ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကိုယ်စားလှယ်အဖြစ် လားဟူတိုင်းရင်းသားအများစုနေထိုင်သည့်မိုင်းတုံ မဲဆန္ဒနယ်မှဝင်ရောက်ယှဉ်ပြိုင်မည့်၁၉၉၀ပြည့်နှစ်ရွေးကောက်ပွဲ၌အနိုင်ရရှိခဲ့သောလွှတ်တော်အမတ်ဦးကျော်ခင်နှင့်တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။ ။ အဘအနေနဲ့၁၉၉၀တုန်းက တောင်ကြီးကနေအနိုင်ရရှိခဲ့ပြီးအခုရွေးကောက်ပွဲမှာကျတော့မိုင်းတုံကနေဝင်ရောက် သွားရတာဘာကြောင့်ပါလဲ။
ဖြေ။ ။ ကျော်ခင်အနေနဲ့ ပါတီအတွက်လုပ်တဲ့နေရာမှာဘယ်နေရာမှရယ်လို့စောဒကတက်စရာမလိုဘူး။ တောင်ကြီးအတွက် ကျော် ခင်မပါဘူးနော်။ ဒီတော့ဘာလုပ်မလဲ။ မရှိတဲ့နေရာလိုအပ်နေတဲ့နေရာကိုသွားလိုက်တယ်။ ဒါပါပဲ။
မေး။ ။ ဟုတ်ကဲ့အဘရှမ်းပြည်နယ်မှာ NLDပါ တီအပေါ်လူထုရဲ့ထောက်ခံမှုကိုကော အဘ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ NLD ကိုထောက်ခံခြင်းမထောက်ခံခြင်းပြောနေတာမဟုတ်ဘူး။ လူထုကလဲ ဒီကနေ့ ရှင်းရှင်းပြောရင် ဘာလုပ်ရမလဲ စဉ်းစားလိုက်တဲ့အချိန်လိုဆိုရမယ်။ အရင်အတိုင်းကဒေါ်စုကိုအားပေးမယ်ပေါ့။ရွေးကောက်ပွဲနီးလာတော့လူတွေက နည်းနည်း ဇဝေဇဝါဖြစ်တာပေါ့။ အဲဒီအခါကျတော့ ဘာလုပ်ရမလဲဆိုတာစဉ်းစားပြီး လူကိုမပေးနဲ့တော့ NLDပါတီကိုပဲ မဲပေးတော့ဆိုပြီးတော့ဇောင်းပေးလိုက်တယ်။
ကျွန်တောတို့ကိုု မဲပေးပါလို့မပြောနဲ့ ပါတီကိုမဲပေးပါလို့ပြောပါ။ ပါတီအနိုင်ရမှ အစိုးရဖွဲ့နိုင်မယ်။ အခြေခံဥပဒေကို ပြင်နိုင်မယ်။ ပြီးတော့ NLD ရဲ့ မဟာဗျူဟာဖြစ်တဲ့ ဒီမိုကရေစီစံနှုန်းနဲ့ကိုက်ညီတဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးကို လုပ်နိုင်မယ်။
ဒါကြောင့် ကျွန်တော့ ကိုမဲပေးပါ။ ဦးကျော်ခင်ကိုမဲပေးပါလို့မပြောပါနဲ့၊ NLDပါတီကိုသာမဲပေးပါလို့သာပြောပါတယ်။ အဘတို့က လူပုဂ္ဂိုလ်ကို မဲပေးပါလို့မပြောဘူး။ NLDကိုမဲပေးပါလို့ပဲ ပြောတယ်။ ပြောင်းလဲချိန်တန်ပြီ ပြောင်းလဲဖို့ဆိုရင် NLD ကိုမဲပေးပါပေါ့။ အပြောင်းအလဲ တစ်ခုဖြစ်ဖို့လိုနေပြီ ဆိုတာကိုသိပြီး အပြောင်းအလဲဖြစ်ဖို့ဆိုရင် ဘယ်ပါတီဖြစ်နိုင်လဲ စဉ်းစားနိုင်တဲ့ တိုင်းရင်း သားတွေကတွေးပြီး မဲပေးမှာပဲ။
မေး။ ။ မိုင်းတုံမှာ ဝင်ပြိုင်ကြမဲ့ ပါတီတွေထဲက ဘယ်ပါတီက NLD ရဲ့ အဓိကပြိုင်ဘက်ဖြစ်မလဲ။
ဖြေ။ ။ မိုင်းတုံမှာ ကျားခေါင်းကော ကျားဖြူကောပြိုင်မယ်၊ တစညနဲ့ ပြည်ခိုင်ဖြိုးလဲပြိုင်မယ်ဆိုတော့ NLDပါပါရင် ၅ပါတီရှိ မယ်။ အဘတို့အတွက် ဘယ်ပါတီကမှ ပြိုင်ဘက်မုတ်ပါဘူး။ အဲလိုမစဉ်းစားဘူး၊ NLD ကိုမဲထည့်ပါပဲပြောတယ်။ နိုင်င်မယ် မနိုင်ဘူးမပြောဘူး။ ကျွန်တော်တို့လုပ်နိုင်တာက ဘာလဲ။ ဖယ်ဒရယ်ပြည်ထောင်စုကိုအာမခံတာပဲ။
မေး။ ။ အဘအနေနဲ့ တိုင်းရင်းသားဒေသတစ်ခုရဲ့ ကိုယ်စားလှယ်အဖြစ်် သူတို့တွေကို ဘာလုပ်ပေးနိုင်မယ်လို့ ကတိပေးခဲ့ သလဲ။
ဖြေ။ ။ မိုင်းတုံမှာ CEC တစ်ယောက်အနေနဲ့ ၅ကြိမ်တိုင်ဆင်းခဲ့ရတယ်။ ဦးကျော်ခင်အနေနဲ့ဘာလုပ်ပေးမယ်မပြောနိုင်ဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ငွေမပေးနိုင်ဘူး။ ဘာမှမလုပ်ပေးနိုင်သေးဘူး။ စစ်မှန်သောဖယ်ဒရယ်ပြည်ထောင်စု ဖြစ်အောင်မဖြစ်မနေလုပ်မယ်ဆိုတာကိုပဲအကောင်အထည်ဖော်မယ်ပဲ။ ဒါကြောင့် အဘတို့ပါတီကို မဲပေးပါ။ ဒါအဘတို့ တိုင်းရင်းသားတွေကိုပေးတဲ့ ကတိပဲ။
မေး။ ။ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို အာမခံတယ်ဆိုတော့ ဘယ်လိုဖယ်ဒရယ်မျိုးကို အာမခံတာလဲ။
ဖြေ။ ။နိုင်ငံရေးသမား တစ်ယောက်က ပြောခွင့်ရှိတဲ့ အနေအထားနဲ့ လုပ်ရမယ်။ အဖွဲ့ချုပ်ရဲ့မူဝါဒကလည်း စစ်မှန်သော ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုကို တည်ထောင်ချင်တာပဲ။ အခုမှပြောတာမဟုတ်ဘူး။ အဖွဲ့ချုပ်တည်ထောင်ကတည်းက ပြောခဲ့တာ နိုင်ငံသားတိုင်း ပါဝင်နိုင်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို ပြောတာ။ စစ်တပ်ပါစရာ အကြောင်းကိုမရှိဘူး။ ဖွဲ့စည်းအုပ်ချုပ်ပုံမှာလဲ ထည့်ရေးစရာအကြောင်း မရှိတော့ဘူး။ အများသဘောတူညီချက် အရပဲဖြစ်ရမယ်။ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုဖြစ်ရင် ပြည်တွင်း ငြိမ်းချမ်းရေး ရဖို့နီးမယ်။ အဘတို့တော့ ညှိနှိုင်းဆွေးနွေးပြီးပဲ လုပ်မယ်။ ဖယ်ဒရယ် ပြည်ထောင်စု လုပ်လိုက်တာနဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို စဉ်းစားလေ တပ်မတော်က ဖယ်ဒရယ်စနစ်ထဲမှာ ဘယ်လို သြဇာနဲ့မှဝင်လို့မရတော့ဘူး။
မေး။ ။ ဒါဆိုရင် ရှမ်း၂ပါတီညှိလို့မရနိုင်သေးတဲ့ ဖယ်ဒရယ်စနစ်အပေါ်ကော အဘ ဘယ်လိုပြောချင်ပါသလဲ။
ဖြေ။ ။ အဲဒါ အဘတို့နဲ့မဆိုင်ဘူး။ ဖယ်ဒရယ်မှာ ကွဲတာလား၊သူတို့အချင်းချင်းကွဲတာလား။ ဖယ်ဒရယ်နဲ့မဆိုင်ဘူး။ ဖယ်ဒရယ်ပြည်ထောင်စုဖြစ်မှတော့ ကွဲစရာအကြောင်းမရှိဘူး။ ဘာကွဲမလဲအိုင်ဒီယာပဲကွဲမယ်။ ဖယ်ဒရယ်စနစ်လေ စစ်တပ်သြဇာပေးဖို့ နေရာမရှိတော့ဘူး၊ တိုင်းရင်းသားတွေဟာ ဖယ်ဒရယ်ကိုအကြောင်း ပြပြီးမှ ဒီကနေ့ လက်နက်ကိုင်နေတာ။
တပ်မတော်သြဇာကိုသူတို့ counterလုပ်ချင်လို့ သူတို့လက်နက်ကိုင်နေတာ။ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု လုပ်မှတော့ စစ်သားဘယ်မှာ သြဇာလွှမ်းလို့ရမလဲ ။၂၅%ရှိစရာဘာအကြောင်းရှိမှာတုန်း။ တိုင်းရင်းသားတွေနဲ့ ခွဲတမ်းစပ်လို့ မရတော့ဘူး။
မေး။ ။ အဘအနေနဲ့ မဲဆွယ်စည်းရုံးတဲ့နေရာမှာဘယ်လိုပြင်ဆင်စည်းရုံးနေပါသလဲ။
ဖြေ။ ။ အခု အဘ ဘာလုပ်နေလဲကြည့် ဒီဂျာနယ်တွေကိုကြည့်ဒေါ်အောင်ဆန်းစုကြည်ပုံပါတယ်။ ဒါကို ခွပ်ဒေါင်းပါတီ တံဆိပ်နဲ့တွဲပြီးဒီဂျာနယ်အထုတ်တွေ မိုင်းတုံပို့နေတယ်။ ဘာလို့လဲဆိုတော့ အဘတို့တစ်နိုင်ငံလုံး အနေနဲ့စစ်တမ်း ကောက်ကြည့်တယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ခေါင်းဆောင် ဆိုတာမသိဘူး။ ခွပ်ဒေါင်း တံဆိပ် ခေါင်းဆောင်ဆိုမသိဘူး။ ဗိုလ်ချုပ်သမီးပဲ သိတာပေါ့လို့ပဲဖြေတယ်။ ဒီတော့ဒီနှစ်ခုကို တွဲသိအောင်လုပ်ရတယ်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ခွပ်ဒေါင်းပါတီဆိုပြီး ဒီတံဆိပ်နီတွေ ရိုက်ရတယ်။ မြန်မာနိုင်ငံက ပြည်သူလူထုကို အဲလို တိုက်ရိုက်ပေးရတဲ့ အခြေအနေ မဟုတ်ဘူးလား။
မေး။ ။ NLD အနေနဲ့ မဲအပြတ်နိုင်ခဲ့ရင် သမ္မတ နေရာအတွက် ရည်စူးထားပြီးသားလား။ ဒါကို အောက်ခြေပါတီဝင်တွေကလဲ သိချင်နေကြတယ်။ ဘယ်သူဖြစ်နိုင်သလဲ။
ဖြေ။ ။ ၅၉(စ)နဲ့ ၄၃၆ပြင်ဆင်ရေးမှာ မအောင်မြင်ခဲ့ဘူး။ ဒီတော့ NLD မှာ ဒေါ်အောင်ဆန်းစုကြည်သမ္မတမဖြစ်နိုင်တော့ဘူး။ NLD ဘာလုပ်မလဲ။ ၂၀၁၅ ရွေးကောက်ပွဲကို နိုင်ပြီဆိုလို့ ဒေါ်အောင်ဆန်းစုကြည်သမ္မတမဖြစ်နိုင်ဘူးဆိုရင် စောစောက ရွေးကောက်ပွဲဝင်ဖို့ ကိုယ်စားလှယ်လောင်းတွေ လာကြပါလို့ဖိတ်ခေါ်ထားတာက အကျံုးဝင်မသွားနိုင်ဘူးလား။ ဘယ်သူလို့ဘာမှ ပြောမရသေးဘူး။
မေး။ ။ အဘအနေနဲ့ ဖြည့်စွက်ပြောစရာရှိရင်ပြောပါဦး။
ဖြေ။ ။ အစိုးရကကြီးကြပ်ပြီး ဖက်ဒရယ်စနစ်ကို လက်ခံလား ။လက်မခံဘူးလားဆိုတာကို လူတိုင်းနိုင်ငံသားတိုင်းအတွက် ဆန္ဒခံယူပွဲလုပ်သင့်တယ်။ လူထုကဖယ်ဒရယ်ပြည်ထောင်စုစနစ်ကိုကြိုက်ပါတယ်လို့အများစုကဖြေရင် အဲဒါကို အကောင်အထည်ဖော်ရမယ်။ NLD အနိုင်ရရင် အဲဒါကိုလုပ်မယ်။ ဖယ်ဒရယ်ပြည်ထောင်စုကိုကြိုက်လား မကြိုက်လား တစ်နိုင်ငံလုံးဆန္ဒခံယူပွဲလုပ်မယ်။ဒီလိုသွားမှာ။ဖယ်ဒရယ်သွားဖို့ NLDကအစိုးရဖြစ်ဖို့လိုတယ်လို့ ဒါကြောင့် ပြောနေခြင်း ဖြစ်တယ်။ အားလုံးသဘောတူပြီးတည်ထောင်ထားရင်တိုင်းရင်းသားအားလုံးရဲ့အခွင့်အရေးတန်းတူဖြစ်ဖို့အာမခံရမယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကိုအာမခံရမယ်။ဥပဒေကမည်သို့ပင်ရှိသော်လည်းဆိုပြီးမရတော့ဘူး။ ဒီစနစ်က သာလျှင် ရေရှည်ငြိမ်းချမ်းရေးရမယ်လို့မြင်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဘတို့ထပ်တူမြင်တယ်။
မိုင်းတုံမဲဆန္ဒနယ်၌ လားဟူတိုင်းရင်းသားအများစုနေထိုင်ပြီး ယခင်ရွေးကောက်ပွဲကျင်းပစဉ်က ဝ တိုင်းရင်းသားများ မပါဝင်ခဲ့သော်လည်းယခုရွေးကောက်ပွဲတွင်မူ ဝတိုင်းရင်းသားများက ဝင်ရောက်မယှဉ်ပြိုင်သော်လည်း မဲထည့်မည်ဆို သည့်အတွက်ဝတိုင်းရင်းသားများ၏မဲဆန္ဒနယ်တွင်မဲရုံ၁၀ရုံတိုးလာကြောင်းသိရသည်။ မိုင်းတုံမဲဆန္ဒနယ်၌ ပြည်ခိုင်ဖြိုးပါတီ၊ NLDပါတီ၊ ရှမ်း၂ပါတီနှင့် တစညပါတီ တို့ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။