ယင်းဆုံးဖြတ်ချက်ကို နိုဝင်ဘာ ၂၇ ရက်၌ မင်းတပ်မြို့နယ်ရှိ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP)၊ ချင်းတိုးတက်ရေးပါတီ (CPP) နှင့် ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD) ပါတီမှတာဝန်ရှိသူများနှင့် ချင်းပါတီပူးပေါင်းရေးကော်မီတီမှ တာဝန်ရှိသူများတွေ့ဆုံကြပြီး ၂၀၁၅ ရွေးကောက်ပွဲအလွန် ချင်းပါတီများပူးပေါင်းလာပြီးချင်းနိုင်ငံရေးပါတီတစ်ခုသာပေါ်ပေါက်ရေးအတွက် ယင်းကဲ့သို့ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။
“၂၀၁၀ ရွေးကောက်ပွဲအလွန် မှာ ချင်းပါတီနှစ်ခုပေါင်းမလိုလိုနဲ့ နောက်ထပ်ချင်းပါတီတစ်ခု CLD ထပ်ထွက်လာတယ်။ ချင်းတစ်ပါတီအဖြစ်ပူးပေါင်းရေးကိုကျွန်တော်တို့ဖြစ်စေချင်တယ်။ ဒီလိုမဟုတ် ဘဲချင်းပါတီတွေမပူးပေါင်းနိုင်ဘူးဆိုရင်တော့ မင်းတပ်မြို့ကနေ နောက်ထပ် ချင်းပါတီတစ်ခု ထပ်ထွက် လာနိုင်တယ်” ဟု အဆိုပါဆွေးနွေးပွဲသို့ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီဝင်အဖြစ်တက်ရောက်သူ ဦးရှယ်အောင် ကပြောသည်။
ယင်းအကြောင်းအရာနှင့် ပတ်သက်၍ချင်းဒီမိုကရေစီအဖွဲ့ချုပ် ပါတီအတွင်းရေးမှူးဆလိုင်းပီပီက အောက်ခြေပြည်သူလူထုများ၏ သဘောထားများဖော်ထုတ်ခြင်းဖြစ်ပြီးမိမိတို့ပါတီသည် မည်သည့် ချင်းပါတီနှင့်မဆို မူဝါဒနှင့် ရည်ရွယ်ချက်များတူညီရင် ပူးပေါင်းနိုင်ကြောင်း၊ ချင်းပါတီများ၏ မူဝါဒ နှင့်ရည်ရွယ်ချက်များသည်တစ်ရာတွင်ကိုးဆယ်ရာခိုင်နှုန်းတူညီကြကြောင်း၊ မိမိတို့သည် ချင်းပါတီ တစ်ခုပေါ်ပေါက်ရန်လိုလားသော်လည်းညှိနှိုင်းဆွေးနွေးမူကျဆုံးပြီးနောက် ချင်းဒီမိုကရေစီ အဖွဲ့ချုပ် ပါတီတွင် လာရောက်ပူး ပေါင်းနိုင်ရန်တည်ထောင်ခဲ့ခြင်းဖြစ်သည်ဟုပြောပြခဲ့သည်။
“ပူးပေါင်းရေးဆိုတဲ့ သူတို့ ရည် ရွယ်ချက်ကတော့မှန်ပါတယ်။ ဒါပေမဲ့တစ်ခုဘာရှိလဲဆိုရင်တော့ လုပ် ထုံး၊ လုပ်နည်းလွှဲနေတယ်။ လုပ်ထုံးလုပ်နည်းဆိုတာက ဥပမာဆိုကြပါစို့ အဲဒီကော်မတီကို ချင်းပါတီသုံးခုက သဘောတူပြီးတော့ Mandate ပေးတာလား။ Mandate ဆိုတာက အ မိန့်အခွင့်အာဏာလေ။ ကျွန်တော်တို့ ပူးပေါင်းရေးကော်မတီကို ချင်းပါတီ တွေကခင်ဗျားတို့ တက်ပါတယ်၊ ပြည်သူလူထုကလည်း ခင်ဗျားတို့ကို လေးစားပါတယ်၊ ချီးကျူးပါတယ်လို့ အကျိုးဆောင်ကော်မတီအနေနဲ့ Mandate ပေးသလား။ ဦးဆောင်ပါတယ်ဆိုတဲ့ ဦးနိုင်ထွန်းကပါတီဥက္ကတွေကို အစည်းအဝေးမခေါ်ခင် အကြောင်းကြားခွင့်ပြု ချက်ယူသင့်တယ်။ ဦး နိုင်ထွန်းက ပါတီတွေရဲ့ခေါင်းဆောင်မဟုတ်ဘူး”ဟု ချင်းတိုးတက်ရေး ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးရှိန်းထွန်းကတုံ့ပြန်ပြောကြားသည်။
အဆိုပါကိစ္စနှင့်ပက်သက်၍ချင်းအမျိုးသားဒီမိုကရေတစ်ပါတီမှခေါင်းဆောင်များကို အကြိမ်ကြိမ် ဖုန်းဆက်သော်လည်း ဖုန်းပိတ်ထားကြသည်။
၂၀၁၃ ခုနှစ်တွင် ချင်းပါတီနှစ်ခုဖြစ်သည့် ချင်းတိုးတက်ရေးပါတီနှင့် ချင်းအမျိုးသားပါတီ (ယခုချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ)တို့ ပူးပေါင်းရန်ညှိနှိုင်း ခဲ့ကြသော်လည်း အကြောင်းအမျိုး မျိုးကြောင့် ချင်းပါတီတစ်ခုအဖြစ်မပူးပေါင်းနိုင်ဘဲ ၂၀၁၄ ခုနှစ်တွင် နောက် ထပ်ချင်းပါတီသစ်တစ်ခု ဖြစ်သည့် ချင်းဒီမိုကရေစီအဖွဲ့ချုပ် ပါတီထပ်မံပေါ်ပေါက်လာခဲ့သည်ဟုသိရသည်။