အဆိုပါ လက်မှတ်ရေးထိုးခြင်း အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ Fort Wayne Sister Cities International မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအုန်းမြင့်က “မွန်ပြည်နယ်ကလူတစ်ချို့လည်း တော်တော်များများ အဲဒီကိုရောက်နေတာရှိတယ်။ အဲဒီကကလေးတွေပဲ ချိတ်ဆက်ပြီးတော့ မွန်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စစ်စတာစီးတီး ဆောင်ရွက်ဖို့ ကြိုးစားတဲ့အခါမှာ အောင်မြင်သွားတယ်။ အဲဒါကြောင့် ရှေ့လျှောက်အမေရိကန်နိုင်ငံ အင်ဒီယား နားပြည်နယ်က ဖို့ဝိန်းနဲ့ မွန်ပြည်နယ်က မော်လမြိုင်မြို့ဟာ စစ်စတာစီးတီးဖြစ်သွားပြီ ဒီနေ့ပဲ။တခြားနိုင်ငံက စစ်စတာစီးတီး သူတို့လုပ်ထားတာရှိတယ်။ အဲဒါတွေနဲ့ပါ ဆက်နွယ်လိုက်လို့ရှိရင် မွန်ပြည်နယ်က ပိုပြီးကျယ်ပြန့် သွားပြီးတော့ ကမ္ဘာမှာခြေဆန့်နိုင်မယ် ” ဟုပြောသည်။
ဖို့ဝိန်းမြို့နှင့်မော်လမြိုင်မြို့အား ညီအစ်မမြို့တည်ထောင်နိုင်ရေးအတွက် ၂၀၁၂ ခုနှစ်ကတည်းကပင် စတင်ကြိုးပမ်းခဲ့ကြောင်း၊ ဤအစီအစဉ်ကို နှစ်နိုင်ငံပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရများထံမှ လက်ခံနို်င်ရန် ကြိုးပမ်းခဲ့ရကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
Fort Wayne Sister Cities International မော်လမြိုင်ကော်မတီ ဥက္ကဋ္ဌ ဒေါ်မင်းမြင့်နန်းတင်က “ယူနိုက်တက်စတိတ်နဲ့ မြန်မာနဲ့ဆိုရင် စစ်စတာစီးတီးကိစ္စကို စပြီးတော့ ဆောင်ရွက်နေတာ အရင်ကရှိပါတယ်။ ဒါပေမယ့် ဒီမော်လမြိုင်မြို့ဟာ ဆိုလို့ရှိရင် ကျွန်မတို့သမိုင်းဝင် မှတ်တမ်းတင်ရမှာဖြစ်ပါတယ်။ အကျိုးစီးပွားတွေကတော့ ကျွန်မတို့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ယဉ်ကျေးမှုလဲလှယ်တဲ့အခါမှာဆိုလို့ရှိရင် နှစ်ဦးနှစ်ဖက် အကျိူးရှိပါတယ်။ အထူးသဖြင့် ပညာရေးကိစ္စတွေမှာပေါ့ ကျွန်မတို့ဆီက ကလေးတွေက အမေရိကန်က ပညာရေးတွေကိုသွားပြီး လေ့လာခွင့်ရတယ်၊ သင်ကြားခွင့်ရမယ်။ ဟိုဘက်နိုင်ငံက ကလေးတွေလည်း ကျွန်မတို့နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာရေးကို လေ့လာခွင့်ရမယ်၊ ဒါဟာကျွန်မတို့နှစ်ဦးနှစ်ဖက် အကျိူးတူပူပေါင်း ဆောင်ရွက်ချက်တွေပါပဲ” ဟု ပြောသည်။
လာမည့် ၂၀၁၇ ခုနှစ်တွင် ကလေးငယ်အတွက် နှစ်နိုင်ငံပညာရေးအမြင် လဲလှယ်မှုများ စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အသက် ၂၁နှစ်အောက် ကလေးငယ်များ၏ ပညာရေးအတွက် ၎င်းအဖွဲ့အနေဖြင့် အထက်တန်းကျောင်းများ၊ တက္ကသိုလ်များအား သွားရောက်လေ့လာပြီး နှစ်နိုင်ငံအတူတကွ ပူးပေါင်းဆောင်ရွက်သွားမည့်အပြင် စီးပွားရေးနှင့် ယဉ်ကျေးမှုများ အပြန်အလှန်ဖလှယ်သွားမည် ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို ညီအစ်မမြို့တော် ဖြစ်သွားခြင်းအားဖြင့် မော်လမြိုင်မှ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရေးအရာရှိများနှင့် အနုပညာသမားများပါ ဖို့ဝိန်းမြို့ရှိ ပညာရှင်များ အပြန်အလှန် အမြင်သွားရောက်ဖလှယ်နိုင်မည်ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာတိုးတိုးအောင်က ပြောသည်။
ယခုအချိန်တွင် ဖို့ဝိန်းမြို့အနေဖြင့် ဂျပန်၊ ပိုလန်၊ တရုတ်၊ ဂျာမနီနှင့် မြန်မာ ၅ နိုင်ငံနှင့် ဆက်သွယ်ပြီး တစ်နိုင်ငံလျှင်တစ်မြို့စီကို ညီအစ်မမြို့တော်အဖြစ်သတ်မှတ်ခဲ့ပြီဖြစ်သည်။
အမေရိကန်ပြည်ထောင်စု ဖို့ဝိန်းမြို့သည် မြန်မာနိုင်ငံသားများ အများပြားနေထိုင်လျက်ရှိသည်ဟု သိရပြီး မွန်လူမျိုး (၇၀၀) ဝန်းကျင်ခန့် နေထိုင်လျက်ရှိရာ မြစ် ၃ မြစ်ဆုံရာတွင်တည်ရှိသဖြင့် မော်လမြိုင်မြို့နှင့် ပထဝီအနေအထား ဆင်တူသည့်အတွက် ညီအစ်မမြို့တည်ထောင်နိုင်ရေးအတွက် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။