တိုင်ကြားခံရသူမှာ ရမ်းဗြဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ရွှေဖြစ်သည်ဟု သိရသည်။
“ရွေးကောက်ပွဲ မတိုင်ခင် ကြိုတင်မဲတွေ လိုက်ကောက်တဲ့အခါမှာ ကော်မရှင်အဖွဲ့ဝင်တွေရဲ့ ခွင့်ပြုချက်မရဘဲနဲ့ မဲစာအိပ်တွေမှာ သူ့တံဆိပ်တုံးနဲ့ ရိုက်နှိပ်တာနဲ့ ပတ်သက်ပြီး တိုင်ကြားတာဖြစ်ပါတယ်”ဟု ဦးသူရိန်ထွဋ္ဋ်က ရွေးကောက်ပွဲ သတင်းခန်းသုုိ့ ပြောသည်။
အဆိုပါတံဆိပ်တုံးမှာ ဦးကျော်ရွှေ ပဲခူးတိုင်းပညာရေးမှူးလုပ်ခဲ့စဉ်က အသုံးပြုခဲ့သည့် တံဆိပ်တုံးဖြစ်ကြောင်း၊ ၀န်ထမ်းမဟုတ်ဘဲ ခွင့်ပြုချက်မရဘဲ ဌာနဆိုင်ရာ တံဆိပ်တုံးကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ ရမ်းဗြဲမြို့နယ် ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြည်နယ်ကော်မရှင်ထံ တိုင်ထားခြင်းဖြစ်ပြီး ပြည်နယ်က ဆုံးဖြတ်ရမည်ဟု ဦးသူရိန်ထွဋ္ဋ်က ပြောသည်။
တရားမဝင် နိုင်ငံတော်တံဆိပ်တုံး အသုံးပြုမှုဖြင့် ရဲစခန်းတွင် တိုင်တန်းဖြေရှင်းရန်လည်း ပြည်နယ်ကော်မရှင်က မြို့နယ်ကော်မရှင်သို့ ညွှန်ကြားထားသည်ဟု သိရသည်။
ရွေးကောက်ပွဲနှင့် ပတ်သက်၍ အခြားတိုင်တန်းထားမှုများရှိသော်လည်း ကော်မရှင်ရုံးသို့ တိုင်ကြားထားခြင်း မဟုတ်ဘဲ ရဲစခန်းသို့သာ တိုင်တန်းထားခြင်းဖြစ်သည်ဟု သိရသည်။