အဆိုပါကိစ္စနှင့်ပတ်သက်၍ သျှမ်းပြည်အတွင်းရှိ မြေယာနှင့် သဘာဝအရင်း အမြစ် သယံဇာတများ ၊ အုပ်ချုပ်ရေးအမူအကျင့်များအပေါ်အာရုံစိုက် လုပ် ကိုင်နေသည့် တောင်ကြီးအခြေစိုက် လူမှုအခြေပြု အဖွဲ့အစည်းဖြစ်သော မြန်မာ လူထုမဟာမိတ်အဖွဲ့ (MPA)မှ တာဝန်ခံ ကိုမိုးအား သျှမ်းသံတော်ဆင့် မှ စိုင်းအောင်က ဆက် သွယ် မေးမြန်းထားပါသည် ။
မေး ။ ။ မြန်မာလူထုမဟာမိတ်အဖွဲ့ အကြောင်း အရင်ပြောပြပေးပါလား။
ဖြေ ။ ။ ကျနော်တို့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှာ စပြီးလုပ်ဖြစ်တယ် ။ အရင် က တည်းကလည်း အစု အဖွဲ့ တွေအနေနဲ့ မြေယာကိစ္စတွေ လုပ်နေကြတာ ရှိတယ် ။ သယံဇာတ ကိစ္စလုပ်နေကြတာရှိတယ် ။ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ရပ် တည်နေကြ တာရှိတယ် ။ အဲဒီတော့ ကျနော်တို့က မြေယာကိစ္စ ၊ သယံဇာတ ကိစ္စ ၊ အုပ်ချုပ်ရေးကိစ္စတွေမှာ လူထုဘက်ရပ်တည်နိုင်ဖို့အတွက် ယုံကြည်ချက်တူတဲ့ လူတွေ ၊ ရပ်တည်ချက်တူတဲ့လူတွေ ၊ ခံစားချက်တူတဲ့ သူတွေ အတူတကွပူးပေါင်းပြီးတော့ လုပ်ဆောင်ဖို့ မြန်မာလူထုမဟာမိတ်အဖွဲ့ ကို ဖွဲ့စည်းခဲ့တာဖြစ်တယ် ။
မေး ။ ။ အခုဖွဲ့စည်းပြီးတဲ့အခါ အဖွဲ့အနေနဲ့ တောင်သူ ၊ လယ်သမားတွေ အတွက် ဘယ်လို ဆောင်ရွက် ပေးနေသလဲ။
ဖြေ ။ ။ တောင်သူလယ်သမားတွေကို ကျနော်တို့က လက်ရှိဖြစ်နေတဲ့ မြေယာ ပြဿနာတွေဟာ ချက်ချင်း ပြေလည်သွားမှာ မဟုတ်ဘူး ။ ဘာဖြစ်လို့ လဲ ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အဟန့် အတားတွေ ဖြစ်နေတဲ့ အတွက် ကြောင့် တိကျတဲ့အပိုင်းတွေမရှိဘူး ။ ရှုပ်ထွေးနေတာဖြစ်တယ် ။ ဒီပြဿနာတွေ ပြေလည်မှပဲ တောင်သူတွေအတွက် ပြေလည်လိမ့်မယ် ။ ဒါပေမဲ့ ကျနော်တို့ တောင်းဆိုမှုတွေကိုတော့ ရပ်တန့်လို့မရဘူး ။ ဘယ်အစိုးရ တက်တက် တောင်းဆိုနေရမယ် ဆိုတာကိုတော့ အရင်ရှင်းပြရတာပေါ့ ။
မေး ။ ။ သျှမ်းပြည်နယ်ထဲမှာ မြေယာသိမ်းဆည်းမှု ပြဿနာ ဘယ်လောက် အ ထိ ဖြစ်ပေါ်နေလဲဗျ။
ဖြေ ။ ။ သျှမ်းပြည်နယ်ထဲမှာ ကျနော်တို့သွားခဲ့တဲ့ ၁၆ မြို့နယ်ပေါ့ ။ ဒါ့အပြင် တခြား နေရာ တွေမှာ လည်း မြေသိမ်းဆည်းမှုတွေက အများကြီး ထပ်ဖြစ်နေတုန်း ပေါ့နော် ပြဿနာဖြစ်နေတာအားလုံး ၅၅ မြို့နယ်ရှိတယ်။
မေး ။ ။ ဘယ်လိုပုံစံမျိုးတွေနဲ့ မြေသိမ်းမှုတွေ ဖြစ်နေတာလဲ ။
ဖြေ ။ ။ ပုံစံအမျိုးမျိုးရှိတာပေါ့နော် ။ စစ်တပ်တည်ဆောက်ရေးအတွက် သိမ်း ဆည်းတာတွေရှိတယ် ။ နောက်တမျိုးက စစ်တပ်ကပဲ အဲဒီသိမ်းထား တဲ့မြေ တွေကို ကုမ္ပဏီတွေကို ပြန်ရောင်းချလိုက်တာရှိတယ် ။ ပြီးတော့ စစ်တပ်က သိမ်းပြီး နိုင်ငံပိုင်လုပ်ငန်းအဖြစ် ပြောင်းလဲလိုက်တာရှိတယ် ။ တချို့နေရာတွေ မှာက ပြည်သူ့စစ်တွေက သိမ်းတာရှိတယ် ။ နောက်ပြီး သယံဇာတတူးဖေါ်ဖို့ သိမ်းဆည်းတာတွေလဲရှိတယ် ။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အကြောင်းပြုပြီး သိမ်း တာတွေ လည်းရှိတယ် ။ စီမံကိန်းလုပ်ငန်းတွေရှိတယ် တချို့နေရာတွေမှာ လျော်ကြေးပေးတာတွေလည်း ရှိတယ် ။ မပေးတာလည်း ရှိတယ် ။ ဥပမာ လတ်တလော မူဆယ်မြို့နယ်ထဲမှာ ဖြစ်နေတဲ့ဟာက မြို့ပြ စီမံကိန်း အတွက် မြေဧက ၁၆၀ကျော် သိမ်းယူဖို့ပြင်နေတယ် ။ လျော်ကြေး တစ်ဧကကို သိန်း ၅၀၀ ပေးမယ်ဆိုပြီး ကမ်းလှမ်းထားတယ် ။ ဒေသခံတွေက လက်မခံဘူး။ တကယ်လို့ ဒေသခံတွေ ကိုယ်တိုင်အကွက်ရိုက် ရောင်းမယ်ဆိုရင် သိန်း ၄၀၀၀ လောက်ရမယ် အနိုင်ကျင့်တဲ့ပုံစံမျိုး ပေါက်နေတာပေါ့နော် ။
မေး ။ ။ ဘယ်အချိန်လောက်ကစပြီး မြေသိမ်းဆည်းမှုတွေ ဖြစ်ပေါ် ခဲ့တာလဲ ။
ဖြေ ။ ။ အချိန်ကာအားဖြင့်ဆို ၁၉၉၂ လောက်ကတည်းက စဖြစ်ခဲ့တာပေါ့နော် ။ တချို့နေရာတွေ မှာဆိုရင် ဦးသိန်းစိန်အစိုးရ တက်လာပြီး နောက်ပိုင်းလည်း ဆက်ဖြစ်နေသေးတာတွေ လည်း ရှိတယ် ။
မေး ။ ။ ဒီကိစ္စတွေအပေါ် မြန်မာလူထုမဟာမိတ်အဖွဲ့အနေနဲ့ ဘယ်လိုကိုင်တွယ် ဖြေရှင်းသလဲဗျ ။
ဖြေ ။ ။ အဓိက ကတော့ လူထုကို အကြမ်းမဖက်တဲ့ လမ်းကြောင်းပေါ်ကနေပြီးတော့ ကျနော်တို့ နိုင်ငံသားအခွင့်အရေးတွေ ရအောင်လို့ ပြဋ္ဌာန်း ထားတဲ့ မြေယာ ဥပဒေတွေနဲ့အညီ ဒါတွေကို အစိုးရက နေပြီးတော့မှ ဥပဒေနဲ့အညီ ကျောသား ရင်သားမခွဲခြားပဲနဲ့ အုပ်ချုပ်တတ်ဖို့ လူထုကလည်းပဲ ဒါတွေကို ဥပဒေနဲ့ အညီ တောင်းဆိုတတ်ဖို့ ဆွေးနွေးတင်ပြပါတယ် ။
မေး ။ ။ ဆွေးနွေးတင်ပြတဲ့အခါမှာ အစိုးရဘက်က ဘယ်လိုဆောင်ရွက်ပေး သလဲဗျ ။
ဖြေ ။ ။ အစိုးရဘက်ကတော့ ဥပက္ခာပြုထားတာပေါ့နော် ။ ဒါပေမဲ့ လည်း ကျနော်တို့ ဆက်ပြီးကြိုးစား ဆဲပေါ့ ။ ဒါတွေနဲ့ပတ်သက်လို့ စာအုပ် ထုတ် ထားတာ လည်းရှိတယ် ။ တချို့နေရာတွေမှာတော့ လူထုကိုယ်တိုင် တောင်းဆိုတဲ့အတွက် ပြန်ရတာတွေလည်းရှိသလို တချို့နေရာတွေမှာတော့ ရပ်တန့်နေတာတွေရှိ တယ် ။ တချို့နေရာတွေမှာတော့ မအောင်မြင်တဲ့ အပိုင်းတွေလည်း အများကြီး တွေ့ရပါတယ် ။
မေး ။ ။ ဘယ်အပိုင်းတွေမှာ မအောင်မြင်တာလဲဗျ ။
ဖြေ ။ ။ နိုင်ငံတော်စီးပွားရေးလုပ်ငန်းတွေဆိုပြီးတော့ အကြောင်းပြ သိမ်းထားတာတွေ စစ်တပ်တပ်ရင်းတွေ တည်ဆောက်ထားတဲ့ နေရာတွေမှာ ပြန်လည် ရရှိခြင်းမရှိဘူး ။ တချို့ အုပ်ချုပ်မှုရှုပ်ထွေးနေတဲ့ ကိစ္စတွေမှာ မအောင်မြင်တဲ့ အပိုင်း တွေရှိတယ် ။
မေး ။ ။ သျှမ်းပြည်နယ်မှာ လယ်မြေသိမ်းခံရတဲ့သူတွေဘက်က ဆုံးရှုံး နစ်နာမှု အတိုင်းအတာ ဘယ်လောက်ရှိသလဲ ။
ဖြေ ။ ။ သျှမ်းပြည်နယ်မှာ ၂၀၁၂ ခုနှစ် မြေယာဥပဒေနဲ့ မြေယာ မှတ်ပုံတင်ခွင့် အခုအချိန် အထိ မရသေးတဲ့အပိုင်းတွေရှိတယ် ။ နောက် တစ်ခုက စစ်တပ်က စွန့်လွတ်လိုက်ပါတယ် ဆိုတဲ့ မြေယာ တွေဟာ အခု ချိန်ထိ တောင်သူ လယ်သမားတွေ လက်ထဲ ပြန်မရောက်လာသေးဘူး ။ တရားဝင် မြေဧက ၅ သောင်းကျော် စွန့်လွှတ်ခဲ့ပါတယ်လို့ ပြောတယ် ။ ဒါပေမဲ့ ပြန်မရသေးဘူး ။ ဒါတွေက တောင်သူတွေဘက်က ဆုံးရှုံးမှုတွေပါ ။ နောင်ချိုမြို့နယ်ထဲမှာဆိုရင် အစုလိုက် အဖွဲ့လိုက် တရား ရင်ဆိုင်မှုတွေရှိတယ် ။ တရားစွဲဆိုခံရပြီး ထောင်ကျနေတဲ့ တောင်သူတွေလည်း ရှိတယ် ။ တရားစွဲဆိုခံရဖို့ ပြင်ဆင်ခံနေရတဲ့ သူတွေလည်း ရှိတယ် ။ နောင်ချိုမြို့နယ်ထဲမှာပဲ ၅ နှစ်သား ကလေးပါ တရားစွဲခံနေရတဲ့ ထူးခြား ဖြစ်စဉ်တွေလည်းရှိ ပါတယ် ။
ကုမ္မဏီများ၏ စီမံကိန်းများကြောင့် လယ်ယာမြေအသိမ်းခံရသည့် ဒေသများအားပြသထားပုံ