စစ်ကောင်စီတို့ တပ်စွဲထားဆဲဖြစ်သဖြင့် ကျုံလောင်းနှင့် ကျောက်မိချောင်းဒေသခံတို့ တိမ်းရှောင်နေရဆဲ

စစ်ကောင်စီတို့ တပ်စွဲထားဆဲဖြစ်သဖြင့် ကျုံလောင်းနှင့် ကျောက်မိချောင်းဒေသခံတို့ တိမ်းရှောင်နေရဆဲ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး- ရေးချောင်းဖျားကားလမ်းမပေါ်တွင် တည်ရှိသည့် ဘုန်းကြီးကျောင်းတို့တွင် စစ်ကောင်စီတပ်မှ အင်အားအများအပြားဖြင့် ယနေ့အထိ တပ်စွဲထားဆဲဖြစ်သဖြင့် ကျုံလောင်းနှင့် ကျောက်မီးချောင်းကျေးရွာမှ ဒေသခံများ နေရပ်မပြန်နိုင်သေးဘဲ စစ်ရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့တို့ ရေး- ရေးချောင်းဖျားကားလမ်းမပေါ်ရှိ ဘိုးကလေးတောရကျောင်း၊ ကျိုက်ဟင်းအိုးကျောင်းအပြင် ကျုံလောင်းနှင့် ကျောက်မီချောင်းလမ်းကြားရှိ အိုင်ပုတ်ဘုန်းကြီးကျောင်းတွင် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည့်ဇန်နဝါရီ ပထမအပတ်မှစ၍ တပ်စွဲနေထိုင်လျှက်ရှိကြောင်း ရေးချောင်းဖျားတွင် စစ်ဘေးရှောင်နေသူတစ်ဦးက ဆိုသည်။

“ဘိုးကလေးကျောင်းမှာက သူတို့ ကင်းစောင့်အနေနဲ့နေနေတယ်၊ ကျိုက်ဟင်းအိုးဘုရားမှာကြတော့ သူတို့ ဆက်သွယ်ရေးမြောင်းတူးပြီး နေနေတယ် အနေအထိုင်ကျတဲ့ ပုံစံတွေနဲ့နေနေတယ်။ အိုင်ပုတ်ကျောင်းမှာ လည်းရှိနေတယ်။ အဲလိုရှိနေတော့ ပြန်ဖို့က လိပ်ပြာမလုံဘူး” ဟု ပြောသည်။

တပ်စွဲထားသည့် နေရာတစ်နေရာတွင် အင်အား ၂၀ ဦးထက်မနည်းရှိသည့်အပြင် တောတောင်နှင့် ဥယျာဉ်ခြံကြားတွင်လည်း ကင်းပုန်းတပ်တို့ ရှိနေပြီး လက်ရှိရေးချောင်းဖျားဒေသအတွင်း အင်အား ၁၀၀ ကျော်အထိ ရှိနေကြောင်း ဆက်ပြောသည်။

အဆိုပါအခြေအနေတို့ကြောင့် စစ်ရှောင်ဒေသခံတို့ စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ နောက်တဖန် ပြန်လည်ပြုလုပ်မည်ကို စိုးရိမ်သဖြင့် နေအိမ်မပြန်နိုင်သေးကြောင်းသိရသည်။

“ပြန်တဲ့သူက အရမ်းနည်းတယ်။ တချို့က သူတို့ အိမ်တွေကို စကစက တက်ထားခဲ့တော့ သူတို့မပြန်ရဲဘူး။ ပြီးတော့ စကစတွေကလည်း နှစ်ရွာအကြားမှာ ရှိနေတော့ သူတို့မပြန်ရဲဘူး။ စကစတွေ ပြန်ဝင်လာမှာကို သူတို့ကြောက်နေတယ်” ဟု ကျုံလောင်းရွာအနီးနေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။

ကျုံလောင်းရွာတွင် နှစ်ဖက်တိုက်ပွဲ ပြင်းထန်မှုကြောင့် ကျုံလောင်း၊ ကျောက်မိချောင်း၊ ဝယ်ပေါင်နှင့် ဝယ်ဇင်း (၄) ရွာမှ ဒေသခံ ၁၀၀၀ နီးပါးအထိ ထွက်ပြေးတိမ်းရှောင်ခဲ့ရာမှ ဝယ်ပေါင်နှင့် ဝယ်ဇင်းဒေသခံတို့ တိုက်ပွဲဖြစ်ပွားမှုရပ်တန့်ခဲ့သည့် ဇန်နဝါရီ နောက်ဆုံးအပတ်အတွင်း နေရပ်အားလုံးပြန်နိုင်ခဲ့ကြောင်း သိရသည်။

ကျုံလောင်းနှင့် ကျောက်မီးချောင်းရွာမှ စစ်ဘေးရှောင်များသည် ဝယ်ပေါင်ကျေးရွာရှိ ဥယျာဉ်ခြံများ၊ မွန်ပြည်သစ်ပါထိန်းချုပ်သည့် ဖလံချောင်းဝ၊ ရေးမြောက်ပိုင်း အပေါ်ရစ်ချောင်းကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် ဥယျာဉ်ခြံများတွင် ခိုလှုံနေထိုင်ရပြီး စားနပ်ရိက္ခာအကူညီများ လိုအပ်လျှက်ရှိသည်။

ထို့အပြင် ရေး- ရေးချောင်းဖျားလမ်းပိုင်းတံတားကိုလက်ရှိတွင် ဖြတ်သန်းခွင့်ပြုထားသော်လည်း စစ်ကောင်စီအဖွဲ့မှ သွားလာသူများထံ ကျေးရွာထောက်ခံစာနှင့် မှတ်ပုံတင် စစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး ရိက္ခာများကိုလည်း အကန့်အသတ်ဖြင့်သာ သယ်ယူခွင့်ပြုထားသည်။

ဒေသခံ အမျိုးသမီးတစ်ဦ့က “သူတို့စိတ်ယုတ်တဲ့နေ့ဆို လိုသလောက် ရိက္ခာတွေ အကုန်ယူလိုက်တယ်။ ပြီးတော့ သူဆို သတိပေးတယ်၊ ရိက္ခာတွေ အနည်းအကျင်းပဲ ပေးတင်မယ် မပေးရောင်းဘူး စကားသံမာမာနဲ့ပြောတယ်။ ဆိုင်ကယ်တွေစစ်တာ များတယ်။ ကားတွေကိုလည်းစစ်တယ်။ သူတို့ကို လာဘ်ထိုးနိုင်ရင် သူတို့မစစ်ဘူး” ဟု ပြောသည်။

ပြီးခဲ့သည် ဇန်နဝါရီလ၌ ကျုံလောင်းရွာဟောင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတို့က စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခြင်းတို့ကြောင့် ရေးဖျောင်းဖျားဒေသခံတို့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအပြင် ရေးမြို့ပေါ်နှင့် နီးစပ်ရာနေရာတို့တွင် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

စစ်ကောင်စီအဖွဲ့တို့ ယနေ့အထိ ကျေးရွာအနီးရှိ ဘုန်းကြီးကျောင်းအနီးတစ်ဝိုက် တပ်စွဲထားမှုကြောင့် စုစုပေါင်း အိမ်ခြေ ၃၀၀ ကျော်ခန့်ရှိသည့် ကျုံလောင်းနှင့် ကျောင်းမီးချောင်းဒေသခံတို့ နေရပ်မပြန်နိုင်သေးပဲ စိုးရိမ်မကင်းဖြစ်နေကြသည်။

Most read this week

April 28, 2025
မြန်မာနိုင်ငံတွင် အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့သည်မှာ ယနေ့ ဧပြီ ၂၈ ရက်နေ့တွင်...
April 25, 2025
စစ်ကောင်စီ၏ ပြည်သူ့စစ်မှူးထမ်းဥပဒေ အပတ်စဉ် ၁၂ အထိ ရောက်ရှိလာစဉ်တွင် မွန်ပြည်နယ်တွင်...
April 24, 2025
မွန်ပြည်နယ်တွင် သင်္ကြန်ကာလအတွင်း မြင့်တက်ခဲ့သည့်အခြေခံစားသောက်ကုန်နှင့်...
April 23, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာအုပ်စုအတွင်း တိုက်ပွဲများ...