မယ်လဆေးရုံတာဝန်ခံစောလယ့်ဒို့ဂေနှင့်တွေ့ဆုံမေးမြန်းခြင်း

မယ်လဆေးရုံတာဝန်ခံစောလယ့်ဒို့ဂေနှင့်တွေ့ဆုံမေးမြန်းခြင်း
by -
ကေအိုင်စီ
ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်ရှိအုန်းဖျန်နှင့် မယ်လဒုက္ခသည်စခန်းတွင် ဇူလိုင်လဆန်းပိုင်းကဖြစ်ပွားခဲ့သည့် ဆေးရုံဝန်ထမ်းများ အလုပ်မဆင်းဘဲ ဆန္ဒထုတ်ဖော်ခဲ့မှုကို သက်ဆိုင်ရာAide MedicaleInternationale (AMI)ဌာနချုပ်မှ တာဝန်ရှိသူများက လာရောက်ညှိနှိုင်းဖြေရှင်းပေး မှုကြောင့် ပြေလည်သွားပြီး ဇူလိုင်လ၁၅ရက်နေ့တွင် ပုံမှန်အလုပ်ပြန်ဆင်းကြတော့မည်ဟု စခန်းနှစ်ခုရှိဆေးရုံတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုသည်။

အဆိုပါကိစ္စ မည်ကဲ့သို့ညှိနှိုင်းဖြေရှင်းပြေလည်သွားသည်၊ဆေးရုံဝန်ထမ်းများ၏မည်သည့်အတွက် ဆန္ဒထုတ်ဖော်ခဲ့ရသည့် ဆိုသော အခြေခံအကြောင်းရင်းနှင့် အခြေအနေများကို မယ်လဒုက္ခသည်စခန်း၏ ဆေးရုံတာဝန်ခံစောလယ့်ဒို့ဂေအား ဇူလိုင်လ ၁၁ရက်နေ့မနက်က ကေအိုင်စီကဆက်သွယ်မေးမြန်းထားခဲ့သည်။

မေး။။မယ်လဒုက္ခသည်စခန်းမှာ ဖြစ်ပွားခဲ့တဲ့ ဆေးဝန်ထမ်းတွေရဲ့ ဆန္ဒထုတ်ဖော်မှုဖြစ်ပွားတဲ့ ကိစ္စကညှိနှိုင်းမှုပြေလည်သွားပြီ လို့သိရ တယ်။ ဘယ်လိုပြေလည်သွားတာလဲရှင်းပြပေးပါ။

ဖြေ။  ။ပြီးခဲ့တဲ့Monday မှာပြင်သစ်ကAMI ဌာနချုပ်မှာ နေတဲ့ဆရာမကြီး Sophie ကဆေးဝန်ထမ်းတွေနဲ့ လာတွေ့တယ်။ သူက လာရှင်းပြတဲ့အခါအခု လိုပြောပါတယ်။သူရောက်လာမှ ဆေးရုံဝန်ထမ်းတွေရဲ့ခံစားချက်၊ သဘောထားတွေကိုသိရတယ်။ ဆေးဝန်ထမ်းတွေကို စဉ်းစားနားလည်ပေးဖို့သင့်တယ်။ ဒုက္ခသည်ဆေးဝန်ထမ်းတွေကလည်း အရေးကြီးတဲ့အတွက်စဉ်းစားပေး သင့်ပါတယ်။ဒါကြောင့်မို့ ဒီတစ်ကြိမ်ဖြစ်စဉ်မှာ ကျမတို့ကရှင်းရှင်းလင်းလင်းမလုပ်တဲ့အတွက် အခုလိုဖြစ်ရတာပါ။ ဒါကသူတို့ရဲ့ အားနည်းချက်ကိုသူက ၀န်ခံလိုက်တာပါ။ တောင်းဆိုချက်တွေအပေါ်မှာ ကျမတို့ကလည်းစဉ်းစားပေးသင့်ပါတယ်။ ဒါကြောင့်မို့ သူမကကျနော်တို့အတွက် လုပ်ဆောင်ပေးမယ်လို့ပြောတယ်။ ဒါကြောင့်လာမယ် ့သောကြာ(ဇူလိုင် ၁၅ရက်)နေ့မှာ ကျနော်တို့ ဆေးဝန်ထမ်းတွေ အားလုံးပုံမှန်အလုပ်ပြန်ဆင်းတော့မှာဖြစ်ပါတယ်။

Saw LerDohGay Maela AMI

မေး။။စခန်းထဲကဆေးဝန်ထမ်းစတင်ဆန္ဒဖြစ်ပေါ်လာရတဲ့အကြောင်းအရင်းကိုရှင်းပြပါ။

ဖြေ။ ။ဘာကြောင့်ကျနော်တို့ရဲ့ ဆန္ဒကိုထုတ်ဖော်ရသလဲဆိုရင် ကျနော်တို့ရဲ့ခံစားချက်ဒီလိုရှိပါတယ်။ အထက်မှာရှိတဲ့သူတွေက အလုပ်လုပ်တာထင်သာမြင်သာ မှုမရှိတဲ့အတွက် ကျနော်တို့ဒုက္ခသည်ထဲက ၀န်ထမ်းတွေကိုခွဲခြားဆက်ဆံတယ်။ တန်းတူအခွင့်အရေးမရဘူး။ အထင်သေး (နှိမ်ချ) ခံရတယ်လို့ခံစားရတဲ့အတွက် အခုလိုဆန္ဒပြခဲ့တာပါ။ သူတို့ထင်ဟပ်မြင်သာမှုရှိအောင် မလုပ်တာရယ်၊ ပွင့်ပွင့်လင်းလင်းတင်ပြမှုမရှိတာတွေကြောင့်ပါပဲ။ သူတို့လုပ်မယ့်အလုပ်ကို ကျနော်တို့ကိုရှင်းရှင်းလင်းလင်းမပြောပြဘူး။ အများအားဖြင့်သူတို့လျှို့ဝှက်ထားတယ်။ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ရှင်းရှင်းလင်းလင်းမဖော်ပြတဲ့အတွက်ကြောင့်ဖြစ်တယ်။

မေး။။အခြားဒုက္ခသည်စခန်းတွေမှာ အခြေအနေကဘယ်လိုအခြေအနေရှိပါလဲ။

ဖြေ။  ။ကျနော်သိရသလောက်အုန်းဖျန်က ကျနော်တို့နဲ့ခံစားချက်၊ သဘောထား အတူတူပဲလို့သိရတယ်။

မေး။။ဒုက္ခသည်ကျန်းမာရေးလုပ်သားတွေက AMI ဆီမှာ အချက်ဘယ်နှစ်ချက်ကိုတောင်းဆိုခဲ့ ပါသလဲ။

ဖြေ။  ။ကျနော်တို့တောင်းဆိုတာက ခုနကျနော်ပြောပြသလိုမျိုးပဲ ဖြစ်စေချင်တာတွေက ကျနော်တို့ကိုရှင်းရှင်းလင်းလင်း ပြန်လာရှင်းပြပေးဖို့လိုချင်တယ်။ ကျနော်တို့ငွေကြေးကိုလိုချင်တာမဟုတ်ဘူး။ ကျနော်တို့မှန်မှန်ကန်ကန်ပဲလိုချင်တယ်။ သူတို့တစ်ခုခုလုပ်တော့မယ်ဆိုရင် ၀န်ထမ်းတွေရဲ့ရှေ့မှာရှင်းရှင်းလင်းလင်း ရှင်းပြဖို့ ကျနော်တို့လိုချင်တယ်။

မေး။။ဒီကိစ္စကိုနှစ်ဘက်ညှိနှိုင်းမှုအခြေအနေတွေကဘယ်လုုိရှိလဲ။

ဖြေ။  ။Monday (ဇူလိုင် ၄)မှာတစ်ကြိမ်လာရောက်ဖြေရှင်းသွားတယ်။သောကြာနေ့(ဇူလိုင် ၈ရက်)တုန်းကတော့ လာဖြေရှင်းတာမဟုတ်ဘူး။ ကျနော်တို့ဆေးဝန်ထမ်းတွေ အစည်အဝေးလုပ်မယ်ကြားလို့ အခြေအနေကိုလာလေ့လာတာပဲဖြစ်တယ်။ တကယ်တမ်းလာရောက်ဖြေရှင်းတာ တနင်္လာနေ့မှာဗဟို(အေအမ်အိုင်)က ဆရာမSophie (Ms. Sophie Benoliel) တစ်ခါလာတွေ့ပြီးဖြေရှင်းတာပဲ။ ဗဟိုကလာတဲ့ ဆရာမကတော့အခြေအနေအားလုံးကို ပေးသိတယ်။ပြီးတော့အင်္ဂါနေ့တစ်ခါထပ်တွေ့ပြန်တယ်။

မေး။။ဆေးဝန်ထမ်းတွေက ဒီလုုိဆန္ဒထုတ်ဖော်မှုတွေဖြစ်တဲ့အတွက် လူနာတွေအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိခဲ့သလဲ။ ဆေးဝန်ထမ်းတွေ အလုုပ်မဆင်းတဲ့ကာလအတောအတွင်းမှာ ဆေးရုုံကိုုဘယ်လုုိလည်ပတ်ကြသလဲ။

ဖြေ။  ။ကျနော်တို့အလုပ်ရပ်နားတဲ့အချိန်မှာသူတို့ AMIကလည်းအစီအစဉ်ရှိပါတယ်။ ဒုက္ခသည်ကျန်းမာရေးဝန်ထမ်းတွေမရှိတဲ့ အတွက်မဲဆောက်က ဆေးဝန်ထမ်းတွေကိုလာခိုင်းတယ်။ လာကူညီစေတယ်။ လူနာတွေကိုလာကြည့်ရှုစောင့်ရှောက်စေတယ်။

ဒါပေမယ့်လူနာတွေဘက်ကကြည့်ရင် နစ်နာတာတော်တော်လေးရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဒုက္ခသည်စခန်း ကျန်းမာရေးလုပ်သားတွေကို မတွေ့တော့တဲ့အတွက်ထပ်ပြီး မလာပြတော့တာတွေရှိပါတယ်။

မေး။။မယ်လဒုက္ခသည်စခန်းမှာကျန်းမာရေးလုပ်သားဦးရေဘယ်လောက်ရှိလဲ။ပြီးတော့ဆေးရုံအတွက်AMIဘက်ကဘယ်လိုထောက်ပံ့ကူညီတွေပေးသလဲ။

ဖြေ။ ။ဆေးဝန်ထမ်းအားလုံးက၃၃၀ဦးရှိပါတယ်။AMIကကျန်းမာရေးနဲ့ကာကွယ်ရေးအပိုင်းမှာ တာဝန်ယူတာပေါ့နော်။ အပြည့်အဝ၊အလုံအလောက်ပဲကူညီထောက်ပံ့ပေးပါတယ်။

မေး။။ဒုက္ခသည်စခန်းတွေမှာကျန်းမာရေးအကူအညီပေးနေတဲ့ AMIကဒီလကုန်ရင်နားတော့မယ်။နောက်လဆုုိရင်အကူအညီပေးတဲ့ အသစ်တစ်ဖွဲ့လာမယ်ဆိုတဲ့အပေါ်မှာနောက်နောင်ဒီလိုအခြေအနေမျိုးမဖြစ်အောင်ဆေးဝန်ထမ်းတာဝန်ရှိသူတစ်ဦးအနေနဲ့ဘာပြောချင်သလဲ။

ဖြေ။ ။အသစ်ထပ်လာမယ့်အဖွဲ့ကို ကျနော်ဒီလိုပဲပြောချင်ပါတယ်။ သူတို့ဝင်လာတဲ့အခါသူတို့ရဲ့စည်းမျဉ်း၊ စည်းကမ်းတွေဘယ်လိုရှိလဲ။ သူတို့လုပ်ငန်းပိုင်းဆိုင်ရာဘယ်လိုရှိလဲ။ ၀င်လာစမှာ လုပ်ဖော်ကိုင်ဖက်အားလုံးရှေ့မှောက်မှာ တင်ပြစေချင်တယ်။

မေး။။နောက်ဆုံးအနေနဲ့ဒီအကြောင်းအရာကိုအခြေခံပြီးဘာများထပ်ဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ။  ။ဒီကိစ္စဖြစ်လာတဲ့အပေါ်မှာ တစ်ချို့ကကျနော်တို့ဆေးဝန်ထမ်းတွေ ပိုက်ဆံလိုချင်လို့ ဆန္ဒထုတ်ဖော်တာဖြစ်တယ်လို့ ထင်မြင်ယူဆကြတာရှိတယ်။ ကျနော်တို့လူနာတွေကိုမကြည့်(မငဲ့ညှာ)တော့ဘူး။ ပြည်သူတွေကို မကြည့်တော့ဘူးလုုိ့ထင်ကြတယ်။ အဲဒီလိုလည်းကျနော်တို့မလုပ်ပါဘူး။ ဒါကြောင့်မို့ ကျနော်ဒီလိုပြောချင်ပါတယ်။ ဒီကိစ္စဖြစ်တာက ကျနော်တို့လူနာကို ကျနော်တို့ချန်ထားခဲ့တာမဟုတ်ဘူး။ ကျနော်တို့ရဲ့ပြည်သူတွေကို မကြည့်တာလည်းမဟုတ်ပါဘူး။ ကျနော်တို့လူနာနဲ့ ပြည်သူတွေအတွက်ကိုလည်း စဉ်းစားပါတယ်။ ကျနော်တို့ဒီလိုခံရတဲ့အတွက် ဒီလိုဖြစ်တာပါဆိုတာကို ကျနော်တို့ရဲ့ပြည်သူတွေကို နားလည်စေချင်တယ်။   

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...