ပလက်ဝတစ်မြို့နယ်လုံးတွင် အုပ်စု ၉၆ ခု၊ အိမ်ခြေ - ၁၉၄၁၂ ခု၊ လူဦးရေ စုစုပေါင်း ၉၇၅၉၃ ဦးရှိသည့်အနက် ပလက်ဝမြို့ပေါ်တွင် အိမ်ခြေ - ၁၂၁၉ ခု၊ လူဦးရေစုစုပေါင်း - ၆၂၀၁ ဦးရှိရာ မဲပေးပိုင်ခွင့်ရှိသူ လူဦးရေ ၄၀၀၀ ကျော်ခန့်ရှိသည်။
“အမတ်လောင်းတွေက နယ်ကိုသွားပြီး စည်းရုံးရေးတွေလုပ်ကြတယ်။ မဲဆွယ်ကြတယ်။ အဓိကလူဦးရေများတဲ့ ပလက်ဝမြို့ပေါ်မှာကျတော့ မလုပ်ကြဘူး။ ဘယ်ပါတီကမှ ဟောပြော ပွဲလုပ်တာတွေ မရှိကြဘူး။ အဲဒီတော့ မဲဆန္ဒရှင်တွေက ဘယ်သူ့ကို မဲထည့်ရကောင်းမှန်း မသိကြသေးဘူးဖြစ်နေတယ်” ဟု ခူမီးလူငယ် အိုက်ကျော်အောင်က ပြောသည်။
ပလက်ဝမြို့နယ်တစ်မြို့နယ်လုံးအတိုင်းအတာတွင် မဲပေးပိုင်ခွင့်ရှိသူ ခြောက်သောင်း ခန့်သာရှိမည်ဖြစ်သော်လည်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီပေါင်း ၁၀ခုနှင့် တစ်သီးပုဂ္ဂလတစ်ဦး ယှဉ်ပြိုင်ကြရာ အမတ်လောင်း ၃၈ ဦးရှိသည်။ လိုအပ်သည်ထက် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်သော ချင်းပါတီ အရေးအတွက် များပြားနေကြောင်း ဒေသခံ ဦးမိန်းငှါ မှပြောသည်။
“ချင်းပါတီတွေ အရမ်းများနေတယ်။ ဘယ်သူ့ကို မဲပေးရမှန်းတောင်မသိတော့ဘူး။ နောက်ပြီး မဲဆွယ်စည်းရုံးတဲ့ပုံလည်း သူ့အမျိုး၊ ကိုယ့်အမျိုးနဲ့ စည်းရုံးနေတော့ ရလဒ်မကောင်းမှာကို စိုးရိမ်မိပါတယ်” ဟု ၎င်းက ဆိုသည်။
လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနေဖြင့် နိုဝင်ဘာ ၈ရက် တွင်ကျင်းပမည့် ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး အင်တိုက်အားတိုက် မဲဆွယ်စည်းရုံးမှုများ လုပ်ဆောင်နေသော်လည်း ယနေ့ထိတိုင် လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်းတွင် မည်သူမည်ဝါ ပါဝင်သည်ကိုပင် မသိရှိရသေးသော မဲဆန္ဒရှင်ပြည်သူများရှိနေသေးကြောင်း သိရသည်။