ကူညီမှုများ ရပ်တန့်ခြင်းနဲ့ ကချင်ဒေသ ကျန်းမာရေး နဲ့ အမျိုးသမီးများအပေါ် သက်ရောက်မှု

ကူညီမှုများ ရပ်တန့်ခြင်းနဲ့ ကချင်ဒေသ ကျန်းမာရေး နဲ့ အမျိုးသမီးများအပေါ် သက်ရောက်မှု
ကချင်ဒေသအတွင်း လူမှုကူညီရေးအဖွဲ့အစည်းတွေဖြစ်တဲ့ KWAT နဲ့ Kachin Backpack အဖွဲ့ ကျန်းမာရေးကဏ္ဍတွေ လိုက်လံကူညီပေးနေတဲ့ မြင်ကွင်း။
ကချင်ဒေသအတွင်း လူမှုကူညီရေးအဖွဲ့အစည်းတွေဖြစ်တဲ့ KWAT နဲ့ Kachin Backpack အဖွဲ့ ကျန်းမာရေးကဏ္ဍတွေ လိုက်လံကူညီပေးနေတဲ့ မြင်ကွင်း။

“နဂိုကတည်းက အကူအညီတွေ တုန်တုန်ရီရီနဲ့ဘဲ ရောက်လာတဲ့ကြားက ပြန်ရုပ်သိမ်းမယ်ဆိုတော့ ကျွန်မတို့ဒေသမှာ တွေးကြည့်ရုံနဲ့တင် သိရှိနိုင်လည်နိုင်မယ်လို့ထင်တယ် ဘယ်လောက်ထိ ခက်ခဲလာနိုင်တယ်ဆိုတာ” ကချင်အမျိုးသမီးအဖွဲ့ ထိုင်းနိုင်ငံ KWAT ပြောရေးဆိုခွင့်ရှိသူ ဆရာမ ဆန်ထွယ် (San Htoi) ပြောတာပါ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ၄၇ ကြိမ်မြောက် နိုင်ငံ သမ္မတ ပြန်ဖြစ်လာပြီးနောက် ပြည်ပနိုင်ငံတွေကို ထောက်ပံ့ပေးနေတဲ့ အကူအညီတွေကို ပြန်လည် သုံးသပ်ဖို့ ဇန်နဝါရီလ ၂၀ ရက်နေ့က ရပ်ဆိုင်းလိုက်ပြီးနောက် နောက်ဆက်တွဲ ကချင်ဒေသရှိ ကူညီထောက်ပံ့မှုများ လျော့နည်းလာမည့်အခြေအနေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ကူညီထောက်ပံ့မှု ပေးတဲ့အထဲ မြန်မာနိုင်ငံမှာလည်း လူငယ်တွေအတွက် ပညာသင်ဆု၊ စစ်ရှောင်တွေအတွက် ဆေးဝါးနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေလည်း ရရှိနေတာ ဖြစ်ပါတယ်။

ကချင်အမျိုးသမီးအဖွဲ့ KWAT က USAID အကူညီတိုက်ရိုက် မရှိသော်လည်း ရရှိတဲ့ အဖွဲ့အစည်းတွေနဲ့ စုဖွဲ့ပြီး အဓိကအားဖြင့် အမျိုးသမီးအခွင့်အရေး မြင့်တင်တဲ့လုပ်ငန်းတွေမှာ အသုံးပြုနေတာပါ။

အဲဒီထဲမှာ အိမ်နီးချင်း တရုတ်နိုင်ငံကို လူကုန်ကူးခံရသူများနဲ့ တရုတ်ဇနီးမယားအဖြစ် လိမ်လည်ခံရတဲ့ မြန်မာ အသက် ၁၅ နှစ်ကနေ ၅၅ နှစ်အရွယ် အမျိုးသမီးတွေကို ကာကွယ်တဲ့ လုပ်ငန်းစဉ်တွေ ပါဝင်ပါတယ်။

KWAT က သူတို့ကို စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုတွေပေးတဲ့အပြင် နယ်စပ် လက်နက်ကိုင်အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး လူကုန်ကူးမှု ပပျောက်ရေးအတွက် ကြိုးစားနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် လိင်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ အမျိုးသမီးတွေကိုလည်း လိုက်လံကူညီပေးနေတာ ဖြစ်ပါတယ်။

အမေရိကန် အစိုးရ ကူညီမှု ထပ်မရတော့ဘူးဆိုရင် ကချင်အမျိုးသမီးအဖွဲ့ KWAT လုပ်ဆောင်နေတဲ့ လူအခွင့်အရေး ချိုးဖောက်ခံရသူများကို ကာကွယ်မှု၊  စစ်ဘေးဒဏ်သင့်ပြည်သူတွေကို ကူညီပေးမှု နဲ့ လူကုန်ကူးခံရသူတွေကို ပေးတဲ့အကူအညီတွေ လျော့နည်းလာတော့မယ်လို့  KWAT က ပြောပါတယ်။

ဒါ့အပြင် USAID အကူအညီ နဲ့ ကချင်ပြည်နယ်က ပြည်သူတွေကို ကျန်းမာရေးကဏ္ဍမှာ ကူညီထောက်ပံ့နေတဲ့ ကချင်နယ်လှည့် ကျန်းမာရေးလုပ်သားအဖွဲ့ (Kachin Backpack) လုပ်ငန်းစဉ်တချို့လည်း ရပ်နားထားရပါတယ်။

ကချင်နယ်လှည့် ကျန်းမာရေးလုပ်သားအဖွဲ့ Kachin Backpack အဖွဲ့ကို ၂၀၁၉ နှစ်မှာ ဖွဲ့စည်းခဲ့ပြီး အဓိကအားဖြင့် အစိုးရ ဆေးရုံ၊ ဆေးခန်း လက်လှမ်းမမှီတဲ့ ဝေးလံခေါင်ပါး တောင်ပေါ်ဒေသတွေမှာ ကျန်းမာရေးဝန်ဆောင်မှု ပေးနေတာဖြစ်ပါတယ်။

USAID ထောက်ပံ့မှု ရပ်ဆိုင်းခြင်း နောက်ကွဲမှာ HIV ကူးစက်ရောဂါ နဲ့ တီဘီရောဂါကို Mobile Clinic အနေနဲ့ ကျန်းမာရေး ဝန်ဆောင်မှုပေးနေတဲ့ စီမံချက် နှစ်ခုကို ရပ်တန့်လိုက်ရတယ်လို့ Kachin Backpack တာဝန်ရှိသူက အခုလိုပြောပါတယ်။

“ခုလိုမျိုး NGO တွေ ရုပ်သိမ်းလာလို့ရှိရင်တော့ တစ်နေ့လုပ်တစ်နေ့စား လုပ်နေတဲ့ လူလတ်တန်းစားတွေအတွက်တော့ ဆေးဝါးထက် စားဖို့သောက်ဖို့ကိုဘဲ အဓိကထားရတဲ့အခြေအနေတွေ ဖြစ်လာတော့ အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ ဘက်ကိုတောင် ရောက်လာနိုင်တယ်” လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ ဆိုရင်လည်း စစ်ရှောင်စခန်းတွေမှာ သောက်သုံးရေနဲ့ သုံးရေ မသန့်ရှင်းမှုတွေကြောင့် အရေပြားရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေလည်း ဖြစ်ပျက်နေပြီး အရေပြားရောဂါ ဖြစ်တဲ့ သူတွေထဲမှာတော့ နို့တိုက်အရွယ် ကလေးသူငယ် ကနေ အသက် ၇၀ ကျော်အရွယ် သက်ကြီးရွယ်အိုတွေလည်း ပါဝင်တယ်လို့ စစ်ရှောင်ပြည်သူတွေက KNG ကို ပြောပါတယ်။

USAID အကူအညီသာ လုံးဝ ရပ်တန့်သွားရင် ကချင် ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ဒေသလို နေရာမျိုးမှာ အဲဒီဒေသတွေကို သက်ဆိုင်ရာ အစိုးရက ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို အရပ်ဘက်အဖွဲ့အစည်းတွေ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်သင့်တယ်လို့ Backpack က တောင်းဆိုပါတယ်။

ဒါ့အပြင် အရပ်သားပြည်သူတွေကို ကျန်းမာရေးဆိုင်ရာ ပညာပေးမှု ကို လူကိုယ်တိုင် နဲ့ လူမှု မီဒီယာ ပလက်ဖောင်း၊ ရေဒီယိုတွေမှာ ထုတ်လွှင့်ပါက ရောဂါ ကြိုတင်ကာကွယ်မှုအနေဖြင့် ဖြေရှင်းမှု တစ်ခုဖြစ်သွားလိမ့်မယ်လို့ သူက သုံးသပ်ပါတယ်။

သို့သော်လည်း ကချင်ပြည်နယ်တွင် ဆက်သွယ်ရေးလှိုင်းများ ပြတ်တောက်နေမှု နဲ့ လမ်းခရီးအခက်အခဲကြောင့် ထိုအစီစဉ်သည် ထိရောက်မှုအတွက် စိန်ခေါ်မှုရှိနေသည်ဟု သိရသည်။

ကချင် ကျေးလက် တောင်တန်းဒေသမှာ ယခင်ခေတ်အဆက်ဆက်ကတည်းက ဆေးဝါးအကူအညီသာ လိုအပ်နေတဲ့အတွက် ဆေးဝါး ပို့ဆောင်ပေးခြင်း၊ ကူညီမှုပေးခြင်း မပါဝင်ဘဲ အသိပညာပေးခြင်းတစ်ခုသာဆိုရင် ကျေးလက် ကျန်းမာရေး ထိရောက်မှာ မဟုတ်ဘူးလို့ မြစ်ကြီးနား မြို့ခံတွေက ပြောဆိုနေကြပါတယ်။

စစ်ကောင်စီတပ်က စစ်ရေးအရ ဆုံးရှုံးနေတဲ့ ကချင်ဒေသသို့ ဆေးဝါး အပြင် လောင်စာဆီ တင်ပို့မှုကိုပါ ကန့်သတ်ထားပါတယ်။

Most read this week

မြစ်ကြီးနား လေယာဉ်ကွင်း။ Photo - Crd
April 10, 2025
မန္တလေး – မြစ်ကြီးနား လေယာဥ်လက်မှတ်စျေး အဆမတန်မြင့်တက်နေပြီး ဝယ်ယူရလည်း ခက်ခဲတယ်လို့...
April 9, 2025
ကချင်ပြည်နယ် တနိုင်းလီဒိုလမ်းမပေါ်ရှိ  ဝါရာဇွပ်နဲ့ လဝါးကျေးရွာအနီး တိုက်ပွဲတွေကြောင့်...
ဖားကန့် သွားလမ်းမှာ ခရီးသွားယာဉ်တွေ ပိတ်ဆို့နေတဲ့အခြေအနေ (ပုံဟောင်း)
April 8, 2025
ကချင်ပြည်နယ် မြစ်ကြီးနား–တနိုင်း လီဒိုကားလမ်းပိုင်းမှာ KIA နှင့် မင်းဇေသန့်ပြည်သူ့စစ်တပ်တို့...
April 3, 2025
ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးအတွက် ရက်ပေါင်း ၂၀ ယာယီအပစ်ခတ်ရပ်ကြောင်း ကြေညာလိုက်တဲ့ စစ်ကောင်စီတပ်ဟာ...