မြန်မာပြည်၏ တစ်ဦးတည်းသော ဘုုရင်မကြီးစာအုပ်ကို ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ဦးချစ်ညွန့် (ဇင်ရတနာစာပေ)မှ ထုတ်ဝေဖြန့်ချိခဲ့ခြင်းဖြစ်ပြီး နောင်ဆက်လက်ဖြန့်ချိခြင်းမပြုရန် နိုဝင်ဘာ ၁၆ ရက်နေ့က မွန်သမိုင်းသုတေသနအဖွဲ့မှ ကန့်ကွက်စာ ပေးပို့ခဲ့ခြင်းဖြစ်သည်။
“စာရေးသူက ကလောင်ရှင် သန်းထွန်း (လှည်းကူး)အမည်ဘဲ ပါတယ်။ နေရပ်လိပ်စာ တိတိကျကျ မသိတော့ ပုံနှိပ်ထုတ်ဝေတဲ့ ပုံနှိပ်တိုက်ကိုပဲ ပေးပို့လိုက်တယ်။ နောက်ထပ် မထုတ်ဝေဖို့ပေါ့” ဟု မွန်သမိုင်းသုတေသနအဖွဲ့ နာယက နိုင်ပန်းအောင်က ဆိုသည်။
ထိုစာတမ်းတွင် ပါရှိသော စာမျက်နှာ ၃၅၊ ၃၉၊ ၄၁၊ ၄၂၊ ၄၉၊ ၆၁၊ ၆၂၊ ၁၈၆ တို့တွင် စုစုပေါင်း “တလိုင်း” ဟူသော အသုံးအနှုန်း (၁၁) လုံးပါရှိခဲ့သည်။
“တလိုင်း” ဟူသော ဝေါဟာရသည် သုဝဏ္ဏဘုမ္မိခေတ်တွင်လည်းကောင်း၊ ပါဒနိုင်ငံတော်ခေတ်တွင် လည်းကောင်း၊ ပထမ ဟံသာဝတီ ခေတ်နှင့် ဒုတိယ ဟံသာဝတီ ခေတ်တို့တွင်လည်းကောင်း သုံးစွဲခဲ့ခြင်း မရှိကြောင်း ၎င်းကန့်ကွက်စာတွင် ဖေါ်ပြထား သည်။
သို့သော် “တလိုင်း” ဝေါဟာရကို သူ့သျှင်တကာရွတ်ပိ၊ တပင်ရွှေထီး ဘုရင့်နောင်စစ်ပွဲ နောက်ပိုင်း နောက်ဆုံး ဟံသာဝတီမင်းခေတ်နှင့် အင်းဝခေတ်တို့တွင်သာ သုံးစွဲမှုရှိခဲ့သည်ဟု မွန်သမိုင်းသုတေသနအဖွဲ့က ဆိုသည်။
“တလိုင်း” ဟူသည်မှာ မွန်ဘာသာဖြင့် မိဘမျိုးရိုးမစစ် (မိဘအားဖျက်စီးသော သားသမီး)ဟု အဓိပ္ပါယ်ရှိ၍ မွန်ဆရာတော်များနှင့် မွန်ခေါင်းဆောင် အဆက်အဆက်တို့ ဆန့်ကျင်ကန့်ကွက်ခဲ့သည့် အထောက်အထားများတွေ့ရှိရသည်။
အဆိုပါ မွန်သမိုင်းသုတေသနအဖွဲ့ကန့်ကွက်စာတွင် ဖြန့်ချိရောင်းချနေခြင်းကို ချက်ချင်းရပ်တန့်ပေးရန်၊ ဝေါဟာရအသုံးအနှုန်း မှားယွင်းခဲ့ကြောင်းကို သတင်းစာ ဂျာနယ်များတွင် ဝန်ချတောင်းပန်ချက် ဖေါ်ပြပေးရန် တောင်းဆိုထားပြီး အကယ်၍ ယင်းတောင်းဆိုချက်များအား ဆောင်ရွက်ခဲ့ခြင်း မရှိသော် ဥပဒေအရ အရေးယူရန် သက်ဆိုင်ရာသို့ တင်ပြမည်ဖြစ်ကြောင်း ဖေါ်ပြပါရှိသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ အင်္ဂလိပ်အစိုးရလက်ထက်တွင် မွန်တို့အား ရည်ညွှန်း၍ “တလိုင်း”ဟု ခေါ်ဆိုရေးသားပြောဆိုမှုများ အား လုံးဝ(လုံးဝ) မပြုလုပ်ရန် အမိ်န့်ပြန်တမ်းများထုတ်ပြီး ဥပဒေဖြင့် တားမြစ်ခဲ့သည့် အထောက်အထားများ ရှိခဲ့ကြောင်း သိရသည်။