ပထမအကြိမ်မဲစာရင်းသည် အိမ်ထောင်စုဦးစီး အမည် တွေ့ပါက တစ်မိသားစုလုံး ရှာရန်မလိုဘဲ အစဉ်လိုက်ရှိခဲ့ပြီး ဒုတိယအကြိမ်မဲစာရင်းသည် မိသားစုအစဉ်လိုက် မဟုတ်တော့ဘဲ အက္ခရာအစဉ်လိုက် ဖြစ်သောကြောင့် မြန်မာစာ မတတ ်သောဒေသခံ ပြည်သူများ အတွက် အချိန်ပေးလာရောက်ကြည့်ရှုရန် အခက်ခဲရှိသည်ဟု သိရသည်။
နမ္မတူမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် (၂) ကိုယ်စားလှယ်လောင်း ဦးစိုင်းဆိုင်မိန်းက “ပထမအကြိမ်တုန်းက အဖေနာမည်တွေ့ရင် မိသားစု အစဉ်လိုက် အားလုံးရှာရလွယ်ကူပါတယ်။ ဒုတိယအကြိမ်မှာတော့ အက္ခရာ အစဉ်လိုက်ဖြစ်တော့ စ၊ လယ်၊ ဆုံး ကြည့်ရတယ် စာတတ်တဲ့သူတွေအတွက်မခက်ခဲ မရှိဘူး။ စာမတတ်တဲ့ သူူတွေ ကျတော့ လာကြည့်ဖို့အချိန် မပေးနိုင်ကြဘူး” ဟု ပြောသည်။
ပြည်သူများ မဲစာရင်းစိတ်ဝင်စားမှုအားနည်းသည်မှာ မြန်မာနိုင်ငံသည် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အတွေ့အကြံု အားနည်းနေခြင်း၊ ပြည်သူများ ဆင်းရဲမွဲတေမှု၊ စားဝတ်နေရေးခက်ခဲမှုများအတွက် ရုန်းကန် နေရသောကြောင့် တိုင်းပြည် တိုးတက်ပြောင်းလဲရေးကို စိတ်ဝင်စားမှုအားနည်းခြင်း ဖြစ်ပြီး ကျေးလက်ပြည်သူများသည် ရွေးကောက်ပွဲ အသိပညာအား နည်းခြင်းနှင့် မဲစာရင်းမှားပါက မည်သို့မည်ပုံလျှောက်ရမည်ကိို မသိနားမလည်ခြင်းတို့ကြောင့် ဖြစ်သည်။
“ရှမ်း/မြောက်မှာ တိုင်းရင်းသားပေါင်းစုံ ရှိတယ် မြန်မာစာမတတ်ကြတော့ ဒီမဲစာရင်းကို သွားကြည့်ဖို့ အင်မတန်ခက်ခဲတယ် မဲထည့်နိုင်အောင် လျှောက်ပုံလျှောက်နည်းအဆင့်ဆင့် နားမလည်ဘူး စိတ်ဝင်စားမှု မရှိခဲ့ကြဘူး။ မဲစာရင်း သွားကြည့်တဲ့ အခါ မှာလည်း တစ်မိသားစုလုံးက တစ်မနက်လုံးအချိန်ကုန်တယ် သူတို့မှာ အဲလိုအချိန်မပေးနိုင်ဘူး။ သူတို့ရဲ့ စားဝတ် နေ ရေးလည်း ရှိတာကိုုး” ဟု ရှမ်းမြောက်ဒေသ ရွေးကောက်ပွဲသတင်း ရေးသူ သတင်းသမား ကိုတင်ဦးက သုံးသပ်ပြောဆိုခဲ့သည်။
နမ့်ဆီလင်းရွာဒေသခံ ဦးအိုက်ထွမ်းက မဲစာရင်းကြေညာသည့်အပေါ် ၎င်း၏စိတ်ဝင်စားပုံကို “မဲစာရင်းကြော်ညာတာလဲ မသိ ဘယ်နှစ်ကြိမ်လည်းမသိ သွားလည်းမကြည့်ရသေးဘူး ရွာသူကြီး တောင်မသိဘူး” ဟု ပြောပြပါသည်။
နမ္မတူမြို့နယ် ပန်လုံအုပ်စု နမ့်ဆီလင်းရွာတွင် ဒုတိယအကြိမ်မဲစာရင်း ကြေငြာခဲ့သော်လည်း ရွာသူကြီးကိုယ်တိုင် မသိရှိခဲ့ရသဖြင့် သွားမကြည့်ရသေးကြောင်း မည်သူမျှလာရောက်အသိပေးခြင်း တိုက်တွန်းခြင်းမရှိဟုလည်း သိရသည်။
ရွေးကောက်ပွဲကော်မရှင်က ပထမအကြိမ် မဲစာရင်းများကို ဇူလိုင်လကုန် တွင် ကြေငြာခဲ့ပြီး ဒုတိယအကြိမ် မဲစာရင်းကို စက်တင်ဘာ ၁၄ ရက်မှ ၂၇ ရက် အထိ ထုတ်ပြန်ကြေငြာပေးခဲ့သည်။ နှစ်ကြိမ်တိုင် မဲစာရင်းများကို ထုတ်ပြန်ခဲ့သော်လည်း ပြည်နယ်တိုင်းဒေသများတွင် မဲစာရင်းမှားနေဆဲဖြစ်ကြောင်း မီဒီယာများမှ ဖေါ်ပြခဲ့သည်။