်ဖာသာကိုယ် ထုတ်နိုင်တယ်။ ရွေးချယ်နိုင်တယ်။ သူတို့ စားချင်တဲ့အရာကိုဖြစ်စေ၊ သူတို့မိသားစုကို စီမံခန့်ခွဲတဲ့နေရာမှာ အခက်အခဲ မရှိလာစေဖို့ ရရှိလာတဲ့ စားနပ်ရိက္ခာအတွက် ငွေတွေကို ဆုံးဖြတ်ပြီးတော့ သူတို့အတွက် သင်ယူမှုတစ်ခုဖြစ်မယ်။ ပြန်ကြည့်မယ်ဆိုရင် ထိန်းသိမ်းမှု၊ စီမံခန့်ခွဲမှုကိစ္စရပ်တွေကို သင်တန်းပေးရမယ်။ အခုက သူတို့စပြီး လုပ်ရမယ်ဆိုတော့ အကောင်းကို သင်ယူခွင့်ရမယ်ဆိုတာ ကျမပြောချင်တယ်။

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...